သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုင်ယာမီက မယ်စကြဝဠာရွေးပွဲ


သျှားထွဋ်အိန္ဒြာ (ဝတ်စုံပြာနှင့်အလယ်မှာရှိသူ) ဓာတ်ပုံ- ဦးရော်နီညိမ်း
သျှားထွဋ်အိန္ဒြာ (ဝတ်စုံပြာနှင့်အလယ်မှာရှိသူ) ဓာတ်ပုံ- ဦးရော်နီညိမ်း

အမေရိကန်အရှေ့တောင်ဘက်ခြမ်း၊ မိုင်ယာမီမှာ ကျင်းပနေတဲ့ Miss Universe - မယ်စကြဝဠာပြိုင်ပွဲ နောက်ဆုံးအခြေအနေကို သိရအောင် အဲဒီနေရာကို ရောက်ရှိ သတင်းယူနေတဲ့ ဗွီအိုအေက မအင်ကြင်းနိုင်ကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ မအင်ကြင်းခင်ဗျ၊ ဇန်နဝါရီ (၂၅) ရက်၊ တနင်္ဂနွေနေ့ အမေရိကန်စံတော်ချိန် မနက်ဖြန်ဆိုလို့ရှိရင် ၆၃ ကြိမ်မြောက် မယ်စကြာဝဠာကို နောက်ဆုံး ဆန်ခါတင်ရွေးချယ်မှာဆိုတော့ ဒီပွဲကျင်းပနေတဲ့ အဲဒီ မိုင်ယာမီက ဒီကနေ့ အကြိုနေ့ မြင်ကွင်းအခြေအနေလေးတွေ ပြောပြပေးပါအုံးခင်ဗျ။

ဖြေ။ ။ ဟုတ်ကဲ့၊ အခု ဒီ နောက်ဆုံးပြိုင်ပွဲအတွက်ပေါ့နော်။ နိုင်ငံပေါင်းစုံ (၈၈) နိုင်ငံက အလှမယ်တွေက အစမ်းလေ့ကျင့်နေကြပါတယ်။ အလှမယ်တွေအနေနဲ့ ဘယ်လိုလျှောက်ရမလဲ၊ ဘယ်လို ကိုယ်နေဟန် ထားရမလဲဆိုတာတွေပေါ့လေ၊ သူတို့ အသေးစိတ် လေ့ကျင့်နေကြပါတယ်။ နောက်ပြီးတော့ ဒီနေ့မှာ မယ်စကြာဝဠာပြိုင်ပွဲအတွက် စပွန်ဆာပေးတဲ့ အထူးသဖြင့် ဆံပင်ကိုပြင်ဆင်ပေးတဲ့ CHI ကုမ္ပဏီကနေပြီးတော့ အလှမယ်တွေ ဆံပင်ပုံစံ ဘယ်လိုထားသင့်တယ်ဆိုတာကို မီဒီယာတွေကိုလည်း သူတို့ ရှင်းပြပါတယ်။ အမှတ်ပေးဒိုင်လူကြီးထဲမှာ ကမ္ဘာ့လက်ဝှေ့ကျော် Manny Pacquiao သူကလည်း ဒိုင်အနေနဲ့လုပ်နေတယ်။ နောက်ပြီးတော့ ဖက်ရှင်မှာ နာမည်ကြီးတဲ့ Kristin Caveleri ၊ နောက်ပြီးတော့ ရုပ်ရှင်မင်းသား William Levy ကလည်း ပါဝင်မှာပါ။ ဖျော်ဖြေမယ့်အဆိုတော်တွေထဲမှာတော့ Nick Jones တို့၊ Gavin Degraw - တို့လည်း ပါဝင်ပြီးတော့ သီဆို ဖျော်ဖြေမှာဖြစ်ပါတယ်ရှင့်။

မေး။ ။ ဟုတ်ကဲ့ခင်ဗျ။ မြန်မာပြည်ကို ကိုယ်စားပြု ဝင်ပြိုင်တဲ့ မသျှားထွဋ်အိန္ဒြာကရော နောက်ဆုံးပြိုင်ပွဲ အတွက် ဘယ်လောက်ထိ မျှော်လင့်ယုံကြည်မှုရှိနေတာ တွေ့ရလဲခင်ဗျ။

ဖြေ။ ။ သျှားထွဋ်အိန္ဒြာကတော့ သူကတော့ အကောင်းဆုံးဖြစ်အောင်ပြင်ဆင်ပြီးတော့ ယှဉ်ပြိုင်နေပါတယ်။ ဒါပေမယ့် တဘက်မှာကျတော့လည်း တခြားနိုင်ငံက ဝင်ယှဉ်ပြိုင်နေတဲ့အလှမယ်တွေရဲ့ ခန္ဓာကိုယ် အချိုးအစားတွေကကျတော့ တော်တော်လေးတော့ ကွာတာတွေ့ရပါတယ်။ ဗင်နီဇွဲလားတို့၊ မက္ကဆီကိုတို့ နောက် even ထိုင်းနိုင်ငံ၊ နောက် ဖိလစ်ပင်း၊ အဲဒီကနိုင်ငံတွေက သူတို့အလှမယ်တွေရဲ့ ခန္ဓာကိုယ် အချိုးအစားနဲ့ယှဉ်ရင်တော့ နည်းနည်းကွာတယ်လို့တော့ ပြောလို့ရတယ်။ ဒါပေမယ့် သျှားထွဋ်ကတော့ သူ အတတ်နိုင်ဆုံး ကြိုးစားနေတာ တွေ့ရပါတယ်ရှင့်။ နောက်တချက်က မြန်မာနိုင်ငံအနေနဲ့လည်း အရင်တုန်းက ကမ္ဘာ့ မယ်စကြဝဠာပြိုင်ပွဲမှာ ပါဝင်မှုကလည်း ၁၉၅၉ ခုနှစ်ကဆိုရင် ဒေါ်သန်းသန်းအေးပေါ့နော်၊ အခု ဖလော်ရီဒါ၊ မိုင်ယာမီနဲ့မဝေးတဲ့ အော်ရီလန်းဒိုးမှာ နေထိုင်နေပါတယ်။ ၁၉၆၀ တုန်းကတော့ ဒေါ်မြင့်မြင့်မေပါ၊ သူကတော့ ကမ္ဘာ့မယ်စကြဝဠာပြိုင်ပွဲမှာ Miss Congeniality ဆုကို ရရှိခဲ့ပါတယ်။ နောက်ပြီးတော့ ၁၉၆၁ ခုနှစ်မှာတော့ ဒေါ်မြင့်မြင့်ခင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တယ်။ ၂၀၁၃ ခုနှစ်မှာ မိုးစက်ဝိုင်ပေါ့နော်၊ အခု ၂၀၁၄ ခုနှစ်အတွက်ကျတော့ သျှားထွဋ်အိန္ဒြာ ပါဝင်ယှဉ်ပြိုင်နေပါတယ်ရှင့်။

မေး။ ။ ပြိုင်ပွဲဝင်နေတဲ့ သျှားထွဋ်အိန္ဒြာအတွက် လာရောက်အားပေးကြတဲ့ မြန်မာပရိသတ် အခြေအနေရော ဘယ်လို တွေ့ရပါသလဲ။

ဖြေ။ ။ ဟုတ်ကဲ့၊ မိုင်ယာမီမှာရှိတဲ့ မြန်မာမိသားစုတွေကတော့ မြန်မာနိုင်ငံကိုယ်စားပြုတဲ့အလံကိုင်ပြီး သူတို့ အားပေးဖို့၊ နောက်ပြီးတော့ သျှားထွဋ်အိန္ဒြာကို သူတို့ ဝိုင်းပြီးတော့ တက်ညီလက်ညီနဲ့အားပေးနိုင်ဖို့၊ စုစုစည်းစည်းနဲ့ ဆောင်ရွက်နေတာ၊ စီစဉ်နေတာတွေလည်း တွေ့ရပါတယ်ရှင့်။

မေး။ ။ နောက်ဆုံးအခြေအနေတွေကိုလည်း ကျနော်တို့ကို ထပ်ပြီး ပြောပြပေးပါအုံးနော်။

ဖြေ။ ။ ဟုတ်ကဲ့ ကိုဉာဏ်ဝင်းအောင်ရေ၊ အခု Miss Myanmar Universe နဲ့ ဗွီအိုအေက တွေ့ဆုံတဲ့အခါမှာ သူ ပြိုင်ပွဲ ခနနားတုန်းပေါ့နော် - ဗွီအိုအေကတွေ့ခွင့်ရပါတယ်။ အဲဒီအချိန်မှာ သူပြောတာကတော့ - ဒီလိုပါရှင့်။

သျှားထွဋ်အိန္ဒြာ။ ။ စိတ်လှုပ်ရှားတယ်ဆိုတာတော့ အနည်းငယ်တော့ ရှိပါတယ်။ ဒါပေမယ့် အများကြီးတော့ စိတ်လှုပ်မရှားပါဘူး။ ဒီပြိုင်ပွဲအပေါ်မှာပဲ အာရုံစိုက်ထားပြီးတော့ အကောင်းဆုံးလုပ်သွားမယ်လို့ ယုံကြည်တယ်။ ပြီးတော့ သမီးကို ဒီလိုမျိုးအားပေးနေတဲ့ - ပရိသတ်ကြီးအတွက် ကျေးဇူးဆပ်နိုင်လိမ့်မယ်လို့လည်း ယုံကြည်ထားပါတယ်ရှင့်။

မေး။ ။ ဟုတ်ကဲ့၊ ကျေးဇူးပါ မအင်ကြင်းခင်ဗျား။

ဖြေ။ ။ ကျမ မယ်စကြဝဠာပြိုင်ပွဲရဲ့နောက်ဆုံးနေ့ပေါ့နော်၊ အဲဒါနဲ့ပတ်သက်ပြီးတော့လည်း ဆက်ပြီးတော့ သတင်းပေးပို့သွားပါ့မယ်ရှင့်။

XS
SM
MD
LG