သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းထောက် ပါကြီးကို အသေ ပစ်ခတ် ဖမ်းဆီးခဲ့ရကြောင်း စစ်တပ် ထုတ်ပြန်


သတင်းထောက်ကိုပါကြီးကို ခေါင်းဆောင်အချို့နဲ့တွေ့ရစဉ်။
သတင်းထောက်ကိုပါကြီးကို ခေါင်းဆောင်အချို့နဲ့တွေ့ရစဉ်။

တပ်မတော်က ဖမ်းဆီးပြီး ပျောက်ဆုံးနေတဲ့ တက်ကြွလှုပ်ရှားသူတဦးလည်းဖြစ် အလွတ် သတင်းထောက်လည်းဖြစ်တဲ့ ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီး ဟာ အောက်တိုဘာလ ၄ရက်နေ့က ထွက်ပြေးဖို့ ကြိုးစားခဲ့ရာ သေနတ်လု တာကြောင့် ပစ်ခတ်မူတွေ အတွင်း သေဆုံးသွားခဲ့ကြောင်း သတင်း ထုတ်ပြန်ထားတဲ့ စာကို ကာကွယ်ရေးဝန်ကြီးဌာနကနေ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ ကို ပေးပို့ခဲ့ပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့လကုန်ပိုင်းက ဒီမိုကရေစီ ကရင်အကျိုးပြုတပ်မတော် ဒီကေဘီအေ နဲ့ မြန်မာ စစ်တပ်တွေ တိုက်ပွဲဖြစ်ခဲ့တဲ့ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင်းမှာ အလွတ် သတင်းထောက် ကိုအောင်ကျော်နိုင်(ခ) ကိုပါကြီးဟာ မြန်မာစစ်တပ်ရဲ့ ဖမ်းဆီးမူကို ခံခဲ့ရတာပါ ။ ကာကွယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်မှာတော့ သူဟာ ဒီကေဘီအေရဲ့နိုင်ငံရေး ဦးဆောင်အဖွဲ့အဖြစ်ဖွဲ့ထားတဲ့ KKO အဖွဲ့ရဲ့ပြန်ကြားရေး အဆင့် ရှိတဲ့ ဗိုလ်ကြီးအောင်နိုင် အဖြစ် ပြောဆို ထားပြီး အောက်တိုဘာလ ၄ရက်နေ့ညက အစောင့်တပ်သားတဦး ဆီကနေ သေနတ် လုဖို့ ကြိုးစားရင်း ပစ်ခတ်မူကြောင့် သေဆုံးသွားခဲ့တာ လို့ ရေးသားထားပါတယ် ။

ဒီလို အကြောင်းအချက်တွေပါတဲ့ ထုတ်ပြန်ချက်ကို တပ်မတော် က ပေးပို့ တာ ဖြစ်ကြောင်း ကိုတော့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)က အတည်ပြုခဲ့ပြီး သတင်းသမားပဲဖြစ်ဖြစ် လက်နက်ကိုင် အဖွဲ့က ဗိုလ်ကြီးပဲဖြစ်ဖြစ် အခုလို သေဆုံးမူအတွက်က စိုးရိမ်ပူပန်စရာဖြစ်ကြောင်း စာနယ်ဇင်းကောင်စီ အဖွဲ ဝင် ဦးဇော်သက်ထွေးက ဆိုပါတယ်။

" သတင်းတွေ ထွက်တော့ စာနယ်ဇင်းကောင်စီကို ပေးတာ ဒီပါဝလီနေ့မှာ ပို့တယ်လေ။ ပို့လိုက်တယ်ဆိုတာတော့ ကျနော် အတည်ပြုတယ်။ သူဟာ တကယ် သတင်းသမားတစ်ယောက်လား။ ဒါမှမဟုတ်ရင် KKO ရဲ့ ဗိုလ်ကြီးလား ဆိုတာကို နံပတ်တစ် Clear လုပ်ရမယ်။ သို့သော် ဗိုလ်ကြီးတစ်ယောက်ပဲ ဖြစ်ဖြစ် သတင်းသမား ပဲဖြစ်ဖြစ် တပ်မတော်က ဖမ်းဆီးပြီးတော့မှ အခုလိုဖြစ်တယ်ဆိုပြီး မိသားစုကိုလည်း အလောင်းမပေး၊ ဘာမပေးနဲ့ ဒီလိုလုပ်တဲ့အပေါ်မှာတော့ ကျနော့်အနေနဲ့ ဝေဖန်ထောက်ပြစရာတွေရှိတယ်။ ဒီဖြစ်စဉ်မျိုးဖြစ်လာရင် အနာဂတ် ဒီမိုကရေစီကို အာမခံမယ့် အချက်နဲ့ပတ်သက်ပြီး အများကြီး စိတ်ပူပန်စရာတွေ ရှိတယ်။"

ဒီမိုကရေစီကရင်အကျိုးပြုတပ်မတော်ရဲ့ မြဝတီဆက်ဆံရေးရုံး အရာရှိ ဗိုလ်ကြီး စိုးမြင့်ကတော့ သူတို့ဆီမှာ ပြန်ကြားရေးဌာန မရှိတဲ့အကြောင်းနဲ့ ကိုပါကြီးဟာ သူတို့တပ်ဖွဲ့ဝင် မဟုတ်ဘူးဆိုတာ ငြင်းဆိုပါတယ်။

" ကျနော်တို့ဆီမှာ ပြန်ကြားရေးဌာနဆိုတာ မဖွဲ့စည်းရသေးဘူး။ ကိုပါကြီးဆိုတဲ့ နံမည်၊ ကိုအောင်နိုင်ဆိုတဲ့ နံမည်က ကျနော်တို့ဆီမှာလည်း မရှိဘူး။ အရာရှိရဲ့ စာရင်း ကျနော်တို့ဆီမှာလည်း မရှိဘူး။ ကျနော်တို့ဆီမှာ သတင်းလာယူတယ်။ မှတ်တမ်းလာယူတယ်။ သတင်းသမား၊ သတင်းထောက်တစ်ယောက်ပေါ့။ သတင်းနဲ့ပတ်သက်တဲ့ အချက်အလက်ကိုပဲ ယူဆောင်ခြင်း ဖြစ်တယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ကိုပါကြီးကို စစ်သားလုပ်ဖို့အတွက် ဒီနေ့အထိ တခါမှ မပြောဖူးပါဘူး။"

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဇနီးဖြစ်သူက ကိုပါကြီး ပျောက်ဆုံးနေမူ စစ်တပ်က ဖမ်းဆီးထားမှုတွေ အတွက် ဥပဒေကြောင်းအရ ဆောင်ရွက်ဖို့ ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့တာပါ။ အောက်တိုဘာလ ၁၉ရက်နဲ့ ၂၀ရက်နေ့တွေမှာ မွန်ပြည်နယ် အခြေစိုက် ခလရ ၂၀၈ ကို သွားရောက် စုံစမ်းခဲ့တဲ့အခါ ဖမ်းဆီးတာကို အတည်ပြုပေမဲ့ မိသားစုနဲ့ တွေခွင့်မပေးဘူးလို့ ဇနီးဖြစ်သူက ဆိုပါတယ် ။

အခုလိုမျိုး သေဆုံးသွားပြီ ဆိုတာ သတင်း အတည်ပြုလိုက်တဲ့ အတွက် နိုင်ငံရေး အကျဉ်းသူူဟောင်းဖြစ်တဲ့ ဇနီးဖြစ်သူ မသန္တာက အခုလိုပြောပါတယ်။

"အရင်တုန်းကတော့ ကျမက မတရားဖမ်းဆီးချုပ်နှောင်မှုနဲ့ ကျမ တရားစွဲတယ်။ အခုကတော့ ကျမ လူသတ်မှုနဲ့ပါ တရားစွဲမယ်။ ကျမကတော့ အလောင်းပြန်တောင်း မယ်။ ဒဏ်ရာ ဒဏ်ချက် ဘယ်လောက်ရှိလဲ ဘာလဲ ကျမ စစ်ချင်တယ်။ တကယ်လို့ သူတို့က မရှိဘူး မီးသဂြိုလ်လိုက်ပြီ ဆိုရင်လည်း ကျမကို လိမ်ရင်လည်း ရတယ်။ ဒဏ်ရာ ဒဏ်ချက်မရှိလည်း ဖမ်းသွားတယ်။ သူတို့လက်ထဲမှာ သေတယ်ဆိုလည်း ဒါက ကျမ အစကတည်းက ပြောပြီးသားပဲ။ ဘယ်လိုပုံစံမျိုးပဲ ရရ၊ ရှင်လျက်ရရ၊ အသက်ရှင်လျက် ကျိုးကန်းနေလည်း ကျမ စွဲဦးမှာပဲ တရားက။ အခုသေတယ်ဆိုတော့ ကျမကတော့ တရားစွဲမှာပဲ။

တပ်မတော်က စာနယ်ဇင်းကောင်စီကိုပေးပို့ထားတဲ သတင်းထုတ်ပြန်ချက်မှာတော့ ကိုအောင်ကျော်နိုင်(ခ)ကိုပါကြီးရဲ့ အလောင်းကို မွန်ပြည်နယ်ရွှေဝါချောင်နဲ့ မီတာ ၈၀၀လောက် အကွာမှာမြေမြုပ် သဂြိုလ်ပြိးစီးခဲ့ကြောင်း ကို ရေးသားထားပြီး ထိုင်းစစ်ဌာနချုပ် အနေနဲ့ ဇနီးဖြစ်သူကို အသိပေးပြောကြား သွားမှာဖြစ်ကြောင်း နဲ့ လိုအပ်တဲ့ ကူညီထောက်ပံ့မူတွေပေး သွား မှာဖြစ်ကြောင်းတွေ ကိုရေးသားထားပါတယ်။

ကိုအောင်ကျော်နိုင် (ခ) ကိုပါကြိးဟာ ၁၉၈၈ခုနှစ်က အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲစည်းခဲ့တဲ့ လူငယ်ခေါင်းဆောင်တွေထဲက တဦးဖြစ်ပြီး သုံးရောင်ခြယ်အဖွဲ့မှာ လည်း ပါဝင်သူဖြစ်ပါတယ်။ သူဟာ ဇနီးဖြစ်သူ ဖမ်းဆီးခံရပြီးနောက် ထိုင်းမြန်မာနယ်စပ်ကို သမီးဖြစ်သူနဲ့ တိမ်းရှောင်လာခဲ့တာပါ။

နောက်ပိုင်းမှာတော့ အလွတ်သတင်းထောက် အောင်ကြီးနံမည်နဲ့ နယ်စပ်က သတင်းဓါတ်ပုံများ ရိုက်ကူးပြီး ပြည်တွင်းသတင်း ဂျာနယ်တွေကို ပို့နေသူ တဦးဖြစ်ကြောင်း မိသားစုကပြောပါတယ်။ သတင်းသမားတွေကို အကာအကွယ်ပေးနေတဲ့ ကော်မတီဖြစ်တဲ့ CPJ ကတော့ အောက်တိုဘာလ ၂၂ရက်နေ့ နေစွဲနဲ့ ကိုအောင်ကျော်နိုင် ခေါ် ကိုပါကြီးကို ပြန်လွှတ်ပေးဖို့ မြန်မာ အစိုးရကို တောင်းဆိုထားပါတယ်။

XS
SM
MD
LG