သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေး အထင်လွဲ စေမယ့် ဓာတ်ပုံတွေမတင်ဖို့ တိဘက်သတိပေး


ရခိုင်ပြည်နယ်တွင်း နေအိမ်မီးရိူ့မူတွေကြောင့် အိုးအိမ် ငါးထောင်နီးပါး မီးလောင်မူဖြစ်ပွားခဲ့ရပါတယ်။
ရခိုင်ပြည်နယ်တွင်း နေအိမ်မီးရိူ့မူတွေကြောင့် အိုးအိမ် ငါးထောင်နီးပါး မီးလောင်မူဖြစ်ပွားခဲ့ရပါတယ်။
၂၀၁၀ ခုနှစ် တိဘက်ဒေသမှာ ငလျင်ကြီးလှုပ်ခဲ့တုံးက ငလျင်ကြောင့် သေဆုံးသူ အလောင်းတွေကြားမှာ အကူအညီတွေ ပေးနေတဲ့ တိဘက်ဘုန်းတော်ကြီးတွေရဲ့ ဓါတ်ပုံတွေကို မြန်မာနိုင်ငံမှာ အသတ်ခံကြရလို့ သေဆုံးနေကြတဲ့ မူဆလင်တွေကြား မှာ ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးတွေကို တွေ့နေရတဲ့ ဓါတ်ပုံပုံစံမျိုးနဲ့ အင်တာနက် ဝဘ်ဆိုက်ဒ်တချို့မှာ တင်ထားကြပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အိန္ဒိယနိုင်ငံ ဒါရမ်းဆလား (Dharamsla) မြို့မှာ အခြေစိုက်တဲ့ တိဘက်လူမျိုးများ အုပ်ချုပ်ရေး ဗဟိုအဖွဲ့ (Central Tibetan Administration) ကနေ၊ သြဂုတ်လ (၁၄)ရက်နေ့က သတင်းကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ ဒီအကြောင်းကိုတော့ ကိုရော်နီညိမ်းက ဆက်ပြီးတော့ တင်ပြမှာပါရှင်။

ဟုတ်ပါတယ်။ အိန္ဒိယနိုင်ငံ ဒါရမ်းဆလား (Dharamsla) မြို့က တိဘက်လူမျိုးများ အုပ်ချုပ်ရေးဗဟိုအဖွဲ့က ဒီ့အတွက်နဲ့ အလွန်အမင်းပဲ စိတ်အနှောင့်အယှက် ဖြစ်ရပြီးတော့ ဒီလိုနားလည်မူ လွဲမှားစေတဲ့ ဓာတ်ပုံကို အင်တာနက်ပေါ်မှာ ဖြန့်ဝေနေတာအတွက် စိတ်ပူပန်နေရတယ်လို့ ပြောပါတယ်။ တကယ်တော့ ဒီဓါတ်ပုံဟာ ၂၀၁၀ခုနှစ် ဧပြီလ ၁၄ရက်နေ့က တိဘက်ဒေသအရှေ့ခြမ်း ခိုင်ဂုဒို တရုတ်လို ယူရူးမြို့ Kyegudo (in Chinese = Yushul) မှာ လူပေါင်းများစွာ သေဆုံးခဲ့ရတဲ့ ငလျင်ကြီး လူပ်ခတ်အပြီးမှာ အလောင်းတွေကြားမှာ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနေကြတဲ့ တိဘက်ဘုန်းတော်ကြီးတွေ ဖြစ်ပါတယ်လို့ ဒီသတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဗွီအိုအေ တိဘက်ဘာသာ အစီအစဉ်ကနေ တိဘက်အုပ်ချုပ်ရေးဗဟိုအဖွဲ့က ပြန်ကြားရေးဌာနရဲ့ အတွင်းရေးမှူး မစ္စတာတာရှီ Mr. Tashi ကို ဒီကိစ္စနဲ့ ပတ်သတ်ပြီး ဆက်သွယ် မေးမြန်းတာမှာတော့ အခုလိုပြောပါတယ်။

“မြန်မာနိုင်ငံမှာ ဆက်ပြီးဖြစ်နေတဲ့ ပဋိပက္ခနဲ့ ပတ်သတ်ပြီးတော့ အင်တာနက်ပေါ်က ဝဘ်ဆိုက်ဒ်တွေပေါ်မှာ ဓာတ်ပုံတစ်ပုံကို အကြီးအကျယ် လွဲမှားစွာ အသုံးပြု ထားပါတယ်။ ၂၀၁၀ခုနှစ်တုန်းက တိဘက်ဒေသမှာ ငလျင်ကြီး လူပ်ခဲ့တုန်းက ငလျင်ကြောင့် သေဆုံးသူ အလောင်းတွေကြားမှာ အကူအညီတွေပေးနေတဲ့ တိဘက် ဘုန်းတော်ကြီးတွေရဲ့ ဓါတ်ပုံတွေဟာ၊ အခုတော့ WEBSITES တွေပေါ်မှာ၊ မြန်မာနိုင်ငံမှာ အသတ်ခံကြရလို့ သေဆုံးနေကြတဲ့ မူဆလင်တွေကြားမှာ ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးတွေကို တွေ့နေရတဲ့ ဓါတ်ပုံအဖြစ် တင်ထားကြပါတယ်။ ကျနော်တို့က ဒီ WEBSITES တွေကို ဆက်သွယ်ပြီးတော့၊ ဒါ မဟုတ်ဘူး ဆိုတာ ရှင်းပြခဲ့တာကြောင့်၊ ဒီ WEBSITES တွေက ဒီဓါတ်ပုံတွေကို ဖယ်ရှားပစ်ခဲ့ကြပါတယ်။ ဒါပေမယ့် နောက်တခါ ထပ်ပြီး ဒီဓါတ်ပုံတွေ Pakistan အခြေစိုက် WEBSITE တစ်ခုပေါ်မှာ ပေါ်လာပြန် ပါတယ်။ ဒါဟာ တစ်စုံတဦး တစ်ဖွဲ့တစ်သင်းက မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင်တွေနဲ့ မူဆလင်တွေကြားမှာ ရန်လိုမုန်းတီးမှုတွေ ဖြစ်ပေါ်အောင်၊ ဒီဓါတ်ပုံတွေကို ရည်ရွယ်ချက် ရှိရှိနဲ့ တလွဲ အသုံးချ နေတာပဲလို့၊ ကျနော်တို့က စဉ်းစားလာရပါတော့တယ်။”

Urdu Current Affairs Portal အမည်ရှိတဲ့ ပါကစ္စတန်က www.columpk.com တိဘက်လူမျိုးများ အုပ်ချုပ်ရေးဗဟိုအဖွဲ့က ဇူလိုင်လ ၃၀ရက်နေ့က သူတို့ရဲ့ ဒီဝဘ်ဆိုက်ပေါ်က ဒီဓာတ်ပုံကို ဖယ်ရှားပေးဖို့ စာရေးအကြောင်းကြားခဲ့ တာကြောင့် နောက်တစ်နေ့မှာပဲ ဒီဓာတ်ပုံကို ဖယ်ရှားပေးခဲ့တယ်။ ဒါပေမယ့်လည်း ဒီဓာတ်ပုံဟာ ဖြန့်ဝေနေမြဲ ပြန့်နှံ့နေမြဲ ဖြစ်တယ်။ သြဂုတ်လ၁၂ရက်နေ့က လူအသေအပျောက်တွေ ရှိခဲ့တဲ့ အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ Mumbai က မူဆလင်တွေရဲ့ ဆန္ဒပြပွဲကနေ အကြမ်းဖက် အဓိကရုဏ်းအဖြစ် ပြောင်းလဲသွားစဉ်မှာ ဒီဓာတ်ပုံကို ဆန္ဒပြသူတွေက ကိုင်ဆောင်ထားတာကို အိန္ဒိယရဲ့ လူကြည့်များတဲ့ Zee News ရုပ်မြင်သံကြားမှာ တွေ့ခဲ့ရတယ်လို့ အခုသတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာသမ္မတဦးသိန်းစိန်နဲ့ ဗွီအိုအေမြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်းတို့ရဲ့ နေပြည်တော်မှာ သြဂုတ်လ၁၃ရက်နေ့က သီးသန့်တွေ့ဆုံမေးမြန်းခန်းမှာလည်း သမ္မတဦးသိန်းစိန်က ဓာတ်ပုံနဲ့ပတ်သတ်ပြီး အခုလိုပြောဆိုခဲ့ပါတယ်။

“လူမျိုးရေးအရ ကျနော်တို့ ဖိနှိပ်တာတွေလဲ မဟုတ်ပါဘူး။ ဒီကနေ့ သူတို့ စွပ်စွဲနေသလို လူမျိုးတုန်း သတ်ဖြတ်တာတို့ ဘာတို့ ဒါတွေနဲ့ပတ်သတ်ပြီးတော့ ကျနော်တို့နဲ့ပတ်သတ်ပြီးတော့ ကြားရတော့ တော်တော်လေး စိတ်မကောင်း ဖြစ်ပါတယ်။ အင်တာနက်တွေထဲမှာလဲ ကျနော်တို့ ပုံတွေ တွေ့ပါတယ်။ အလောင်းတွေဆိုရင် တစ်ပုံတစ်ပင်ကြီး အမှန်တော့ ဒါတွေဟာ တစ်ခြားနိုင်ငံမှာ ဖြစ်ပျက်တဲ့ဟာတွေကို သက်သက် လုပ်ကြံပြီးတော့ ဒါ ချဲ့ကားပြီးတော့ လုပ်တာတွေဖြစ်ပါတယ်။ ဒါ ဒီမှာဖြစ်တဲ့ အဖြစ်အပျက်တွေ မဟုတ်ပါဘူး။”

တိဘက်လူမျိုးများ အုပ်ချုပ်ရေးဗဟိုအဖွဲ့က ပြန်ကြားရေးဌာနရဲ့ အတွင်းရေးမှူး မစ္စတာတာရှီးကပဲ အခုလို သတင်းကြေငြာချက် ထုတ်ပြန်ချက်ထုတ်ရတဲ့ ရည်ရွယ်ချက်ကို ရှင်းပြခဲ့ပါတယ်။
“သူတို့တွေရဲ့ ဒီဓါတ်ပုံတွေကို တလွဲ အသုံးချနေမှုကြောင့်၊ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင်တွေနဲ့ မူဆလင်တွေကြားမှာ နားလည်မှု လွဲမှားတာတွေ နဲ့ ပဋိပက္ခ တွေ ဖြစ်နေတာတွေကို ရပ်ဆိုင်းသွားစေဖို့ ရည်ရွယ်ပြီးတော့၊ ဒီဓါတ်ပုံတွေထဲက တကယ့် အဖြစ်မှန် အကြောင်းအရာကို ကျနော်တို့က ရှင်းလင်း တင်ပြလိုက်ပါတယ်လို့ သတင်းထုတ်ပြန်တာ ဖြစ်ပါတယ်ခင်ဗျား”

ဒီသတင်းထုတ်ပြန်ချက်ရဲ့ အဆုံးမှာတော့ ကမ္ဘာတဝှမ်းက မီဒီယာအားလုံးကို တိဘက်လူမျိုးများ အုပ်ချုပ်ရေးဗဟိုအဖွဲ့က မေတ္တာရပ်ခံထားပါတယ်။ အခုလို မြန်မာနိုင်ငံက မတူညီတဲ့ လူမျိုးနှစ်မျိုး မတူညီတဲ့ ဘာသာဝင်တွေကြားမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခ ကို ရပ်ဆိုင်းသွားစေဖို့ ဒီဓာတ်ပုံကို ဆက်ပြီး အသုံးမပြုဖို့ လေးနက်စွာ ပန်ကြား အပ်ပါတယ် လို့ အိန္ဒိယနိုင်ငံ ဒါရမ်းဆာလာမြို့မှာ အခြေစိုက်တဲ့ တိဘက်လူမျိုးများ အုပ်ချုပ်ရေး ဗဟိုအဖွဲ့ Central Tibetan Administration) ရဲ့ သြဂုတ်လ (၁၄)ရက်နေ့နဲ့ သတင်းထုတ်ပြန်ကြေငြာချက်မှာ ဖော်ပြထားပါတယ်ခင်ဗျာ။
XS
SM
MD
LG