သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုးထိမိုးမိရွှေလုပ်သားတွေ ဆန္ဒပြခွင့် ၃ ကြိမ်ပယ်ချခံရ


မြန်မာပြည်က ရွှေတူးလုပ်သားတွေရဲ့ဘဝ။
မြန်မာပြည်က ရွှေတူးလုပ်သားတွေရဲ့ဘဝ။
မန္တလေးတိုင်း ရမည်းသင်းမြို့နယ်မှာရှိတဲ့ မိုးထိမိုးမိတောင်က ရွှေလုပ်သားတွေဟာ ကုမ္ပဏီနဲ့ စာချုပ်ချုပ်ဆိုထားပေမဲ့ ကုမ္ပဏီဘက်က စာချုပ်ပါ အခွင့်အရေးတွေကို လိုက်နာခြင်းမရှိတာကြောင့်နဲ့ မိုးထိမိုးမိတောင်မှာ ရွှေတူးဖော် လုပ်ကိုင်ခွင့် မရတာတွေကြောင့် လုပ်သားတွေဘက်က ဆန္ဒပြခွင့် တောင်းဆိုခဲ့ရာမှာ ၃ ကြိမ်ခန့် ပယ်ချခံခဲ့ရပါတယ်။ ဒါကြောင့် မန္တလေးမြို့မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး မိုးထိမိုးမိမှာ အသေးစားလုပ်ငန်း ရွှေတူးဖော်ခွင့်ရရေး တောင်းဆိုခဲ့ကြပါတယ်။ အပြည့်အစုံကိုတော့ စုံစမ်းထားတဲ့ ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ခဲ့ပါတယ်။

အမျိုးသားကြီးပွားတိုးတက်ရေး ရွှေတူးဖော်ရေးကုမ္ပဏီက မန္တလေးတိုင်း ရမည်းသင်းမြို့နယ်ရှိ မိုးထိမိုးမိ ရွှေလုပ်ငန်းမှာ လုပ်ကိုင်နေသူတွေကို တောင်ပေါ်မှာ လုပ်ကိုင်စားသောက်ခွင့် မပေးတော့တဲ့အတွက် ဆန္ဒထုတ်ဖော်ဖို့ တောင်းဆိုခဲ့ကြတာပါ။

ရွှေလုပ်သားတွေကို အာဏာပိုင်တွေက ဆန္ဒပြခွင့်မပေးဘဲ ၃ ကြိမ်ခန့် ပယ်ချလိုက်တဲ့အတွက် သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ရတာဖြစ်ကြောင်း ရွှေလုပ်သားတွေကို အကူအညီပေးနေသူ ဦးအောင်မြင့် က ပြောကြားပါတယ်။

“အဓိကလုပ်ရတဲ့ အကြောင်းအရင်းက မိုးထိမိုးမိ ရွှေလုပ်သားတွေကပေါ့နော် အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီက မတရားတဲ့စာချုပ်တွေနဲ့ မတရားတဲ့ အမိန့်စည်းကမ်းတွေနဲ့ အတင်းအကျပ်ပေါ့နော် ဖိအားပေးပြီးတော့မှ မိုးထိမိုးမိ တောင်ပေါ်ကနေ အကုန်လုံး မောင်းချနေတယ်။ မောင်းချနေသလို၊ ဈေးသည်တွေကိုလည်း တောင်ပေါ်တက်ခွင့် မပေးတော့ဘူး။ ဖြတ်လေးဖြတ် သဘောပေါ့နော်။ ရိက္ခာဖြတ်၊ အဆက်အသွယ်ဖြတ်ပေါ့နော်။ ရွှေလုပ်သားတွေကိုလည်း လုပ်ငန်းတွေ အကနု်လုံး ရပ်ဆိုင်းခိုင်းပြီးတော့မှ သူတို့ကို မောင်းထုတ်တဲ့အတွက် မိုးထိမိုးမိ ရွှေလုပ်သားတွေက အရင်းပြုတ်ပြီး ဘ၀ ပျက်သွားကြတယ်။ အရင်းပြုတ်ပြီး ဘ၀ ပျက်သွားကြတဲ့အတွက် ဒါကို ဆန္ဒဖော်ထုတ်ခွင့် တောင်းတော့လည်း ရဲတပ်ဖွဲ့က ဆန္ဒဖော်ထုတ်ခွင့် မပေးဘူး။ ရဲတပ်ဖွဲ့ကလည်း ဆန္ဒဖော်ထုတ်ခွင့် မပေးတဲ့အတွက် သတင်းစာရှင်းလင်းပွဲ လုပ်ရခြင်းဖြစ်ပါတယ်။"

"အဓိကရည်ရွယ်ချက်ကတော့ ဒေသခံ မိုးထိမိုးမိ ရွှေလုပ်သားတွေက သူတို့ရဲ့ မူလအလုပ်အကိုင် ပြန်ရရေးအတွက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရခြင်းဖြစ်ပါတယ်။ ရမည်းသင်းမြို့နယ်က လူရှင်းတဲ့ လမ်းကျယ်မှာ စုပြီးတော့ ဆန္ဒဖော်ထုတ်ခွင့်ပြုဖို့ တောင်းဆိုတာပါ။ ၃ ကြိမ်တင်ပါတယ်။ ၃ ကြိမ်စလုံး ပယ်ချခံခဲ့ရပါတယ်။ စက်တင်ဘာလဆန်းထဲမှာပဲ ရမည်းသင်းမှာ ၃ ကြိမ်တင်တယ်။ ၃ ကြိမ်စလုံး လဆန်းထဲမှာပဲ ပယ်ခံရပါတယ်။ အခု ၁၁၊ ၁၂၊ ၁၃ တုန်းက စာသွားတင်တယ်ပေါ့နော်။ ၁၉၊ ၂၀၊ ၂၁ - ၃ ရက် ဖော်ထုတ်ခွင့်တောင်းတာကို မန္တလေးတိုင်း ရဲမှူးကလည်း ဒီနေ့ပဲ ပယ်ချလိုက်တယ်ခင်ဗျ။”

ရွှေလုပ်သားတွေဟာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်ကတည်းက ဆန္ဒထုတ်ဖော်မှုတွေ လုပ်ခဲ့ပြီး အသေးစား ရွှေတူးဖော်ခွင့်လုပ်ငန်းတွေ ရဖို့အတွက် တောင်းဆိုခဲ့ကြတာပါ။ ရွှေလုပ်သားတွေကို အာဏာပိုင်တွေက ဖမ်းဆီးပြီး ခွင့်ပြုချက်မရဘဲ ဆန္ဒထုတ်ဖော်မှု ပုဒ်မ ၁၈၊ ဆူပူအောင်ဖန်တီးမှု ပုဒ်မ ၅၀၅ (ခ) တို့နဲ့ ခေါင်းဆောင်ပိုင်းကို ထောင် ၆ လစီ ချလိုက်ပါတယ်။

ထောင်ကပြန်လွတ်လာခဲ့တဲ့ မိုးထိမိုးမိခေါင်းဆောင် ကိုရဲရင့်ထွန်း ကတော့ ရွှေလုပ်သားတွေအနေနဲ့ မိုးထိမိုးမိတောင်မှာ လုပ်ကိုင်စားသောက်ခွင့် ပြန်ရရေးအတွက် ဆက်လက် တောင်းဆိုနိုင်ဖို့ လုပ်သွားမယ်လို့ ဆိုပါတယ်။

“ကျနော်တို့ မိုးထိမိုးမိဒေသမှာ အခြေခံ ဆင်းရဲသား လူတန်းစားတွေ လုပ်ကိုင်စားသောက်ဖို့အတွက်ပဲ ဒါ ထပ်ပေးဖို့ပေါ့ဗျာ နိုင်ငံတော်က လူကြီးတွေ တရားဝင်သိအောင်လို့ ထပ်လုပ်ပေးနိုင်ဖို့ ကျနော်တို့က ဒါ သတင်းစာရှင်းလင်းပွဲ လုပ်တာပါ။ အချက် ၆ ချက်လုံးပါတဲ့ စာချုပ်ကို ကျနော်တို့ ချုပ်ဆိုပြီးတဲ့နောက်ပိုင်း ကျနော်တို့ တောင်ပေါ်ကို ပြန်တက်သွားတဲ့နောက်ပိုင်းမှာ ကုမ္ပဏီက ဒီ စာချုပ်ပါ ၆ ချက်ထဲမှာပါတဲ့ စည်းကမ်းတွေကို ကုမ္ပဏီဘက်ကနေ စပြီးတော့ ဖောက်ဖျက်တယ်ပေါ့နော်။ ကုမ္ပဏီက စတင်ပြီး ဖောက်ဖျက်တဲ့အချိန်မှာ ကျနော်က နောက်တခါ ထပ်ပြီးတော့ ရမည်းသင်း၊ မန္တလေးတိုင်း၊ အကုန်လုံးပေါ့နော် ဥပဒေလမ်းကြောင်းအတိုင်း ကျနော် အကုန်လုံးကို လိုက်တိုင်တယ်ပေါ့နော်။ အဲ့လို တိုင်တော့လည်း ကျနော့်ကို ကုမ္ပဏီနဲ့ ပြေလည်အောင် ဖြေရှင်းညှိနှိုင်းပေးတာ မရှိဘူးဗျ။”

“အဲ့တော့ ကျနော်က သမ္မတရယ်၊ လွှတ်တော် ဒေါ်စုတို့ဆီရယ် ပထမတကြိမ် ကျနော် စာတင်သေးတယ်ဗျ။ အဲ့တုန်းကလည်း စာသာ ရောက်သွားတာ၊ ဘာမှ ဖြေရှင်းပေးတာမျိုး မရှိဘူး။ အဲ့ဒီကနေမှတခါ ကျနော် ဦးစီးပြီးတော့ ရန်ကုန်ကိုသွားပြီး ဒီ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီရုံးချုပ်ရှေ့မှာ ကျနော်တို့ သွားပြီး ဆန္ဒပြသေးတယ်။ ၃ ကြိမ်ပေါ့။ အဲ့တုန်းကလည်း ကျနော်တို့ကို ကုမ္ပဏီအနေအထားနဲ့ နိုင်ငံတော်ကနေပြီးတော့ တရားဝင် ဒီရွှေလုပ်သားတွေနဲ့ မင်းတို့နဲ့ ပြဿနာဖြစ်တာ အခုထိ မရှင်းသေးဘူးလားဆိုတာမျိုး ပြောတဲ့ဟာ မရှိဘူးဗျ အဲ့ဒီတုန်းကတည်းက။”

“အဲ့ဒါနဲ့ ကျနော်က ရန်ကုန်ကနေပြီးတော့ နေပြည်တော်ကို ကျနော် ခြေလျင်လျှောက်ပြီးတော့ ၇၆ ယောက်ကို ဦးစီးပြီးတော့ လမ်းလျှောက်တဲ့အချိန်မှာ ကျနော်က ရေတာရှည် မြေနီကြားထဲမှာ ကျနော် အဖမ်းခံခဲ့ရတာခင်ဗျ။ အဲ့ဒီမှာ ခေါင်းဆောင် ၄ ယောက် အဖမ်းခံရတာ။ ရဲတပ်ဖွဲ့တို့ ဘာတို့က မင်းတို့ ၁ နှစ်ပြည့်ပြီ။ မင်းတို့ ဆင်းကြတော့ဆိုပြီး ရဲတွေ လာပြီးမှ ကျနော်တို့ကို ဖယ်ခိုင်းတယ်၊ ရွှေ့ခိုင်းတယ်ပေါ့နော် ကျနော်တို့ ရွှေလုပ်သားတွေကိုပေါ့။ အဲ့ဒါတွေ ဖြစ်နေတဲ့အတွက်ကြောင့်မို့ မခံမရပ်နိုင်တွေဖြစ်ပြီးတော့ ဒီ သတင်းစာရှင်းလင်းပွဲကို ကျနော်တို့ ရန်ကုန်မှာ တကြိမ်၊ မန္တလေးမှာ လာပြီးတော့ သတင်းစာရှင်းလင်းပွဲ လာလုပ်တာပါခင်ဗျ။”

ရွှေလုပ်သားတွေကိုတော့ တစ်ဦးကို နစ်နာကြေး ကျပ် ၁၅ သိန်းနှုန်း ပေးလျော်ခဲ့ပြီး ဆန္ဒပြမှုတွေကို အဆုံးသတ်ဖို့အတွက် ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်ထဲမှာ ကုမ္ပဏီက လုပ်ဆောင်ခဲ့ပါတယ်။ ရွှေလုပ်သားတွေကို ဦးဆောင်သူတွေကိုတော့ ထောင်ဒဏ်များချခဲ့ပြီး တချို့ဦးဆောင်သူတွေကိုတော့ ကုမ္ပဏီက အခွင့်ရေးပေး စည်းရုံးမှုတွေ လုပ်ခဲ့ကြောင်း ရွှေလုပ်သားတွေက ဆိုပါတယ်။

ရွှေလုပ်သားတွေကတော့ မိုးထိမိုးမိတောင်မှာ လုပ်ကိုင်စားသောက်ခွင့် ပြန်ရရေးအတွက် အင်အား ၂၀၀၀ ကျော်ဟာ နေပြည်တော်ကို ဆန္ဒပြ ချီတက်မှုတွေ လုပ်ခဲ့တာပါ။ ဒီနောက် ဆန္ဒပြသူတွေဟာ ရိုက်နှက်ဖမ်းဆီးခြင်းတွေကို ခံခဲ့ရတာဖြစ်ပါတယ်။

အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီအနေနဲ့ မိုးထိမိုးမိတောင် ရွှေထုတ်လုပ်မှု အသေးစားလုပ်ငန်းတွေကနေ အကြီးစားလုပ်ငန်းတွေကို ပြောင်းလဲ လုပ်ကိုင်ဖို့် စီစဉ်နေတဲ့အတွက် အလုပ်သမားများဘက်ကလည်း နစ်နာမှုရှိတယ်ဆိုပြီး ဆန္ဒပြရခြင်းလည်း ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက သံဃာတော်တွေပါ ပါဝင်ပြီး ဆန္ဒထုတ်ဖော်မှုတွေ လုပ်ခဲ့ပါတယ်။

မိုးထိမိုးမိတောင်မှာ လုပ်ကိုင်စားသောက်နေတဲ့ လုပ်သား သိန်းနဲ့ချီရှိပြီး ဒီနေရာကနေ ဖယ်ရှားခံရတဲ့အတွက် အလုပ်သမားတွေနဲ့ သူတို့ရဲ့မိသားစုတွေဟာ စားဝတ်နေရေး အခက်အခဲတွေ ဖြစ်ခဲ့ရပြီး သူတို့ရဲ့ နစ်နာမှုတွေကို ဖြေရှင်းပေးနိုင်ဖို့အတွက် အာဏာပိုင်တွေထံ အဆင့်ဆင့် တင်ပြတောင်းဆိုမှုတွေ လုပ်ခဲ့ပေမဲ့ အရေးယူူ ဆောင်ရွက်ခြင်းတွေ မရရှိခဲ့ဘူးလို့လည်း ရွှေလုပ်သားတွေဘက်က ဆိုပါတယ်။

အလုပ်သမားတွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့ ဆက်သွယ်မေးမြန်းဖို့အတွက် အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူးရှင်။
XS
SM
MD
LG