သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုးကန့်ဒေသမှာ ဒဏ်ရာရခဲ့သူ ကြက်ခြေနီ သေဆုံး


စေတနာ့ဝန်ထမ်း ကြက်ခြေနီအဖွဲ့ဝင် ဦးမိုးကျော်သန်း ကိုးကန့်ဒေသက စစ်ရှောင်ဒုက္ခသည်တွေကို ကူညီပေးနေစဉ် သေနတ်ထိမှန်ခဲ့ချိန်။ (ဖေဖော်ဝါရီ ၂၇၊ ၂၀၁၅)
စေတနာ့ဝန်ထမ်း ကြက်ခြေနီအဖွဲ့ဝင် ဦးမိုးကျော်သန်း ကိုးကန့်ဒေသက စစ်ရှောင်ဒုက္ခသည်တွေကို ကူညီပေးနေစဉ် သေနတ်ထိမှန်ခဲ့ချိန်။ (ဖေဖော်ဝါရီ ၂၇၊ ၂၀၁၅)

ကိုးကန့်ဒေသ တိုက်ပွဲတွေအတွင်း ကြက်ခြေနီယာဉ်အပစ်ခံရမှုမှာ ဒဏ်ရာရခဲ့ပြီး ဆေးကုသနေစဉ်မှာပဲ ကြက်ခြေနီဝန်ထမ်းတဦး ဆုံးပါးခဲ့ ပါတယ်။ အခုတော့ သူ့ရဲ့ရုပ်အလောင်းကို မိသားစုရှိရာကွမ်လုံမြို့မှာ သင်္ဂြိုဟ်ဖို့ ကြက်ခြေနီယာဉ်တန်းနဲ့ ပြန်လည် ပို့ဆောင်လိုက်ပြီလည်း ဖြစ်ပါတယ်။ စစ်ရေးတင်းမာနေတဲ့ ကိုးကန့်ဒေသတဝိုက်က ကူညီကယ်ဆယ်ရေးလုပ်သားတွေ ရင်ဆိုင်ရတဲ့ အခက်အခဲတွေနဲ့ ကူညီ ကယ်ဆယ်ရေး လုပ်ငန်း အခြေအနေအရပ်ရပ်ကို မသိင်္ဂီထိုက်က စုစည်းတင်ပြပေးထားပါတယ်။

ရှမ်းပြည်နယ် အရှေ့ပိုင်း လောက်ကိုင်မြို့မှာ တိုက်ပွဲတွေစခဲ့ပြီး သီတင်းတပတ်အကြာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ လောက်ကိုင်မြို့နေ စစ်ရှောင် ဒုက္ခသည်တွေကို ကယ်တယ်လာတဲ့ ကြက်ခြေနီ အလံတင် ကယ်ဆယ်ရေးယာဉ်ကို ချင်းရွှေဟော်နဲ့ လုံထန်ကြား မှာ ပစ်ခတ်ခံရပြီး ကယ်ဆယ်ရေး ဝန်ထမ်းတွေနဲ့ သတင်းထောက်တွေ အပါအဝင် လူ ၅ ဦး ဒဏ်ရာရခဲ့တာပါ။ ဒီထဲက ဒဏ်ရာပြင်းထန်တဲ့ ကယ်ဆယ်ရေး ဝန်ထမ်း ဦးမိုးကျော်သန်းကိုတော့ ဆေးရုံ သုံးခုပြောင်းပြီး တလခွဲနီးပါး ကုသခဲ့ရပြီးနောက်ပိုင်း မနေ့ သောကြာနေ့မှာ မန္တလေးဆေးရုံမှာ ကွယ်လွန်သွားခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၄၃ နှစ်ရှိပြီ ဖြစ်ပြီး မိခင်ကြီး၊ ဇနီးဖြစ်သူနဲ့ သားသမီး ၅ ဦးတို့ ကျန်ရစ်ခဲ့ပါတယ်။ အခုတော့ သူ့ရဲ့ရုပ်အလောင်းကို မိသားစုရှိရာ ကွမ်လုံမြို့မှာ သင်္ဂြိုဟ်ဖို့ မန္တလေးကနေ ကြက်ခြေနီအစီအစဉ်နဲ့ ပြန်လည် သယ်ယူသွားပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း (MRCS) ရဲ့ လူမှု ဂရုဏာ လုပ်ငန်းဆိုင်ရာ ပြန်ကြားဆက်သွယ်ရေးဌာန ညွှန်ကြားရေးမှူး ဒေါ်ရွှေစင်မြင့်ကတော့ ဦးမိုးကျော်သန်း ကွယ်လွန်ခဲ့ရတဲ့ အပေါ် အခုလို ပြောပါတယ်။

“ကြက်ခြေနီစေတနာလုပ်အားရှင် ကိုမိုးကျော်သန်းက မနေ့က ၁၁ နာရီ ၄၅ မိနစ်မှာ မန္တလေးဆေးရုံကြီးမှာ ဆုံးသွားတယ်ပေါ့နော်၊ သူ့ရဲ့ဒဏ်ရာ အခြေအနေကြောင့်ပါပဲ။ ကျမတို့လည်း တော်တော်လေးကို မန္တလေးဆေးရုံကြီးမှာရော၊ နောက် လားရှိုးဆေးရုံကြီးမှာရော၊ ကွမ်လုံပြည်သူ့ ဆေးရုံကြီး မှာရော အဆင့်ဆင့် သေချာလေး ကုသပေးပါတယ်။ သို့သော်လည်း သူ့ဝမ်းဗိုက် ကျည်မှန်ထားတဲ့ဒဏ်က တော်တော်လေးကို-- သူလည်း တလလောက်ပေါ့နော်၊ မန္တလေးဆေးရုံမှာ တလလောက်နေသွားပြီးတော့မှ အသက်ဆုံးရှုံးသွားတာ ဖြစ်ပါတယ်။ ဒါကတော့ ကျမတို့ လူမှုဂရုဏာ လုပ်ငန်းပေါ့နော်၊ အများအသက် ကယ်ဆယ်တဲ့လုပ်ငန်း၊ အများကို ကူညီတဲ့လုပ်ငန်း ဆောင်ရွက်နေတုန်းမှာ ဒီလိုမျိုး ဒဏ်ရာရပြီး ဆုံးပါးသွားတဲ့ အတွက်တော့ အသင်းအနေနဲ့တော့ ဖော်မပြနိုင်လောက်အောင် ဝမ်းနည်းပါတယ်။”

ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ကိုးကန့်ဒေသတွင်း ကြက်ခြေနီအလံတင်ယာဉ် ဒုတိယအကြိမ်ပစ်ခတ်ခံရမှုနဲ့ ပတ်သက်ပြီး မြန်မာ့တပ်မတော် ဘက်ကရော ကိုးကန့် လက်နက်ကိုင်တပ်ဘက်ကပါ အပြန်အလှန် စွပ်စွဲပြောဆိုခဲ့ကြပါတယ်။ လက်ရှိမှာလည်း စစ်အုပ်ချုပ်ရေးကျင့်သုံးနေတဲ့ လောက်ကိုင်ဒေသက စစ်ရှောင်လာသူတွေကို ဆက်ပြီးတော့ ကယ်ဆယ်နေရဆဲဖြစ်တယ်လို့လည်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ဒေါ်ရွှေစင်မြင့်က ပြောပါတယ်။

“အခုလောလောဆယ်မှာတော့ စစ်ရှောင်ပြည်သူတွေက ပြီးခဲ့တဲ့တလ- ပြီးခဲ့တဲ့နှစ်ပတ်လောက်ကနဲ့စာရင် တဖြည်းတဖြည်းတော့ နည်း လာပြီပေါ့နော်။ ကျမတို့ ကြက်ခြေနီစေတနာလုပ်အားရှင်တွေအနေနဲ့ကတော့ လုံခြုံရေးအရ လောက်ကိုင်အထိသွားဖို့တော့ အခက်အခဲ ရှိပါတယ်။ ဒါကြောင့်မို့လို့ ကျမတို့ ချင်းရွှေဟော်ဘက်ကနေ စောင့်ပြီးတော့မှ ချင်းရွှေဟော်ဘက်အထိ လမ်းလျှောက် ဆင်းလာတဲ့လူတွေ အကုန်လုံကို ကွမ်လုံကိုခေါ်ပေးပါတယ်။ ကွမ်လုံကမှတဆင့် လားရှိုးကို ပို့ဆောင်ပေးတဲ့အစီအစဉ်လေးတွေကိုတော့ ဒေသခံ ကြက်ခြေနီတွေက ဆောင်ရွက်နေပါတယ်။ ကွမ်လုံမြို့ထဲမှာ ကျမတို့ကြက်ခြေနီကနေ ဖွင့်ထားတဲ့ စခန်းလေးမှာ ရောက်လာခဲ့တဲ့ လူဦးရေကတော့ ၇ ထောင် ကျော်သွားပါပြီရှင့်။”

ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတလွှားမှာ မြန်မာ့ တပ်မတော်နဲ့ ဖုန်ကြားရှင် ဦးဆောင်တဲ့ MNDAA ကိုးကန့် လက်နက်ကိုင်တပ်တို့ကြား ဖေဖော်ဝါရီလ ၉ ရက်နေ့က စခဲ့တဲ့ တိုက်ပွဲတွေကတော့ ၂ လနီးပါး ကြာမြင့်လာပြီဖြစ်ပေမယ့် တိုက်ပွဲတွေ ပြင်းထန်နေဆဲပါ။ တိုက်ပွဲတွေ အတွင်း မြန်မာ့ တပ်မတော်ဘက်ကရော ကိုးကန့် လက်နက်ကိုင်တို့ဘက်ကပါ ရာဂဏန်းအထိ ကျဆုံးမှုတွေ ရှိနေပါတယ်။ အရပ်သား သေဆုံးမှု ဒဏ်ရာရမှု အရေအတွက်တော့ သီးခြားထုတ်ပြန်တဲ့ စာရင်းဇယားမရှိပါဘူး။ ၂ လနီးပါးကြာတိုက်ပွဲတွေ မအေးသေးတာ ကြောင့်လည်း တရုတ်နယ်စပ်ဘက်မှာရော လားရှိုးမြို့မှာပါ သောင်းဂဏန်းရှိတဲ့ စစ်ပြေးစစ်ရှောင် ဒုက္ခသည်တွေ သောင်တင်နေကြရဆဲ ဖြစ်ပါတယ်ရှင်။

XS
SM
MD
LG