သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောင်းသားခေါင်းဆောင်ဟောင်း ပြည်ဝင်ခွင့်ဗီဇာရဖို့ မရေရာ


မြန်မာနိုင်ငံရဲ့ ၈၈ အရေးတော်ပုံကာလအတွင်း ထင်ရှားခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တဦးက NLD အစိုးရသစ်လက်ထက်မှာ မြန်မာပြည်ပြန်ဖို့ ကြိုးစားခဲ့တဲ့အနေနဲ့ ထိုင်းနိုင်ငံ ဘန်ကောက်ရှိ မြန်မာသံရုံးမှာ ဗီဇာလျှောက်ထားခဲ့ပါတယ်။ ပြည်ဝင်ခွင့်ဗီဇာ ရ - မရ မသေချာသေးတဲ့ အခြေအနေမှာ ပြည်ပရောက် နိုင်ငံရေးအင်အားစုတွေကို ပြည်ဝင်ခွင့်ပေးဖို့ကိုလည်း တောင်းဆိုခဲ့တာပါ။ အသေးစိတ်ကိုတော့ မနန္ဒာချမ်း က တင်ပြထားပါတယ်။

၈၈ ကျောင်းသားခေါင်းဆောင် ကိုမိုးသီးဇွန်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှာ ပြည်ဝင်ခွင့်ဗီဇာရရေး ဧပြီလ ၂၆ ရက်နေ့က သွားရောက် လျှောက်ထားခဲ့တာပါ။ လျှောက်လွှာကို သံရုံးတာဝန်ရှိသူတွေက လက်ခံထားလိုက်ပေမဲ့ - ဗီဇာထုတ်ပေးဖို့ကိုတော့ နိုင်ငံခြားရေးဝန်ကြီး ဌာနကို တင်ပြရဦးမှာဖြစ်တယ်လို့ ပြောဆိုလိုက်တဲ့အကြောင်း ကိုမိုးသီးဇွန် က ဗွီအိုအေကို အခုလို ပြောပြခဲ့ပါတယ်။

“ကျနော် အင်္ဂါနေ့က ဗီဇာ သွားလျှောက်ပါတယ်။ မနက်ပိုင်းပေါ့။ သွားလျှောက်တော့ ကျနော် ဗီဇာဖောင်ကိုတော့ လက်ခံလိုက်တယ်။ ပတ်စ်ပို့စာအုပ်ကိုတော့ ပြန်ယူသွားပါတဲ့။ အထက်ကို တင်ပြရဦးမယ်လို့ ပြောပါတယ်။ အထက်ဆိုတော့ ဘယ်အထက်လဲလို့ ကျနော်မေးကြည့်တော့ လဝကတို့ နိုင်ငံခြားရေးဝန်ကြီးဌာနတို့ ပြောပါတယ်။ အဲတော့ အထက်ကို တင်ပြရဦးမယ်ဆိုပြီးတော့ အဲဒါနဲ့ ပြန်ယူလာရတယ်ပေါ့လေ။ ပုံမှန်အားဖြင့်တော့ ပတ်စ်ပို့စာအုပ်ကို ထားခဲ့ရတာပေါ့။ အခုဟာက ပတ်စ်ပို့စာအုပ်ကိုတောင် သူတို့က လက်မခံချင်ဘူးလို ဖြစ်နေတယ်။ အဲတော့ မပြောတတ်ဘူး အခြေအနေက။ ဗီဇာရမလား - မရလားဆိုတာတော့ ကျနော်လည်း မသိသေးဘူး ဖြစ်နေတာပေါ့နော်။”

မြန်မာနိုင်ငံမှာ ၂၀၁၁ ခုနှစ် ဦးသိန်းစိန်အရပ်သားအစိုးရ တက်လာပြီးတဲ့နောက် ယခင် နဝတ၊ နအဖ လက်ထက်က Black List လို့ခေါ်တဲ့ အမည်မဲစာရင်း သွင်းခံထားရသူ တော်တော်များများကို ဖယ်ရှားပေးခဲ့တာကြောင့် ကိုမိုးသီးဇွန် အပါအဝင် ပြည်ပရောက် နိုင်ငံရေးလှုပ်ရှားသူတချို့ မြန်မာနိုင်ငံကို ပြန်ဝင်ခွင့် ရရှိခဲ့ကြပါတယ်။ ဒါ့အပြင် ဦးသိန်းစိန်အစိုးရရဲ့ ဖိတ်ခေါ်ချက်နဲ့ ၂ ကြိမ် မြန်မာနိုင်ငံကို ပြန်ဝင်ခွင့်ရရှိခဲ့ပြီး ၂၀၁၃ ခုနှစ်ကစလို့ မြန်မာနိုင်ငံကို ပြန်ခွင့်မရတော့ဘဲ Black List အမည်မဲစာရင်း ပြန်အသွင်းခံရတယ်လို့လည်း ကြားသိရကြောင်း ကိုမိုးသီးဇွန် က ပြောပြပါတယ်။ ဒါကြောင့် NLD အစိုးရသစ်လက်ထက်မှာ သူ အပါအဝင် ပြည်ပရောက် နိုင်ငံရေးအင်အားစုတွေကို ပြည်ဝင်ခွင့် ပြန်ပေးဖို့အတွက်ကိုလည်း ကိုမိုးသီးဇွန် က တောင်းဆိုခဲ့ပါတယ်။

“အခုက လူထုအစိုးရတက်လာတယ်။ ဒေါ်အောင်ဆန်းစုကြည် အစိုးရ တက်လာတဲ့အခါကျတော့ ကျနော်တို့ နယ်စပ်မှာရှိနေတဲ့ ပြည်ပမှာရှိနေတဲ့ ဗီဇာငြင်းခံထိထားတဲ့ Black List ထဲ သွင်းခံထားရသူတွေနဲ့ ပတ်သက်လို့တော့ အလေးအနက်ထား စဉ်းစားဖို့တော့ ကျနော့်အနေနဲ့ တိုက်တွန်းချင် ပါတယ်။”

အလားတူ စစ်အစိုးရလက်ထက်က နိုင်ငံရပ်ခြားမှာ တာဝန်ထမ်းဆောင်ရင်း - အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံကို မပြန်တော့ဘဲ တာဝန်ကျရာ တိုင်းပြည်မှာ ခိုလှုံခွင့်လျှောက်ခဲ့ကြတဲ့ သံတမန်တချို့လည်း ရှိပြီး၊ သူတို့ကို နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာနတို့က Black List အမည်မဲစာရင်းသွင်းထားတာကြောင့် - အခု သမ္မတ ဦးထင်ကျော်အစိုးရလက်ထက်မှာ ပြန်ခွင့်ရဖို့ မျှော်လင့်ပါတယ်လို့ အရင်က ဝါရှင်တန်ဒီစီ မြန်မာသံရုံးရဲ့ သံရုံးယာယီတာဝန်ခံဖြစ်ခဲ့သူ ဦးအောင်လင်းထွဋ် က ပြောပါတယ်။

“အားလုံးကတော့ ကိုယ့်နိုင်ငံကိုယ် ပြန်ပြီးတော့မှ အကျိုးပြုချင်ကြတဲ့သူတွေပဲ ဖြစ်ပါတယ်ခင်ဗျ။ အဲတော့ NLD အစိုးရကို ကျနော်တို့ မျှော်လင့်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း အမေရိကားတို့ ဘာတို့ ရောက်တဲ့အခါမှာ ဒီမှာ အခြေအနေအရ နေရတဲ့သူတွေကို ဖိတ်ခေါ်သွားတဲ့ အနေအထားမျိုးတွေ ရှိပါတယ်။ အဲဒီအချိန် အဲဒီအခါကတော့ ဦးသိန်းစိန်တို့ အစိုးရလက်ထက်မှာတော့ လွတ်လွတ်လပ်လပ်တော့ ဘယ်သူ့မှကို ပြန်ခွင့် မရပါဘူး။ သံရုံးအပိုင်းနဲ့ ပြောရရင်ပေါ့လေ ကျနော်တို့ သံရုံးမှာ နေစဉ်ကတည်းကိုက Black List အမဲစာရင်း သွင်းထားတဲ့သူက နိုင်ငံခြားရေး ဝန်ကြီးဌာန ကနေပြီးတော့မှ ရာနဲ့ချီပြီးတော့မှ စိစစ်ဖြတ်ပေးရတာရှိပါတယ်။ အဲတော့ပြည်ထဲရေးကနေ Black List အမဲစာရင်း သွင်းထားတဲ့သူတွေကို စာရင်းထုတ်ပြန်ထားတာ ရှိပါတယ်။ ဒါတွေ ရှိနေသမျှ ကာလပတ်လုံးကတော့ သက်ဆိုင်ရာ သံရုံးတွေအနေနဲ့လည်း ဗီဇာပေးချင်ပေမဲ့ ခွင့်ပြုချက်ရမှ ပေးလို့ရတဲ့ အနေအထားမျိုး ရှိပါတယ်။ အဲဒါတွေအားလုံးကို ဒေါ်အောင်ဆန်းစုကြည် အစိုးရအနေနဲ့ ပယ်ဖျက်ပေးနိုင်မှသာ ကိုယ့်ဗမာတွေဟာ ကိုယ့်တိုင်းပြည်ကို လွတ်လွတ်လပ်လပ် ပြန်လို့ရလိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။”

ဒါ့အပြင် နိုင်ငံရေးအခြေအနေကြောင့် ပြည်ပမှာ ခိုလှုံခဲ့ရသူတွေအားလုံးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ကိုလည်း ဦးအောင်လင်းထွဋ် က တောင်းဆိုခဲ့ပါတယ်။

“ကျနော်တို့လည်း တကြိမ်တခါကပေါ့လေ အခြေအနေအရ ကိုယ့်တိုင်းပြည်မဟုတ်ဘဲနဲ့ ဒီမှာ နေလိုက်ရတဲ့ အနေအထားမျိုး ရှိပါတယ်။ ကျနော့်လိုပဲ ကျန်တဲ့မိသားစုတွေလည်း အလားတူပဲ ဖြစ်ပါလိမ့်မယ်။ ဘယ်သူမဆို ကိုယ့်တိုင်းပြည်တော့ ကိုယ်လွမ်းကြတာပါပဲခင်ဗျ။ အားလုံးလည်း ပြန်ချင်ကြတာပါပဲ။ ကျနော် တောင်းဆိုချင်တာကတော့ အားလုံးကို လွတ်ငြိမ်းချမ်းသာခွင့်သဘောမျိုး ကျနော်တို့ကို လုပ်ပေးပါလို့ တောင်းဆိုချင်ပါ တယ်ခင်ဗျာ။ အမှန်အတိုင်းပြောရရင်တော့ အခုဆိုရင် ကျနော်တို့ သားသမီးတွေ အပါအဝင် ကျန်တဲ့ မိသားစုတွေရဲ့ သားသမီးတွေလည်း ဒီမှာ ပညာလည်း တော်တော်များများ ပညာတတ်တွေ ဖြစ်ခဲ့ကြသူတွေလည်း အများကြီးပါပဲ။ ကျနော့် သားတွေ သမီးတွေဆိုရင်လည်း အားလုံး မာစတာ ဒီဂရီလောက်အထိ ရကြပါပြီ။ သူတို့က တကယ့်တကယ်ကျတော့ သူတို့မှာ ဘာအပြစ်မှ လုပ်ခဲ့ကြသူတွေ မဟုတ်ပါဘူး။ သူတို့ကိုယ်တိုင်လည်း မြန်မာပြည်ကို ပြန်ပြီးတော့မှ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့သော်လည်းကောင်း၊ အစိုးရနဲ့သော်လည်းကောင်း ပတ်သက်ပြီးတော့မှ ပြန်ချင်တဲ့ အနေအထားမျိုးတွေ ရှိပါတယ်။ ဒါတွေက ကလေးတွေအတွက်က သနားဖို့ အလွန်ကောင်းပါတယ်။ သူတို့တိုင်းပြည်အတွက် ပြန်လုပ်ပေးချင်ပေမဲ့ ဘာမှ အခုချိန်အထိ မယ်မယ်ရရ လုပ်ခွင့် မရသေးဘူးလို့ ပြောချင်ပါတယ်။”

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်) ကလည်း ဧပြီလ ၅ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ - ယခင်အစိုးရတွေကြောင့် နိုင်ငံတကာကို ရောက်နေကြတဲ့ အင်အားစုတွေ ပြည်တွင်း ပြန်လာခွင့်ရရေး NLD အစိုးရအနေနဲ့ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်တရပ် အမြန်ဆုံး ကြေညာပေးဖို့ တိုက်တွန်းခဲ့ပါတယ်ရှင်။

XS
SM
MD
LG