သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြုပြင်ရေး အရှိန်မြင့်ဖို့ မိုးသီးဇွန် တိုက်တွန်း


မြန်မာနိုင်ငံအတွင်းမှာလက်ရှိ ပြုလုပ်နေတဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းတွေ ဒီ့ထက် ပိုပြီး လုပ်ဆောင်လာနိုင်အောင် အာဏာပိုင်တွေနဲ့ တွေ့တဲ့အခါ သူတို့အနေနဲ့ တိုက်တွန်း ဆွေးနွေး သွားမယ်လို့ မိုးသီးဇွန်က ပြောပါတယ်။
မြန်မာနိုင်ငံအတွင်းမှာလက်ရှိ ပြုလုပ်နေတဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းတွေ ဒီ့ထက် ပိုပြီး လုပ်ဆောင်လာနိုင်အောင် အာဏာပိုင်တွေနဲ့ တွေ့တဲ့အခါ သူတို့အနေနဲ့ တိုက်တွန်း ဆွေးနွေး သွားမယ်လို့ မိုးသီးဇွန်က ပြောပါတယ်။
မြန်မာနိုင်ငံ ခေတ်သစ်သမိုင်းမှာ အထင်ရှားဆုံး နိုင်ငံရေးပြောင်းလဲမှုတွေ ဖြစ်ပေါ်စေခဲ့တဲ့ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအတွင်း ရှေ့တန်းကနေ ဦးဆောင်ပါဝင်ခဲ့သူ တစ်ဦးဖြစ်တဲ့ ကျောင်းသားခေါင်းဆောင် ဦးမိုးသီးဇွန်နဲ့ လုပ်ဖော်ကိုင်ဖက်တချို့ စက်တင်ဘာလ ၁ ရက်နေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိလာကြမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ လက်ရှိ ပြုလုပ်နေတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ ဒီထက်ပိုပြီး လုပ်ဆောင်လာနိုင်အောင် အာဏာပိုင်တွေနဲ့ တွေ့တဲ့အခါ သူတို့အနေနဲ့ တိုက်တွန်း ဆွေးနွေးသွားမယ်လို့ ဦးမိုးသီးဇွန်က ပြောပါတယ်။ သူ့ခရီးစဉ်အတွင်း ဘယ်သူတွေကို တွေ့ဖို့စီစဉ်ထားလဲ။ ဘာတွေ လုပ်သွားဖို့ရှိလဲ ဆိုတာကိုတော့ ကိုမိုးသီးဇွန်ကို ကိုယ်တိုင် သွားရောက်တွေ့ဆုံထားတဲ့ ဗွီအိုအေ ဝိုင်းတော်သား ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ဒီခရီးစဉ်ဟာ ကိုမိုးသီးဇွန်နဲ့ လုပ်ဖော်ကိုင်ဖက် ၈ ဦးတို့အနေနဲ မြန်မာနိုင်ငံနဲ့ ၂၄ နှစ်တာ ခွဲခွာပြီးတဲ့နောက်မှာ ပထမဆုံးအကြိမ် ပြန်လည်သွားရောက်ခွင့် ရတာလည်း ဖြစ်ပါတယ်။ သူတို့အနေနဲ့ကတော့ လက်ရှိအစိုးရက လုပ်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေ အရှိန်မြင့် လုပ်ဆောင်လာအောင် အစိုးရပိုင်း တာဝန်ရှိသူတွေနဲ့ တွေ့တဲ့အခါ တိုက်တွန်း ဆွေးနွေးသွားကြဖို့ စီစဉ်ထားတယ်လို့ ကိုမိုးသီးဇွန်က ပြောပါတယ်။

“တော်တော်များများပဲ ကျနော်တို့ အမြင်တွေ ဖလှယ်ဖြစ်ပါတယ်။ အဓိကကတော့ ဒီနေ့အပြောင်းအလဲအပေါ်မှာပေါ့။ ဒီနေ့ သမ္မတဦးသိန်းစိန် ဦးဆောင်ပြီးတော့ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမူတွေ လုပ်လာပါတယ်။ အဲ့ဒီ့ ပြုပြင်ပြောင်းလဲမူတွေထဲမှာတော့ ကျနော်တို့ ၈ လေးလုံး ပြည်ပရောက်နေတဲ့ အင်အားစုတွေနဲ့ပါ တွေ့ဆုံဆွေးနွေးတာတွေ နောက်တစ်ခုက ကျနော်တို့ အထဲမှာ အခုလက်ရှိ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမူ All Inclusive ပေါ့ဗျာ။ အားလုံးပါဝင်အောင် ဒီနိုင်ငံရေးဖြစ်စဉ်မှာ လုပ်ပါလို့ ကျနော်တို့ တိုက်တွန်းထားတာတွေ ရှိတယ်။ အဲ့တာတွေကို ကျနော်တို့က လုပ်ပါမယ်။ နောက်တစ်ခုက လက်ရှိအခြေအနေတွေကို လေ့လာပါ။ ကျနော်တို့ရဲ့ ထင်မြင်ချက်တွေကိုလည်း နားထောင်ချင်ပါတယ်။

ဆိုတော့ ဒီနေ့ မြန်မာပြည်မှာ နည်းနည်းလေး ပြောင်းလဲလာတာတောင် လူတွေက ဝမ်းသာကြတယ်။ အကောင်းဘက်က မျှော်လင့်လာကြပါတယ်။ အဲ့တော့ အများကြီး ပြောင်းမယ်ဆိုရင် ကောင်းတာပေါ့လေ။ အဲ့ဒီ့အပေါ်မှာ ကျနော်တို့က နိုင်ငံရေးအရ ဘာတွေ ပြောင်းလဲသင့်တယ်။ အဲ့ဒီ့အပေါ်မှာ ကျနော်တို့က ဘာတွေ ပြောင်းလဲသင့်တယ်။ ပြည်တွင်းစစ် ငြိမ်းချမ်းရေးကိစ္စတွေ စစ်ရပ်ဆဲရေး ငြိမ်းချမ်းရေး ကိစ္စတွေ နောက် အခြေခံဥပဒေဆိုင်ရာ အမြင်တွေ ပြန်လည်ထူထောင်ရေး ကိစ္စတွေပေါ့ဗျာ။ ဆိုတော့ ဆွေးနွေးစရာတွေက တော်တော်များများကို ရှိပါတယ်။ အကြမ်းဖျင်းလည်း ဆွေးနွေးချင်တဲ့ သဘောထားကို ဦးအောင်မင်းနဲ့ တွေ့တဲ့အချိန်မှာ ဆွေးနွေးထားတာတွေလည်း ရှိပါတယ်။”

သူတို့အရင် မြန်မာပြည်ထဲကို သွားခဲ့ကြတဲ့သူတွေရဲ့ ပြောပြချက်တွေအရ မြန်မာပြည်တွင်းက အခြေအနေတချို့ကို ကြိုသိထားတာကြောင့် သူတို့အနေနဲ့ တင်ပြချင်တဲ့အချက်တွေကို ကြိုစဉ်းစားသွားကြတာလို့ ဆိုပါတယ်။

“ကျနော်နဲ့ အခုသွားမှာက ကျနော်အပါအဝင် ၈ ယောက်ပေါ့နော်။ အမည်တွေပြောရမယ်ဆိုရင် ကျနော်ပါမယ်။ ကိုထွန်းအောင်ကျော်ပါမယ်။ ကိုကိုလေး၊ ကိုမူးသာ၊ ကိုယဉ်အေး၊ ကိုရွှေစင်၊ ကိုအေးမင်း၊ ကိုကိုအောင်ပေါ့လေ။ ကျနော်တို့ သွားကြမယ်။ အရင်ကလည်း ကျနော်တို့ ရဲဘော်တွေ ရှိပါတယ်။ ကိုအောင်သူငြိမ်းတို့ သွားကြတယ်။ ပြန်လာကြတယ်။ မြန်မာပြည်ထဲမှာ ဖြစ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမူရေးအခြေအနေတွေ ဆွေးနွေးပြတာရှိပါတယ်။ အဓိက သူတို့ဆွေးနွေးပြတယ်။

ကျနော် ဦးအောင်မင်းနဲ့ ဆွေးနွေးတဲ့အပိုင်းတွေမှာရော ကျနော်တို့ ကြားသိနေတဲ့ အပိုင်းတွေမှာတော့ အစိုးရဘက်က ပြုပြင်ပြောင်းလဲမူကို တော်တော်လေး လိုလားလာတယ်။ စိတ်ပိုင်းဖြတ်လာတာကို တွေ့ရတယ်။ ကျနော်ရဲ့ ယူဆချက်ပေါ့နော်။ ဘယ်လိုပြောင်းလဲရင် ကောင်းမလဲလို့ နည်းလမ်း ရှာနေကြပုံရတယ်။ နောက်တစ်ခုက ကျနော်လေ့လာတွေ့ရှိချက် ထူးခြားတာတစ်ခုကတော့ လူသားစွမ်းရည်ပေါ့ဗျာ။ Capacity က မြန်မာပြည်မှာ တော်တော်လေး ကျဆင်းနေတာကို တွေ့ရတယ်ပေါ့ဗျာ။ အဲ့ဒီ့တစ်ချက်ကိုလည်း ဆွေးနွေးမယ့်အထဲမှာ ပါလာမယ်။ အဲ့တာကလည်း အရင်က သွားတဲ့သူတွေက ကျနော့်ကို အကြံပေးပါတယ်။ အခုဖြစ်နေတဲ့ အခြေအနေ။”

ဒါဟာ သူတို့အနေနဲ့ ၂၄ အတွင်း ပထမဆုံးအကြိမ် မြန်မာပြည်ထဲကို တရားဝင် သွားရောက်ခွင့်ရတာဖြစ်တဲ့အပြင် မိဘဆွေမျိုးနဲ့ လုပ်ဖော်ကိုင်ဖက် အသိမိတ်ဆွေတွေနဲ့ တွေ့ခွင့်ရမှာဖြစ်ပါတယ်။

“ ကျနော် ၂၄ နှစ်ရှိပြီပေါ့။ ဒါ ပထမဆုံး အကြိမ်ပေါ့။ အရမ်းပျော်ပါတယ်။ အထူးသဖြင့် ကျနော် ၂၄နှစ် လုံးလုံးပေါ့ဗျာ။ လူ့ဘဝမှာ ကိုယ့်ရဲ့ ဇာတိမြေဟာ အကြီးမားဆုံး အမြဲတမ်း သတိရနေရတဲ့ နေရာဌာနတစ်ခု ဖြစ်ပါတယ်။ အဲ့ဒီ့ဇာတိမြေကို ကျနော်တို့ မေ့ပြီးတော့ နေခဲ့တဲ့ရက် နာရီဆိုတာ မရှိသလောက်ပါပဲ။ သွားခွင့်ရမယ်။ ဆွေးနွေးတယ်ဆိုတာ နိုင်ငံရေးအရပေါ့။ ကျနော့်ပါစင်နယ်အရ တစ်ဦးချင်းအရ အရမ်းကို ဝမ်းသာတယ်။ အထူးသဖြင့် မိသားစုတွေနဲ့ တွေ့ရမယ်။ အမေနဲ့ တွေ့ရမယ်။ ဆွေမျိုးတွေနဲ့တွေ့ရမယ်။ ကျနော်ချစ်ခင်တဲ့ ရဲဘော်တွေကလည်း အများကြီးရှိတယ်။ သူတို့တွေနဲ့ တွေ့ရမယ်ဆိုတော့ အရမ်းဝမ်းသာတယ်။ အထူးသဖြင့် ကျနော်အလွန်တွေ့ချင်နေတဲ့ ကျနော်ရဲ့ မိတ်ဆွေသူငယ်ချင်းတွေ ရှိပါတယ်။”

သူတို့အနေနဲ့ လက်ရှိအစိုးရအတွင်းက တာဝန်ရှိသူတွေရဲ့ ဖိတ်ကြားချက်အရ တရားဝင် သွားရောက်တာဖြစ်တာကြောင့် သမ္မတ ဦးသိန်းစိန်နဲ့ပါ တွေ့ဆုံ ဆွေးနွေးဖို့ ရှိတယ်လို့ ပြောပါတယ်။

“အဓိက ပြန်ရတဲ့အကြောင်းရင်းကတော့ ဦးသိန်းစိန်အစိုးရက တာဝန်ရှိတဲ့ ဝန်ကြီးတစ်ချို့ရဲ့ ဖိတ်ကြားချက်အရပေါ့နော်။ မြန်မာပြည်မှာ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဆွေးနွေးဖို့ ကျနော်တို့ အခုသွားမှာဖြစ်ပါတယ်။ တရားဝင်ပေါ့လေ။ ကျနော်တို့ကို တွေ့တယ်။ တရားဝင်ဗီဇာ ထုတ်ပေးတယ်ဆိုတော့ တရားဝင် သွားတာပေါ့လေ။ ဟိုရောက်ရင်လည်း သမ္မတနဲ့ပါ တွေ့ဆုံဆွေးနွေးဖို့ ရှိပါတယ်ခင်ဗျာ။”

ကိုမိုးသီးဇွန်ဟာ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအတွင်း ရှေ့တန်းကနေ ဦးဆောင်ပါဝင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင် တဦးဖြစ်သလို မြန်မာနိုင်ငံအတွင်းမှာ လူ့ဘောင်သစ်ပါတီကို စတင် တည်ထောင်သူတွေထဲက တဦးအပါအဝင်ဖြစ်တဲ့အပြင် ABSDF ကျောင်းသားတပ်မတော် ခေါင်းဆောင်ဟောင်း တဦးလည်း ဖြစ်ပါတယ်။

ဒီကနေ့ သြဂုတ်လ ၃၁ ရက်နေ့မှာပဲ ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု FDB အကြီးအကဲလည်းဖြစ်၊ ABSDF ကျောင်းသားတပ်မတော် ခေါင်းဆောင်ဟောင်းလည်းဖြစ်တဲ့ ဒေါက်တာ နိုင်အောင်နဲ့ တခြား လုပ်ဖော်ကိုင်ဖက် ၂ ဦးတို့ မြန်မာနိုင်ငံကို ရောက်လာကြပြီ ဖြစ်ပါတယ်။ သူတို့အနေနဲ့ သီးခြား တာဝန်ယူနေကြတဲ့ ကိုယ်ပိုင် အဖွဲ့အစည်းတွေ ရှိနေကြပေမယ့်လည်း သဘောထားတိုက်ဆိုင်သူ၊ ရည်ရွယ်ချက်တူသူ တဦးချင်း လက်တွဲလုပ်ကြတဲ့သဘောနဲ့ မြန်မာနိုင်ငံကို ပြန်လာတာဖြစ်ပြီး အဖွဲ့အစည်းတခုခုကို ကိုယ်စားပြု သွားရောက်တာမျိုး မဟုတ်ဘူးလို့ ပြောပါတယ်။
XS
SM
MD
LG