သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မီဒီယာကို တလတခါပဲ တွေ့မယ် ဆိုတဲ့ မွန်ဝန်ကြီးချုပ်


မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးမင်းမင်းဦး အမေရိကန်ပြည်ထောင်စု ကိုရောက်ရှိစဉ် ဗွီအိုအေနဲ့တွေ့ဆုံစဉ်။
မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးမင်းမင်းဦး အမေရိကန်ပြည်ထောင်စု ကိုရောက်ရှိစဉ် ဗွီအိုအေနဲ့တွေ့ဆုံစဉ်။

မွန်ပြည်နယ် အစိုးရအဖွဲ့ရဲ့ လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ကိစ္စတွေကို မီဒီယာအဖွဲ့တွေ နဲ့တလတကြိမ်သာ တွေ့ခွင့်ပေးမယ်လို့ ပြည်နယ် ဝန်ကြီး ချုပ်ကနေပြောဆိုတဲ့ အပေါ်မှာ မီဒီယာတွေ အကြားမှာ ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။ ပြည်နယ် ဝန်ကြီးချုပ်အနေနဲ့ သတင်းမီဒီယာတွေနဲ့တွေ့ဆုံဖို့ အချိန်အခက်ခဲရှိနေတာကြောင့် ဒီလိုသတင်း ရယူခွင့်ကန့်သတ် လိုက်တာဟာ သတင်းသမား တွေအတွက် အခက်တွေ့စေသလို သတင်းရယူခွင့် ပြည်သူတွေ သတင်း သိရှိခွင့် နောက်ကျ သွားမယ်လို့လဲ ဒေသခံမီဒီယာ တွေ ကနေ ပြောဆိုနေကြပါတယ်။ ဒီအခြေအနေ ကိုတော့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်ကနေ ဆက်သွယ် မေးမြန်းပြီး အခုလို သတင်းပေးပို့ထားပါတယ်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦးကနေ မွန်ပြည်နယ်အတွင်းမှာရှိတဲ့ မီဒီယာ အဖွဲ့တွေ နဲ့ တလတကြိမ်သာ တွေ့ခွင့်ပေးမယ်လို့ မနေ့ကပြောဆိုခဲ့ကြောင်း တနင်္သာရီဂျာနယ် သတင်းထောက် မိရင်စနိုင်းကပြောပါတယ်။

" ၂၇ရက်နေ့ကျတော့ ကျမတို့ပြန်သွားတယ်။ ချိန်းထားလို့ ဟိုရောက်တော့ ဝန်ကြီးချုပ်ကတော့ ရှိနေတယ်။ အခန်းထဲမှာ သူ့ရဲ့ရုံးခန်းက ကောင်လေးပဲ ထွက်လာပြီးတော့ ရင်စနိုင်းတို့ကိုပြောတယ်။ သူက သတင်းထောက်တွေနဲ့ မတွေ့တော့ဘူးတဲ့။ တလတကြိမ်ပဲ တွေ့တော့မယ်တဲ့ အဲ့ဒီ့အခါ ကျရင်လည်း တွေ့မယ့် ရက်ကို သူအကြောင်းပြန်ပေးမယ်တဲ့။ အဲ့တာပြန်မေးလိုက် တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အဲ့တာ သူက အခုတလော သတင်းထောက်တွေက ခနခန လာနေတယ်တဲ့။ ဝန်ကြီးချုပ်ကလည်း သူအလုပ်လုပ်ရမယ့် အလုပ်တွေ အများကြီး ရှိတယ်တဲ့။ သူအချိန်မပေးနိုင်ဘူးတဲ့ အဲ့လိုပြောတယ်။"

မွန်ပြည်နယ် အစိုးရအဖွဲ့ရဲ့ လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ကိစ္စတွေကို မီဒီယာအဖွဲ့တွေ နဲ့တလတကြိမ် တွေ့ဆုံသွားမယ်လို့ ဝန်ကြီးချုပ် ကပြောဆိုခဲ့တာပါ။

အခုလိုသတင်းရယူခွင့် ကန့်သတ်လိုက်တာဟာ သတင်းသမားတွေအတွက် အခက်တွေ့စေတယ်လို့လဲ မိရင်စနိုင်းကပြောပါတယ်။

" ဘယ်လိုအခက်အခဲတွေ တွေ့မလဲဆိုတာက သတင်းထောက်တွေ အနေနဲ့က နေ့စဉ်နဲ့အမျှ သတင်းတွေက ရေးနေရတယ်လေ။ တချို့ သတင်းတွေကလည်း အချိန်နဲ့တပြေးညီ တင်နေရတဲ့ သတင်းတွေလည်း ရှိတယ်။ ဆိုတော့ သူတို့အနေနဲ့ တလ တခါမှ ပေးတွေ့မယ်ဆိုရင် တချို့သတင်းတွေကလည်း သူတို့ဘက်ကို မေးမှ သူတို့ဘက်ကို အတည်ပြုမှ ဒီမှာ သတင်းက တင်လို့ရတယ်လေ။ နို့မို့ရင် တဖက်ပြောနဲ့ပဲ သတင်းကဖြစ်နေတော့ ဒီလိုမျိုး သူတို့ တလတကြိမ်မှ ဆိုတော့ ဘယ်လိုမှ အဆင်မပြေနိုင်ဘူးလေ။"

မွန်ပြည်နယ် အစိုးရအနေနဲ့ မီဒီယာတွေကို သတင်းရယူခွင့် ကန့်သတ်လိုက်တဲ့ လုပ်ရပ်ဟာ မဖြစ်သင့်ဘူးလို့ မော်လမြိုင်အခြေစိုက် သံလွင်တိုင်း သတင်းဌာန အယ်ဒီတာချုပ် ဦးကိုကိုဇော်ကပြောပါတယ်။

" ကျနော်တို့က လူထုရဲ့ သိပိုင်ခွင့်တွေကို အချိန်နဲ့အမျှ တင်ဆက်ဖို့ ကြိုးစားနေတဲ့ နေရာပါ ဒီလိုမျိုး ကန့်သတ်လိုက်ခြင်းအားဖြင့် တလစာလုံးလုံးမှာ ထုတ်ပြန်မယ့် သတင်းကို လူထုကို သိရမယ်ဆိုရင် ကျနော်ပြောတာက တော်တော်လေး အဆင်မပြေတဲ့အနေအထားပါ ဒါ မဖြစ်သင့်ဘူးလို့ ကျနော်မြင်ပါတယ်။ အရင်ဝန်ကြီးချုပ်တုန်းက ဝန်ကြီးချုပ် ကို တွေ့ဆုံမေးမြန်းခွင့် မရပေမဲ့ ဝန်ကြီးဌာန အကုန်လုံးကိုတော့ ကျနော်တို့ မေးမြန်းခွင့်ရပါတယ်။ အချိန်မရွေးလည်း သွားမေးလို့ ရပါတယ်။ မေးလို့ရှိရင်လည်း သူတို့သိရင် သိတဲ့အကြောင်း ဖြေပါတယ်။"

အရင်မွန်ပြည်နယ်အစိုးရလက်ထက်မှာ လွတ်လပ်စွာသတင်းယူခွင့်ရှိခဲ့ပေမဲ့ NLD ဦးဆောင်တဲ့ ပြည်နယ် အစိုးရလက်ထက်မှာ သတင်းရယူခွင့် ကန့်သတ် ခံနေရတယ်လို့ ဦးကိုကိုဇော်က ဆိုပါတယ်။

လက်ရှိမွန်ပြည်နယ် ဝန်ကြီးချုပ်ဟာ နိုင်ငံရေးအတွေ့အကြုံအားနည်းလို့ မီဒီယာတွေနဲ့ တွေ့ဆုံဖို့ ဝန်လေးနေတယ်လို့ယူဆကြောင်း မွန်ပြည်နယ်အခြေစိုက် လွတ်လပ်သော မွန်သတင်းအေဂျင်စီရဲ့အယ်ဒီတာ နိုင်ဗညားအောင်က အခုလို ဆိုပါတယ်။

" ကျနော်တို့ ပြည်နယ်ဝန်ကြီးချုပ်ကလည်း နုတယ်။ သူက နိုင်ငံရေး အတွေ့အကြုံလည်း မရှိတော့ သူက မီဒီယာနဲ့ရင်ဆိုင်ရမယ့် ကိစ္စကတော့ နည်းနည်းတော့ ဝန်လေးနေတဲ့ပုံ ပေါ်တယ်ဗျ။ သူ့ရဲ့အပြောအဆိုတွေကလည်း ကြည့်လိုက်လို့ရှိရင် မွန်တွေအပေါ်မှာ ပြောတဲ့ဥစ္စာက လည်း အစွဲအလမ်းကြီးတဲ့ လူမျိုးတို့ ဘာတို့ဆိုတဲ့အပေါ်မှာလည်း အများကနေ ကြားသလိုပေါ့ဗျာ။ သူက မီဒီယာနဲ့ တွေ့ဖို့ ရင်ဆိုင်ဖို့ရာ သူ့မှာ သတ္တိ ရှိမှာမဟုတ်ဘူး။ အဲ့ဒီ့အပေါ်မှာလည်း သူ့အားနည်းချက်ပဲ ဖြစ်ပါလိမ့်မယ်။"

သတင်းရယူဖို့ ကန့်သတ်ထားတဲ့ အခြေအနေနဲ့ပတ်သက်လို့သိရှိအောင် ဝန်ကြီးချုပ်ရုံးကို ဆက်သွယ်မေးမြန်းရာမှာ ဖြေကြား ပေးဖို့ အဆင်မပြေဘူးလို့ ရုံးအဖွဲ့ဝင်တဦးကဆိုပါတယ်။

" အော် ဆရာရေ အခုလောလောဆယ်မှာတော့ ကျနော်တို့မှာ ပြောဖို့ အဆင်မပြေပါဘူးခင်ဗျာ။"

တခြားပြည်နယ်ဝန်ကြီးတွေကိုဆက်သွယ်မေးမြန်းရာမှာလဲ အစိုးရအဖွဲ့အတွင်း သတ်မှတ်ချက် စည်းကမ်းအရ ၎င်းတို့အနေနဲ့ ပြောဆိုပိုင်ခွင့် မရှိဘဲ ပြည်နယ် ဝန်ကြီးချုပ်ရုံးကသာ ပြောပိုင်ခွင့်ရှိတယ်လို့ဆိုပါတယ်။

လက်ရှိ မွန်ပြည်နယ် အစိုးရသစ်အနေနဲ့ တာဝန်ယူတာ မကြာသေးတဲ့အတွက် သတင်းနဲ့ ပြန်ကြားရေးအဖွဲ့ကို ဖွဲ့စည်းနိုင်ခြင်း မရှိသေးဘူးလို့ လည်း ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်တဦးက ပြောပါတယ်။

ပြည်နယ်ဝန်ကြီးချုပ် အနေနဲ့ သတင်းမီဒီယာတွေနဲ့တွေ့ဆုံဖို့ အချိန်အခက်ခဲ ရှိနေတာကြောင့် သတင်းသမားတွေနဲ့ တွေ့ဆုံတဲ့ နေ့ရောက်ရင် သက်ဆိုင်ရာ ပြည်နယ် ဝန်ကြီးတွေကိုပါ ခေါ်ဖို့ စီစဉ်ပေးသွားမယ် လို့ ဝန်ကြီးချုပ် ကနေပြောဆိုခဲ့တယ်လို့ ဒေသခံ သတင်းထောက်တွေကပြောပါတယ်။

အစိုးရအဖွဲ့တခုအနေနဲ့ သတင်းရယူခွင့်ကန့်သတ်ထားတာဟာ သတင်း ရယူခွင့် ပြည်သူတွေ သတင်းသိရှိခွင့် နောက်ကျသွားမှာ ဖြစ်တဲ့အတွက် ဒီမိုကရေစီ ကျင့်စဉ်နဲ့ သွေဖီသွားစေနိုင်တယ်လို့ BNI ခေါ် နိုင်ငံတကာမြန်မာ သတင်းအဖွဲ့ရဲ့ ဒါရိုက်တာ နိုင်ကဆော့မွန် က အခုလို သုံးသပ်ထားပါတယ်။

"ကမ္ဘာပေါ်မှာ ရှိတဲ့ ဒီမိုကရေစီနိုင်ငံတွေ များသောအားဖြင့်က ဒီ ဝန်ကြီးချုပ်က နေ့တိုင်း ရုံးတက်တဲ့အချိန်မှာ သတင်းစာဆရာတွေနဲ့ များသောအားဖြင့်က တွေ့ပါတယ်။ ရုံးဆင်းရင်လည်း တွေ့တတ်ပါတယ်။ မလွှဲမရှောင်သာ တွေ့ရမယ်။ ဒါမှ သတင်းထောက်တွေ မေးမြန်းတဲ့မေးခွန်း၊ သတင်းထောက်တွေ မရှင်းလင်းတဲ့ကိစ္စ ဒါဖြေရှင်းပြောကြားပေးရမှာပဲဖြစ်တယ်။ ဒါမှ သတင်းလွတ်လပ်မှုနဲ့သတင်းကို အချျိန်မှီပြည်သူလူထု တင်ပြနိုင်မှာဖြစ်ပါတယ်။ အစိုးရဘက်က တလတခါပဲ လုပ်ငန်း အစီရင်ခံတဲ့ ပုံစံပဲ လုပ်မယ်။ ဝန်ကြီးချုပ် ကပဲဖြစ်ဖြစ် အစိုးရ ဝန်ကြီးတွေကပဲဖြစ်ဖြစ် သတင်းစာဆရာတွေ မီဒီယာတွေ နဲ့ အမြဲတမ်း တွေ့ဆုံခွင့် မလုပ်ပေးနိုင်ဘူး။ အကယ်လို့ သတင်းအင်တာဗျူး လုပ်တဲ့အခါမှာ မလုပ်ပဲနဲ့ငြင်းပယ်တာတွေ ဒါတွေ ဖြစ်ခဲ့မယ်ဆိုရင် ဒီမိုကရေစီနိုင်ငံတခုမှာ သတင်းစာလွတ်လပ်ခွင့် သတင်းရယူခွင့် ပြည်သူတွေ သတင်းသိရှိဖို့ရာ တအားနောက်ကျသွားမှာဖြစ်ပါတယ်။ ဒါကတော့ ဒီမိုကရေစီကျင့်စဉ်နဲ့ ဆန့်ကျင်သွားနိုင်ပါတယ်။"

အစိုးရအနေနဲ့ ပြည်သူလူထုကို အသိပေးလိုရင် မီဒီယာကနေ အသိပေးနိုင်ပြီး သတင်းမီဒီယာ သမားတွေအနေနဲ့လဲ သတ်မှတ် ချက် စည်းကမ်းနဲ့အညီ အစိုးရ ရုံး ဌာန အဖွဲ့အစည်းတွေမှာ သတင်း အချက်အလက်ရယူခွင့်၊ နေရာထိုင်ခင်းရခွင့်နဲ့ ဝင်ထွက် သွားလာခွင့်ရှိကြောင်းသတင်းမီဒီယာ ဥပဒေ၊ အခန်း(၃) ပုဒ်မ ၄ (ဃ)မှာဖေါ်ပြထားပါတယ်။

XS
SM
MD
LG