သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မွန်ပြည်သူ့စစ် ဗိုလ်မှူးတဦး လက်နက်တွေနဲ့အတူ ဖမ်းမိ


မြန်မာအစိုးရထံ လက်နက်ချခဲ့ပြီး ဌာနေပြည်သူ့စစ် အသွင်ပြောင်း အဖွဲ့တခုဖြစ်တဲ့ မွန်ငြိမ်းချမ်းရေးနဲ့ ကာကွယ်ရေး တာဝန်ရှိသူတဦးကို လက်နက် ၈ လက် ကျည်မျိုးစုံ ၁ သောင်းကျော် လိုင်စင်မဲ့ မော်တော်ကား တစီးနဲ့အတူ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ရဲတပ်ဖွဲ့ကနေ ဖမ်းဆီးထားပြီး လက်နက်ဥပဒေနဲ့ အရေးယူထားခဲ့ပါတယ်။

ဒီဖမ်းဆီးမှုဖြစ်စဉ်အတွက် မြို့နယ်ရဲတပ်ဖွဲ့ကနေ စိစစ်အရေးယူသွားမှာဖြစ်သလို ပင်မ မွန်ငြိမ်းချမ်းရေးနဲ့ ကာကွယ်ရေး အဖွဲ့အနေနဲ့ကတော့ သူတို့တပ်ဖွဲ့ကမဟုတ်ဘဲ ထပ်မံ ခွဲထွက်တဲ့ နိုင်အားချမ်းဦးဆောင်တဲ့ ခွဲထွက်အဖွဲ့ကလို့လည်း ပြောဆိုမှုတွေ ရှိနေပါတယ်။ ဒီအခြေအနေတွေကိုတော့ ဗွီအိုအေထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်ကနေ အခုလို သတင်းပေးပို့ထားပါတယ်။

မွန်ပြည်နယ် မော်လမြိုင်မြို့နယ်အတွင်းမှာ လက်နက် ၈ လက် ကျည်မျိုးစုံ ၁ သောင်းကျော် လိုင်စင်မဲ့ မော်တော်ကားတစီးနဲ့အတူ ဖမ်းဆီးခံနေရတဲ့ မွန်ငြိမ်းချမ်းရေးနဲ့ ကာကွယ်ရေးအဖွဲ့က ဗိုလ်မှူးအဆင့်ရှိသူ နိုင်မြင့်နိုင်ကိုတော့ မော်လမြိုင်မြို့နယ် ဇေယျာသီရိရဲစခန်းမှာ ဖမ်းဆီးထားပြီး အမှုဖွင့်ထားတယ်လို့ မော်လမြိုင်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ရဲမှူးအောင်မြင့်က အခုလို ပြောပါတယ်။

“သူက မွန်ငြိမ်းချမ်းရေး ကာကွယ်ရေးအဖွဲ့က ဗိုလ်မှူးအဆင့်ရှိသူ ဖြစ်တယ်ဗျ။ သူ့ကဒ်ပြားအရပေါ့နော်။ သူပြောသလောက်ပေါ့။ အဲဒီတော့ သူ့အဖွဲ့အစည်းက မှန်မမှန် ဆိုတာကလည်း ဒါ စအဖ အဖွဲ့ကနေတော့ စိစစ်နေတာပေါ့နော်။ လက်နက်တွေကတော့ သူဝယ်ထားတယ်လို့ ပြောပါတယ်။ အဖွဲ့အစည်းကလည်း ထုတ်ပေးထားတယ်၊ နောက်ပြီး သူ ဝယ်ထားတာက ပစ်စတို ၂ လက်လို့ အဲဒီလို အကြမ်းဖျဉ်းတော့ လတ်တလောတော့ သိရတယ်ပေါ့ဗျာ။ အသေးစိတ်ကတော့ ထပ်စိစစ်သွားဖို့ အနေအထားတော့ ရှိပါတယ် ကျနော်တို့က။ ထပ်ပြီးတော့ စိစစ်ဖော်ထုတ်နေပါတယ်။ သူပြောတဲ့ အနေအထားတွေ မှန်မမှန်တော့ စိစစ်ပြီးတော့ပေါ့၊ ဖော်ထုတ်ပြီးတော့ တရားစွဲသွားမှာ ဖြစ်ပါတယ်။ အရေးယူတာကတော့ ကျနော်တို့ ဇေယျာသီရိ ရဲစခန်းအပိုင် ဖြစ်တဲ့အတွက် ဇေယျာသီရိ ရဲစခန်းမှာ ကျနော်တို့ စခန်းမှူးကနေပြီးတော့ တရားလိုလုပ်ပြီးတော့မှ လက်နက် ယာယီပြင်ဆင်ချက် အက်ဥပဒေပုဒ်မ ၁၉ - က နဲ့ပေါ့နော်။”

ပြီးခဲ့တဲ့သောကြာနေ့ညပိုင်းမှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ စရဖတပ်ဖွဲ့ဝင်တွေကနေ သတင်းအရ မော်လမြိုင်မြို့ ဇေယျာမြိုင်ရပ်ကွက် သပြေလမ်းအမှတ် (၁၈၁) နိုင်မြင့်နိုင်နေအိမ်ကို သက်သေများနှင့်အတူ ဝင်ရောက် ရှာဖွေရာမှာ လက်နက်မျိုးစုံ (၈) လက် ကျည်ဆံမျိုးစုံ ၁ သောင်းကျော် လိုင်စင်မဲ့ မော်တော်ယာဉ်တစီးကို သိမ်းဆီးရရှိခဲ့ပြီးနောက်ပိုင်း လက်နက် (ယာယီ)၊ ပြင်ဆင်ချက် အက်ဥပဒေပုဒ်မ ၁၉-က အရ အခုလို အမှုဖွင့် အရေးယူထားတယ်လို့ ရဲမှူးအောင်မြင့်က ပြောပါတယ်။

“အဲဒီညက စအဖအဖွဲ့က သတင်းလာပို့တာပေါ့၊ ရုံးကို။ ဒါနဲ့ ကျနော်တို့ မွန်ငြိမ်းချမ်းရေး ကာကွယ်ရေးအဖွဲ့ကလားလို့ ဗိုလ်ချုပ်နိုင်ထောအိမ်ကို လာခဲ့တာပေါ့။ ဗိုလ်ချုပ်ကပြောတယ်၊ ဒီအဖွဲ့က ကျနော်တို့အဖွဲ့နဲ့ ခွဲထွက်လာတာ ၄ နှစ်ကျော် ရှိပြီ၊ ဆိုတော့ သူ့အဖွဲ့ထဲက မဟုတ်ဘူးပေါ့။”

မွန်ငြိမ်းချမ်းရေးနဲ့ကာကွယ်ရေးအဖွဲ့ဟာ ယခင်မွန်ပြည်သစ်ပါတီစစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်အောင်နိုင်ကနေ ပါတီက နေနှုတ်ထွက်ပြီးနောက်ပိုင်း ၂၀၀၈ခုနှစ်မှာ ဒီအဖွဲ့ကိုတည်ထောင်ခဲ့ပြီး ၂၀၁၁ခုနှစ်မှာ မြန်မာအစိုးရ အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှာ လက်နက်ချခဲ့သလို ဌာနေပြည်သူ့စစ်အသွင်နဲ့ ဘားအံ - ကျိုက်မရော ကော့ကရိတ် သံဖြူဇရပ်မြို့နယ်ဘက်မှာ အခြေပြုနေခဲ့ပါတယ်။

၂၀၁၂ ခုနှစ် မွန်ငြိမ်းချမ်းရေးနဲ့ ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်အောင်နိုင် ကွယ်လွန်ပြီးနောက်ပိုင်း မွန်ပြည်သစ် ပါတီကနေ အနားယူထားတဲ့ ဗိုလ်မှူးကြီး နိုင်ရှောင်ကနေ အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပါတယ်။

လက်ရှိမှာ မွန်ငြိမ်းချမ်းရေးနဲ့ ကာကွယ်ရေးအဖွဲ့အနေနဲ့ အဖွဲ့ကွဲတွေရှိနေတဲ့အတွက် အဖမ်းခံရတဲ့သူဟာ မူရင်း မွန်ငြိမ်းချမ်းရေးနဲ့ ကာကွယ်ရေးအဖွဲ့က မဟုတ်ဘဲ နိုင်အားချမ်း ဦးဆောင်တဲ့ ခွဲထွက်အဖွဲ့ကလို့ အဖွဲ့ရဲ့ရုံးအုပ် နိုင်စိုးသန်းက ပြောပါတယ်။

မွန်ငြိမ်းချမ်းရေးနဲ့ကာကွယ်ရေးအဖွဲ့ကတာဝန်ရှိသူတဦးကို လက်နက်နဲ့တကွဖမ်းဆီးခံနေရမှုအပေါ် နိုင်အားချမ်း ဦးဆောင်တဲ့တပ်ဖွဲ့က ခေါင်းဆောင်တဦးကနေ မွန်ဘာသာနဲ့အခုလိုပြောပါတယ်။

“အကြောင်းကတော့ ဒီသေနတ်တွေကို သူတို့ မြို့ပေါ် သယ်သွားတုန်းက သူတို့အနေနဲ့ သက်ဆိုင်ရာကို သတင်းမပို့ထားလို့ အခုလို ဖြစ်သွားတာ။ နိုင်အာချမ်းတို့အဖွဲ့က လက်နက် (၈) လက် ပါသွားတယ်။ သူ့ကိုတော့ ရဲစခန်းမှာ ထိန်းထားတယ်။ ကျနော်တို့ အဖွဲ့အနေနဲ့လည်း သူလွတ်မြောက်ရေးအတွက် ဆက်လက် အယူခံဝင်သွားမယ်။”

အကြောင်းကတော့ ဒီသေနတ်တွေကို သူတို့မြို့အပေါ်သယ်သွားတုန်းက သူတို့အနေနဲ့သက်ဆိုင်ရာကို သတင်းမပို့ ထားလို့အခုလိုဖြစ်သွားတာ။ နိုင်အားချမ်းတို့အဖွဲ့က လက်နက်(၈)လက်ပါသွားတယ်။ သူ့ကိုတော့ရဲစခမ်းမှာ ထိမ်း ထားတယ်။ ကျွန်တော်တို့ အဖွဲ့အနေနဲ့လည်း သူလွတ်မြောက်ရေးအတွက် ဆက်လက်အယူခံဝင်သွားမယ်။

နိုင်အားချမ်းဦးဆောင်တဲ့ မွန်ငြိမ်းချမ်းရေးနဲ့ကာကွယ်ရေးခွဲထွက်အဖွဲ့ဟာ ဖါးအံမြို့နယ်နဲ့ကော့ကရိတ်မြို့နယ်ဖက်မှာ အခြေပြုလှုပ်ရှားနေပါတယ်။ မွန်ပြည်နယ်အတွင်း အပစ်ရပ်လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့အိမ်ကို ဝင်ရောက်စီးနင်းပြီး လက်နက်အများအပြား ဖမ်းဆီးရခဲ့မှုဟာ ဒါဟာပထမဆုံးအကြိမ်ဖြစ်သလို တရားမဝင်လက်နက်ဖမ်းဆီးရခဲ့မှုနဲ့ပက်သက်ပြီး ဥပဒေအကြောင်း အရာအရ စီစစ်အရေးယူသွားမယ်လို့ မော်လမြိုင်မြို့နယ်ရဲတပ်ဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။

XS
SM
MD
LG