သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်လာဈေး ကျဆင်းမှု မြန်မာဘဏ်တွေ အဝယ်ပိတ်


အမေရိကန်ဒေါ်လာ လဲလှယ်နေစဉ်။
အမေရိကန်ဒေါ်လာ လဲလှယ်နေစဉ်။

ပြည်တွင်းမှာ အမေရိကန်ဒေါ်လာဈေး ဖေဖော်ဝါရီ လဆန်းပိုင်းကစပြီး သိသိသာသာ ကျဆင်း လာ တာမို့ ပြည်တွင်း ဘဏ်တချို့ရဲ့ ငွေလဲကောင်တာတွေ အခုရက်ပိုင်း ဒေါ်လာ ဝယ်ယူမှု ပိတ်ထားကြပါ တယ်။ ပြည်တွင်းငွေလဲနှုန်း ဆက်တိုက်ကျဆင်းနေတာကို ဗဟိုဘဏ်အနေနဲ့ ဝင်ထိန်းပေးဖို့လိုသလို ဒေါ်လာဈေး အတက်အကျ မြန်လွန်းတာကို သတိထားဖို့လိုတယ်လို့ ဘဏ် လုပ်ငန်းရှင်တွေ ထောက်ပြ ကြပါတယ်။ သတင်းအပြည့်အစုံ ကိုတော့ ဗွီအိုအေ သတင်းထောက် မမြင့်မြင့်ခိုင်က တင်ပြပေးမှာပါ။

ဖေဖော်ဝါရီ ၈ ရက်နေ့က ပြည်တွင်းဘဏ်တွေရဲ့ တရားဝင်ငွေလဲကောင်တာတွေမှာ အမေ ရိကန် ဒေါ်လာဈေးနှုန်း ၁၂၆၁ ကျပ်ရှိခဲ့ရာက ဒီကနေ့ ဖေဖော်ဝါရီ ၁၀ ရက် နေ့မှာ ၁၂၃၀ အထိ ဆက်တိုက် ကျဆင်းခဲ့ပါတယ်။ ပြည်တွင်းမှာ အမေရိကန်ဒေါ်လာဈေး ဆက်တိုက် ကျဆင်းနေတာမို့ ပြည်တွင်း ပုဂ္ဂလိက ဘဏ်တွေရဲ့ တရားဝင်ငွေလဲ ကောင်တာတွေမှာ ဒေါ်လာဝယ်ယူမှု ပိတ်ပင်ထား တာကြောင့် အမေရိကန် ဒေါ်လာ လဲလှယ်လိုသူတွေအနေနဲ့ ပြင်ပဈေးကွက်မှာပဲ အလဲအလှယ် လုပ်နေကြရတာပါ။

အခုလို အမေရိကန်ဒေါ်လာဈေး အတက်အကျ မြန်လွန်းတာကို ဗဟိုဘဏ်အနေနဲ့ ဝင်ထိန်း ပေးဖို့ လိုပြီး ဈေးကွက်ကိုတော့ ထိန်းချုပ်ဖို့ မဖြစ်နိုင်ဘူးလို့ ကမ္ဘောဇဘဏ်ရဲ့ အကြီးတန်း အကြံပေး ဦးသန်းလွင်က ပြောပါတယ်။

“ဒေါ်လာဈေးက တအားကျတာ၊ တအားတက်တာ သိပ်မကောင်းဘူး။ အတက်တောင်မှ ဖြေးဖြေး ညင်ညင်သာသာနဲ့ တက်တာကောင်းတယ်။ ညင်ညင်သာသာနဲ့ဆင်းတာကောင်းတယ်။ ဒီဟာမျိုးတက်တာ၊ ကျတာကို အတက်မကြမ်းဖို့၊ အကျမကြမ်းဖို့ အရေးကြီးတယ်။ ဒါလေးတခုပဲ။ အဲဒါကိုတော့ ဗဟိုဘဏ်က ညင်ညင်သာသာ ထိန်းကျောင်းပေးရင်ကောင်းတယ်။”

ပြည်တွင်းဘဏ်တွေရဲ့ ငွေလဲကောင်တာတွေ ဒေါ်လာဝယ်ယူမှု ပိတ်ထားတာနဲ့ ပတ်သက်လို့ တော့ သူက အခုလိုဆက်ပြောပါတယ်။

“ပိတ်တာတော့မဟုတ်ဘူး။ ကျနော့်အနေနဲ့တော့ ပိတ်တာတော့မဟုတ်ဘူး။ အမှန်သူက ခဏ ယာယီ suspend လုပ်တာပေါ့နော်။ ဘာဖြစ်လို့လဲ ဆိုတော့ ရောင်းတဲ့လူက သိပ်များတော့ ငွေလေးတွေ ပြတ်သွားတာ ရှိတယ်ပေါ့လေ။ အဲဒါ ပြတ်သွားတာရှိရင် ပြန်ဖြည့်ရတဲ့အချိန်မှာ ခဏလေးစောင့်ပါ၊ ငွေပြန်ယူနေတာလေးတွေ ဒါမျိုးတွေ ရှိတယ်လေ။ ငွေပြန်ပြီးတော့ ဖြည့်တင်းရတာပေါ့။ ဖြည့်တင်းရတဲ့အခါကျတော့ ဒီကြား ကာလလေးတွေ ရှိတာပေါ့နော်။”

အမေရိကန်ဒေါ်လာတန်ဖိုး ကျဆင်းမှုနဲ့ အမေရိကန်ရဲ့ စီးပွားရေး နှေးကွေးမှုက ပြည်တွင်းဒေါ်လာဈေး ရုတ်တရက် ကျဆင်းမှုရဲ့ အဓိကအကြောင်းရင်းဖြစ်ပြီး မြန်မာပြည် နိုင်ငံရေးအခြေအနေ တည်ငြိမ် မှုနဲ့လည်း သက်ဆိုင်တယ်လို့ စီးပွားရေးပညာရှင် ခင်မောင်ညို (ဘောဂဗေဒ)က ပြောပါတယ်။

“ တကယ်တမ်းကတော့ ကျနော်တို့ နဂို မှန်းတာကတော့ ဘာမှ ကျစရာအကြောင်းမရှိဘူးပေါ့လေနော် နဂိုယူဆတဲ့ဟာကတော့။ ဒါပေမယ့် တကယ့်တကယ်ကတော့ ကျတဲ့ဟာ တော်တော်လေးကို မြန်တာတွေ့ရတယ်။ တခုကတော့ အမေရိကန်ဒေါ်လာ ကိုယ်တိုင်က အားနည်းတဲ့သဘောပေါ့လေ အဲဒီတချက်တွေ့ရတယ်။ ပြည်တွင်းက အများဆုံးပြောလို့ရတာ ကတော့ နိုင်ငံရေးတည်ငြိမ်မှုပေါ့လေ။ ဒီအသွင်ကူးပြောင်းတဲ့အချိန်မှာ အစောတုန်းက တော်တော်လေး စိုးရိမ်ပူပန်လာတာတွေရှိကြတယ်။ မတည်မငြိမ်ဖြစ်မှာ စိုးတော့ အဲဒါကို ဒေါ်လာကိုင်ကြတယ်။ ကိုင်တာများတယ်ပေါ့လေ။ အခု အဲဒါ မကိုင်တော့ဘူးဆိုတာ တချက်ကြားရတယ်။ တကယ့်တကယ် ကတော့ သေသေချာချာ ပြောနိုင်တာဆိုလို့ အမေရိကန်ရဲ့ စီးပွားရေး နှေးကွေးတာ တခုကတော့ သေသေချာချာပေါက် ပြောနိုင်တယ်။ တခြားဟာတွေကတော့ မှန်းဆရတာ တော်တော်လေး ခက်တယ်ပေါ့နော်။ကျတဲ့ ဟာကတော်တော်လေးမြန်နေတယ်။”

ဒေါ်လာဈေးကျဆင်းမှုကြောင့် သွင်းကုန်တွေဈေးကျမယ်လို့ ယေဘုယျ အနေနဲ့ ပြောနိုင်ပေမယ့် မြန်မာပြည်တော့ ကုန်ဈေးနှုန်းရုတ်တရက် ကျဆင်းဖို့တော့ မဖြစ်နိုင်ဘူးလို့ သူက သုံး သပ်ပါတယ်။

“မှန်းတာကတော့ဗျာ ဖြစ်သင့်ဖြစ်ထိုက်တာကတော့ သွင်းကုန်တွေ ဈေးကျရမှာပေါ့။ ဒါပေမယ့် မြန်မာပြည်ရဲ့ထုံးစံအတိုင်း ဘယ်သူမှတော့ ဈေးချမယ်လို့ မထင်ပါဘူး။ အဲတော့ နည်းနည်းလေး ကြာတဲ့အခါကျရင်တော့ တချို့ ပစ္စည်းတွေ ဈေးချ မလားတော့ မပြောတက်ဘူး။ ရုတ်တရက်ကြီးက မဖြစ်နိုင်ပါဘူး။ သိတဲ့အတိုင်းပဲ မြန်မာပြည်မှာလည်း ဈေးတက်တာမြန်တာ၊ ဈေးချတာတော့ နည်းနည်း ခဲယဉ်းတယ်။

ဗဟိုဘဏ်ကတော့ ဖေဖော်ဝါရီ ၉ ရက်နေ့မှာ အမေရိကန် ဒေါ်လာငွေ လဲလှယ်နှုန်း တစ်ဒေါ် လာကို ၁၂၄၈ ကျပ် ကနေ ဒီကနေ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာတော့ ၁၂၃၀ကျပ်ကို ပြောင်းလဲသတ်မှတ် ထားပြီး မြန်မာပြည်ရဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်း အပြောင်းအလဲမြန်လွန်းတာကြောင့် ဗဟိုဘဏ် အနေ နဲ့လည်း ပြင်ပဈေးကွက်ပေါ်မူတည်ပြီး ရည်ညွှန်း ငွေလဲနှုန်းကို သတ်မှတ်နေရတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG