သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်အရှေ့ခြမ်း စစ်ရေးလေ့ကျင့်မှု မိုင်းလားအဖွဲ့ ကန့်ကွက်


မြန်မာစစ်တပ် စစ်ရေးလေ့ကျင့်။ (ဇန်နဝါရီ ၄၊ ၂၀၁၅)
မြန်မာစစ်တပ် စစ်ရေးလေ့ကျင့်။ (ဇန်နဝါရီ ၄၊ ၂၀၁၅)

ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ ၄က အစိုးရနဲ့ အပစ်ရပ်ထားတဲ့ NDAAခေါ် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်ဖွဲ့ နယ်မြေအနီးမှာ အစိုးရတပ်က သံချပ်ကာ ၁၀စင်းလောက် စစ်ရေး လေ့ကျင့်မှု လုပ်ဆောင်တာဟာ သင့်တော်မှု မရှိကြောင်း NDAA ရဲ့ ပြောခွင့်ရသူက ဒီကနေ့ ပြောဆိုပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မိုင်းလားအဖွဲ့လို့ လူသိများတဲ့ NDAAခေါ် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်ဖွဲ့ နယ်မြေအနီးမှာ ဒီလို စစ်ရေးလေ့ကျင့်တာဟာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ကိုးကန့်ဒေသစစ်ပွဲမှာ NDAA ပါဝင်ပတ်သက်ကြောင်း သတင်းထုတ်ပြန် ထားချိန်၊ နောက် ကိုးကန့်အဖွဲ့ခေါင်းဆောင်ဦးဖုန်ကြားရှင်ဟာ မိုင်းလားမှာ နေထိုင်ကြောင်း သတင်းထွက်ပေါ်နေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

စစ်ရေးလေ့ကျင့်တာကို တြိဂံဒေသတိုင်းစစ်ဌာနချုပ်( တသခ) လက်အောက်ခံ သံချပ်ကာတိုက်ခိုက်ရေးတပ်က ဒီလ ၅ရက်နေ့က ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ NDAA အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးကြည်မောင်က ပြောပါတယ်။

"မနေ့က တသခ သံချပ်ကာ ကား ဆယ်စီးနဲ့ လေ့ကျင့်ရေးအနေနဲ့ မိုင်းလားဘက်ကို ဦးတည်ပြီး မိုင်းလားဘက်က မိုင်၂၀ကျော်ကျော်လောက်မှာ ကျိုင်းတုံနဲ့ မိုင်းလာ လာတဲ့ နမ့်လီချောင်းပေါ်မှာ တံတားပေါ်မှာ ရပ်ပြီး ပြန်ခေါက် သွားတယ်။ အဲ့တာ လေ့ကျင့်ရေး တခု လာလုပ်တာ။"

အရင်က သူတို့နယ်မြေအနီးမှာ သံချပ်ကာ ကား တွေ ဒီလိုလေ့ကျင့်တာ မရှိဘူးလို့လည်း ပြောပါတယ်။ ဖေဖော်ဝါရီလ ၂၁ရက်နေ့ က နေပြည်တော်မှာ ကျင်းပတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရုံး သတင်းစာရှင်းလင်းပွဲမှာ ဦးဖုန်းကြားရှင်ခေါင်းဆောင်တဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်ဖွဲ့ MNDAA ခေါ် ကိုးကန့်တပ်ဖွဲ့ကို NDAA အဖွဲ့က ဝ၊ ပလောင်၊ ကချင်စတဲ့ အဖွဲ့တွေနဲ့အတူ ကူညီပေးခဲ့သလို ကိုးကန့်အဖွဲ့ အင်အား ၁၀၀၀လောက်ကို မိုင်းလားမှာ လေ့ကျင့်စေခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၂၆ရက်နေ့မှာ UWSAခေါ် ဝပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့နဲ့ NDAAခေါ် မိုင်းလားအဖွဲ့က တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်းထုတ်ပြန်ချက်ဟာ စွပ်စွဲချက် သာဖြစ်ပြီး ဒီစွပ်စွဲချက်ကို ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်းကတော့ နေပြည်တော်က တပ်မတော် အဆင့်မြင့် အရာရှိတဦး ပါဝင်တဲ့အဖွဲ့ မိုင်းလားကို ရောက်ရှိလာခဲ့ ပါတယ်။ တပ်မတော် အဆင့်မြင့်အရာရှိနဲ့ NDAA အဖွဲ့ ဆွေးနွေးချိန်မှာ သံချပ်ကာယာဉ်တွေ စစ်ရေးလေ့ကျင့်တာဟာ မသင့်တော်ကြောင်းလည်း ဦးကြည်မောင်က ဆက်ပြောပါတယ်။

" နေပြည်တော်က လူကြီးတွေ စရဖက ဗိုလ်မှူးကြီးကို လွှတ်ပြီးမှ ကျနော်တို့ကို အခြေအနေရှင်းပြတယ်။ တဖက်က နေပြည်တော်က လူကြီးက ကျနော်တို့ကို အားပေးတယ်။ ငြိမ်းချမ်းရေး ဆက်လုပ်ပါ။ ပြည်ထောင်စုတည်ဆောက်ရေးဘက်မှာ ဆက်လက်ကြိုးစားပါ။ လူကြီးတွေကို ယုံကြည်တယ်။ တဖက်မှာ သံချပ်ကာ ကားနဲ့ ဆယ်စင်းလောက် လာလေ့ကျင့်တယ်ဆိုတော့ ကျိုင်းတုံကွင်းက ကျယ်တာပဲ အဲ့အထဲမှာပဲ လုပ်လို့ရတယ်။ ဒါပေမဲ့ ဒီဘက်မှာ သူတို့လာတာတော့ သိပ်ပြီးတော့ အမြင်မကောင်းဘူးပေါ့။ ကြည့်လို့ မကောင်းဘူးပေါ့။ ပြည်သူလူထု က ကြောက် တယ်လေ။"

ဒီရက်ပိုင်းတွေအတွင်းမှာပဲ ကိုးကန့်အဖွဲ့ခေါင်းဆောင် ဦးဖုန်ကြားရှင်ဟာ သားမက်ဖြစ်သူ NDAA အဖွဲ့ခေါင်းဆောင် ဦးစိုင်းလင်းရဲ့ အထူးဒေသ ၄ မိုင်းလားမှာ နေထိုင်နေတယ်လို့လည်း သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ ဒီသတင်းအပေါ်မှာတော့ NDAA ခေါ် မိုင်းလားအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဦးကြည်မောင်က အခုလို တုံ့ပြန်ပါတယ်။

" အော် ဦးဖုန်ကြားရှင်ကိစ္စက ဒီလိုဖြစ်တယ်။ သူက ကိုးကန့်ဘက်မှာ လည်း နောက်ပိုင်းမှာ ဆိုရင် သူက တရုတ်ရော၊ ယိုးဒယားရော မိုင်းလားရော အဲ့လို သွားသွားလာလာ ရှိတယ်။ နောက် မိုင်းလာမှာ သွားလာတာ နည်းနည်း သူ့သမီးရှိလို့ အဲ့တာ ခဏ ခဏ ရောက်တယ်။ အဲ့တာ ရောက် လာပြီး ပြန်သွား၊ ပြန်သွားပြီး ပြန်လာ အဲ့လိုပေါ့။ အဓိက သူအခြေစိုက်တာက ယိုးဒယားပါ။ အခု ဒီတလောတော့ မရှိပါဘူး။ သွားသွားလာလာပါပဲ။ ဒီကို ဘယ်အချိန်လာတယ်။ ဘယ်အချိန်ထွက်သွားတယ် မသိဘူး။ "

NDAA ခေါ် မိုင်းလားအဖွဲ့ဟာ ၁၉၈၉ခုနှစ်မှာ UWSA ခေါ် ဝတပ်ဖွဲ့၊ MNDAA ခေါ် ကိုးကန့်တပ်ဖွဲ့တို့လို ဗမာပြည်ကွန်မြူနစ်ပါတီကနေ ခွဲထွက်ပြီး အပစ်အခတ် ရပ်စဲခဲ့တဲ့အဖွဲ့ဖြစ်ပါတယ်။

လောလောဆည်မှာတော့ ကိုးကန့်ဒေသမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ် ပွားနေပေမဲ့ လောက်ကိုင်မြို့ မှာတော့ အခြေအနေ တည်ငြိမ်လာပြီဖြစ်တာကြောင့် စစ်ရှောင်ပြည်သူတွေနဲ့ ဝန်ထမ်းတွေ ပြန်လာနေပြီဖြစ်ကြောင်း အစိုးရ သတင်းစာတွေမှာ ဖော်ပြထားပါတယ်။ ဒီလ ဒုတိယပတ်အတွင်းမှာတော့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့ဟာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် ထပ်မံဆွေးနွေးဖို့ ရှိနေပြီး ဒီဆွေးနွေးပွဲမှာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေက ကိုးကန့်အရေးကိုလည်း ဆွေးနွေးဖို့ ရှိနေပါတယ်။

XS
SM
MD
LG