သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှင်ဂမ္ဘီရ(ခ) ညီညီလွင် ထပ်မံ ဖမ်းဆီးခံရ


အရှင်ဂမ္ဘီရ ရဟန်းဝတ်စဉ်။ (ဇန်နဝါရီ ၁၆၊ ၂၀၁၂)
အရှင်ဂမ္ဘီရ ရဟန်းဝတ်စဉ်။ (ဇန်နဝါရီ ၁၆၊ ၂၀၁၂)
ရွှေဝါရောင်တော်လှန်ရေးမှာ အဓိက ဦးဆောင်ပါဝင်ခဲ့တဲ့ အရှင်ဂမ္ဘီရခေါ် ကိုညီညီလွင်ကို ဒီဇင်ဘာ ၁ ရက်နေ့မှာ အာဏာပိုင်တွေက ဖမ်းဆီး ခေါ်ဆောင်သွားပြီး အခု အင်းစိန် အကျဉ်းထောင်မှာ ထိန်းသိမ်းထားတယ်လို့ AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းက ပြောပါတယ်။ လက်ရှိအခြေအနေမှာ ဆေးကုသမှုခံယူနေရတဲ့ အရှင်ဂမ္ဘီရရဲ့ ကျန်းမာရေးအခြေအနေကို စိုးရိမ်တဲ့အတွက် သူနဲ့ အမြန်ဆုံးတွေ့နိုင်ဖို့ စုံစမ်းနေတယ်လို့လည်း မိသားစုဝင်တွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

အရှင်ဂမ္ဘီရခေါ် ကိုညီညီလွင်ကို အာဏာပိုင်တွေက ဒီဇင်ဘာလ ၁ ရက်နေ့ညက ဖမ်းဆီး ခေါ်ဆောင်သွားပြီး လက်ရှိအချိန်ထိ ချုပ်နှောင်ထားဆဲဖြစ်တယ်လို့ ထိုင်းနိုင်ငံ အခြေစိုက် AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့က အတွင်းရေးမှူး ကိုတိတ်နိုင်က ပြောပါတယ်။

"ဟုတ်ကဲ့။ ကျနော်တို့ အတည်ပြုလို့ရပါတယ်။ ပထမဖမ်းသွားတယ်။ နောက် သင်္ဃန်းကျွန်းရဲစခန်းမှာ ထားတယ်။ ည ၁၁နာရီလောက် သူ့အမေကို ပြန်လွှတ်လိုက်တယ်။ သူ့အမေပါ လိုက်သွားတာကိုး။ သူ့အမေကို ဖမ်းတာမဟုတ်ဘူး။ လိုက်သွားတာ။ သူ့ကိုတော့ မနေ့ညက အင်းစိန်ထောင်ကို ပို့လိုက်တယ်။ ပုဒ်မ သုံးခု တပ်တယ်။ ပုဒ်မ သုံးခုတပ်ပြီးတော့ ရဲစခန်းသုံးခုကနေ တရားစွဲပြီးတော့ ရမန်ယူထားတာဖြစ်တယ်။"

သူ့ကို စွဲချက်တင်ထားတဲ့အမှုတွေကတော့ ပုဒ်မ ၄၄၈ - တရားမဝင် ဝင်ရောက် နေထိုင်မှု၊ ပုဒ်မ ၄၂၇ - ကျပ်ငွေ ၅၀ နှင့်အထက် ပိုင်ဆိုင်မှုများအား ပျက်ဆီးစေမှု၊ ပုဒ်မ ၄၅၄ - တားမြစ်ထားသော အဆောက်အဦးအား ဖျက်ဆီး ဝင်ရောက်မှုတို့ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုစွဲဆိုထားတဲ့ ပုဒ်မတွေဟာ အရင်ကတည်းက ရှိနေတဲ့ ပုဒ်မတွေဖြစ်တာကြောင့် ဒါဟာ နောက်ကြောင်းပြန်လှည့်တဲ့ လုပ်ရပ်ဖြစ်တယ်လို့လည်း ကိုတိတ်နိုင်က ပြောပါတယ်။

ကိုညီညီလွင် ပျောက်ဆုံးတဲ့အချိန်ကစလို့ သူ့ကို ဘယ်မှာ ထိန်းသိမ်းထားတယ်ဆိုတာ သိနိုင်အောင် မိသားစုဝင်တွေက သက်ဆိုင်ရာ နယ်မြေအသီးသီးက အာဏာပိုင် အဖွဲ့အစည်းတွေထံ လိုက်လံ စုံစမ်းခဲ့ပေမယ့် တစုံတရာ ထုတ်ဖော် ပြောဆိုခဲ့ခြင်းမရှိဘူးလို့ ကိုညီညီလွင်ရဲ့ အကိုဖြစ်သူ ကိုအောင်ကျော်ကျော်က ဗွီအိုအေကို ပြောပြပါတယ်။

ကိုညီညီလွင်ဟာ အရင်တခေါက် ဖမ်းဆီး ထိန်းသိမ်းခံရတဲ့အချိန်တုန်းက ခံခဲ့ရတဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကြောင့် စိတ်ပိုင်းဆိုင်ရာ အပါအဝင် ကျန်းမာရေး ထိခိုက်နေသူ တဦးဖြစ်ပါတယ်။ သူ့ရောဂါဝေဒနာတွေအတွက် ဆေးကုသမှုတွေ ဆက်လက် ခံယူနိုင်ဖို့အတွက် မိသားစုအနေနဲ့ သူဘယ်မှာရှိတယ် ဆိုတာကို အခုလို အပူတပြင်း လိုက်ရှာနေတာဖြစ်တယ်လို့ ကိုအောင်ကျော်ကျော်က အခုလို ပြောပြပါတယ်။

"မနေ့တုန်းက လာရောက်ခေါ်ဆောင်သွားတဲ့ သင်္ဃန်းကျွန်းမြို့နယ် ရဲစခန်းမှူး ရဲအုပ်သန့်ဇော်ဦးဆီကို ကျနော် သွားတွေ့ပါတယ်။ သွားတွေ့တဲ့အခါ ဦးဂမ္ဘီရ ဘယ်မှာလည်း။ ဖမ်းဆီးထိန်းသိမ်း ထားတဲ့နေရာလေးတော့ ကျနော်ကိုပြောပါဆိုတော့ ကျနော်တို့ ဖမ်းတဲ့နေ့ ညတွင်းချင်းပဲ သန်လျင်မြို့နယ် စခန်းမှူး ရဲအုပ်မြင့်ကျော်လက်ထဲ အပ်လိုက်ပါတယ်လို့ပြောပါတယ်။ အဲ့တာနဲ့ ကျနော်တို့ သန်လျင်မြို့နယ်ကို ချက်ခြင်းလိုက်ပါတယ်။ ရဲအုပ်မြင့်ကျော်နဲ့တွေ့တော့ ကျနော်တို့ဆီမှာ မထားတော့ပါဘူးတဲ့။ ညတွင်းချင်းပဲ အင်းစိန်ထောင်ကို ပို့လိုက်ပါပြီ ပြောပါတယ်။ ဒီနေ့မနက် ၁၂နာရီမှာ ကျနော်တို့ အင်းစိန်ထောင်ကို သွားစုံစမ်းရပါတယ်။ အင်းစိန်ထောင်ဗူးဝမှာရှိတဲ့ စုံစမ်းရေးမှာ ထောင်မှူးဝင်းဇော်နဲ့တွေ့ပါတယ်။ ထောင်မှူးဝင်းဇော်ကို ဦးဂမ္ဘီရ အင်းစိန်ထောင်မှာ ရှိမရှိ ဆိုတာကို မေးမြန်းတဲ့အခါမှာ ထောင်မှူး ဝင်းဇော်က ထောင်အတွင်းထဲကို ဖုန်းဆက်ပြီး စုံစမ်းပေးပါတယ်။ စုံစမ်းပေးတဲ့အခါမှာ ဦးဂမ္ဘီရမရှိဘူးဆိုတာကို သိရပါတယ်။ ထောင်မှူးဝင်းဇော်က အခိုင်အမာပြောဆိုတာက သူ့ကို ဘယ်နေ့က ပို့လိုက်တယ်လို့ပြောလိုက်သလဲဆိုတော့ ၂ရက်နေ့ ညက ပို့လိုက်တယ်လို့ ရဲအုပ်မြင့်ကျော်က ပြောလိုက်ပါတယ်ဆိုတော့ မဖြစ်နိုင်ဘူးခင်ဗျတဲ့။ ၂ရက်နေ့ညက ကျနော် ဒီထောင်ဂိတ်ဝမှာ တာဝန်မှူး တာဝန်ကို ထမ်းဆောင်နေတာတဲ့။ ဘယ်အကျဉ်းသားမှ လာအပ်တာမရှိဘူးတဲ့။ အဲ့လိုမျိုး အခိုင်အမာပြောပါတယ်။ အဲ့တော့ ဦးဂမ္ဘီရဟာ အင်းစိန်ထောင်မှာ မရှိဘူးဆိုတာ သေချာပါတယ်။ အဲ့တော့ ဦးဂမ္ဘီရကို အင်းစိန်ပို့လိုက်ပြီလို့ ပြောတဲ့ ရဲအုပ်မြင့်ကျော်ဟာ ကျနော်တို့ မိသားစုဝင်တွေကို အမှန်ကို အမှန်အတိုင်းမပြောဘဲနဲ့ ဘယ်မှာ ဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတာကို မသိရတဲ့အတွက် ရဲအုပ်မြင့်ကျော်ဟာ ဥပဒေကို ချိုးဖောက်တဲ့သူဖြစ်ပါတယ်။ တရားဥပဒေကို လေးစားလိုက်နာသူမဟုတ်ပါဘူး။ ကျနော်တို့ မိသားစုအနေနဲ့လည်း ဦးဂမ္ဘီရဟာ ကျမ်းမာရေး ဆေးကုသမှု ခံယူနေဆဲဖြစ်တဲ့အတွက် အင်မတန်မှ စိုးရိမ်ပါတယ်။ သူ့ကိုဆေးကုသခွင့်လည်း ရချင်ပါတယ်။ မိသားစုအနေနဲ့ တွေ့လည်း တွေ့ချင်ပါတယ်။"

အရှင်ဂမ္ဘီရဟာ ၂၀၀၇ ခုနှစ် စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးမှာ ဦးဆောင် ပါဝင်ခဲ့သူတဦးဖြစ်ပြီး ထောင်ဒဏ် ၆၈ နှစ် ပြစ်ဒဏ် ပေးခံထားရာကနေ အခုနှစ် ဇန်နဝါရီလတုန်းက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။
XS
SM
MD
LG