သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပံတောင်းဆန္ဒပြမှု ဆက်လက်ဖြစ်ပွား


လက်ပံတောင်းကြေးနီစီမံကိန်း ဖျက်သိမ်းရေး ဆန္ဒပြချီတက်နေသော ဒေသခံပြည်သူများ။
လက်ပံတောင်းကြေးနီစီမံကိန်း ဖျက်သိမ်းရေး ဆန္ဒပြချီတက်နေသော ဒေသခံပြည်သူများ။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းဖို့အတွက် လက်ပံတောင်းဒေသခံပြည်သူ ၂၀၀ လောက် ဒီကနေ့ ညနေပိုင်းမှာ ဆန္ဒပြခဲ့ကြပါတယ်။ တုံရွာကနေ ရွှေလေကျေးရွာအထိကို ဆန္ဒပြသူတွေ ကြွေးကြော်ချီခဲ့ကြတာဖြစ်ပါတယ်။ တချိန်ထဲမှာပဲ ရန်ကုန် မန္တလေး မြင်းခြံ ပခုက္ကူ တောင်ကြီးစတဲ့ မြို့တွေမှာလည်း မနက်ဖြန် ၁ နာရီမှာ သံဃာတွေ အချိန်ကိုက် ဆန္ဒပြဖို့ စီစဉ်နေကြပါတယ်။ အပြည့်အစုံကို ဘန်ကောက်ရုံးကနေ မစုမြတ်မွန်တင်ပြပေးထားပါတယ်။

လက်ပံတောင်းတောင် ကြေးနီတူးဖော်ရေးစီမံကိန်းကြောင့် ဒေသခံတွေနစ်နာမှုရှိတာကြောင့်ရော သဘာဝပတ်ဝန်းကျင်ကို ထိခိုက်တာကြောင့်ပါ စီမံကိန်းကို ရပ်ဖို့တောင်းဆိုမှုတွေမှာ ဒီကနေ့တော့ လက်ပံတောင်း ဒေသခံ ၂၀၀ လောက် ညနေ ၄ နာရီမှာ စပြီး ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြပွဲနဲ့ ပတ်သက်လို့ စီမံကိန်းရပ်ရေး ဒေသခံတွေနဲ့အတူ ကူညီလှုပ်ရှားနေတဲ့ မြန်မာနိုင်ငံ ဝိဇ္ဇာနဲ့သိပ္ပံ တက္ကသိုလ် ကျောင်းသားများကွန်ယက်က ကိုသောင်းထိုက်က အခုလို ပြောပြပါတယ်။

“လက်ပံတောင်းဒေသမှာရှိတဲ့ ပြည်သူတွေက လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝဖျက် သိမ်းရေးကို တောင်းဆိုတဲ့အနေနဲ့ ဆန္ဒပြတာပါ။ ပြီးတော့ ၁၇ ရက်နေ့က စဖွင့်တဲ့ သပိတ်စခန်းတွေ ကို ၂၉ ရက်နေ့မှာ အာဏာပိုင်တွေက အကြမ်းဖက်ဝင်ရောက် နှိမ်နင်းတာနဲ့ ပတ်သက်ပြီး ဒေသ ခံ ပြည်သူတွေက လုံးဝ မကျေနပ်ကြဘူး။ လုံးဝမမျှတဘူးဆိုတဲ့အနေနဲ့ ဆန္ဒပြတာ ဖြစ်သလို လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေးအတွက် တောင်းဆိုရေးနဲ့ ဖမ်းဆီး ထိန်းသိမ်းခံ နေရပြီး အမှု ရင်ဆိုင်နေရတဲ့သူတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုတာပါ။”

မေး။ ။ အဲဒီတော့ အင်အားဘယ်လောက် ရှိပါလဲရှင့်။ ဘယ်နားမှာ ဆန္ဒပြနေတာပါလဲ။

“အင်အားကတော့ ၂၀၀ လောက်ပဲ ရှိပါတယ်။ တုံရွာထိပ်ကနေ ရွှေလေအထိကို လမ်းလျှောက် ချီတက်ပြီးတော့ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေတာပါ။”

မေး။ ။ အခုလိုမျိုး ဆန္ဒဖော်ထုတ်နေတဲ့အခါမှာရော သက်ဆိုင်ရာက တားမြစ်တာ ရှိပါသလား။

“အခု အချိန်အထိကတော့ လာပြီးတားမြစ်တာ မရှိသေးပါဘူး။ ဒါပေမဲ့ အရပ်ဝတ်နဲ့ရဲတွေက ဘေးကနေ ဝိုင်းပြီးကြည့်နေတာတော့ ရှိပါတယ်။”

ကြေးနီစီမံကိန်း ရပ်စဲရေးတောင်းဆိုနေတဲ့ သပိတ်စခန်းတွေအပေါ် နိုဝင်ဘာလ ၂၉ ရက်နေ့ က နှိမ်နှင်းရာမှာ ထိခိုက်ဒဏ်ရာရသူတွေကို ရွှေလေကျေးရွာမှာ သွားပြီး အားပေးကြမယ်လို့ ကိုသောင်းထိုက်က ပြောပါတယ်။ သံဃာတော် အများစု ဒဏ်ရာရခဲ့တဲ့ သပိတ်ခန်းတွေအပေါ် သက်ဆိုင်ရာက အင်အားသုံး နှိမ်နှင်းခဲ့မှုတွေနဲ့ ပတ်သက်လို့ အစိုးရက ကျေနပ်လောက်အောင် တောင်းပန် ဖြေရှင်းပေးတာမရှိတဲ့အတွက်လည်း ရန်ကုန်၊ မန္တလေး၊ ပခုက္ကူ၊ မြင်းခြံ၊ တောင်ကြီး စတဲ့မြို့တွေမှာ အချိန်ကိုက်ပြီး သံဃာတွေ ဆန္ဒပြကြဖို့ စီစဉ်နေကြပါ တယ်။ အထက်မြန်မာပြည် သံဃာတော်များ (မန္တလေး)က ဆရာတော်တပါးက သူတို့ အစီအစဉ်ကို VOA ကို ခုလို မိန့်ပါတယ်။

“ဦးဇင်းတို့က မနက်ဖြန်မှာ ၁ နာရီမှာ သပိတ်မှောက်ပါမယ်။ ပတ္တနိက္ကုဇ္ဇနကံ ဆောင်တာမျိုးတော့ မလုပ်ဘူး။ လောလောဆယ်တော့- အရင်ကလည်း ပတ္တနိက္ကုဇ္ဇနကံဆောင်ထားတာ လည်း ပြန်လှန်ထားတာ မဟုတ်သေးဘူးလေ။ အဲဒါကြောင့် အဲဒါကိုတော့ ကံပြန်ဆောင်တာမျိုး လုပ် မှာ မဟုတ်ဘူး။ ဦးဇင်းတို့ ရွှေဝါရောင်တော်လှန်ရေးပုံစံမျိုး လှုပ်ရှားမှု အရှိန်ကို မြှင့်သွားမှာပေါ့။ မနက်ဖြန် ၁ နာရီမှာစမယ်။ မန္တလေးရယ်၊ တောင်ကြီး၊ ပခုက္ကူရယ်၊ ချောက်ရယ်၊ ရန်ကုန်ရယ်၊ မြင်းခြံ ရယ်- ပေါင်းပြီးတော့ တပြိုင်တည်းလုပ်သွားဖို့ အစီအစဉ်ရှိတယ်။ အချိန်ကိုတော့ တနာရီမှာ တပြိုင်တည်းလုပ်ဖို့ စဉ်းစားတယ်။ ဒါပေမဲ့ လုပ်မယ့်ပုံစံက တနေရာနဲ့တနေရာ မတူဘူး။ တောင်ကြီး မှာဆို အေးတယ်။ အေးတော့ ထိုင်သပိတ်လုပ်လို့မရဘူး။ အဲဒီတော့ လမ်းလျှောက်မယ်။ ဦးဇင်းတို့ မန္တလေးမှာဆိုရင် ဦးဇင်းတို့က ထိုင်သပိတ်ပဲ။ လုပ်သွားမယ့်အနေအထားကတော့ အချိန်ကို တပြေးညီလုပ်ပြီးတော့ တောင်းဆိုတာ မရမချင်း လုပ်သွားမယ်။”

သပိတ်မှောက် သံဃာတွေ ဒဏ်ရာတွေ ဆိုးဆိုးဝါးဝါးရစေလောက်တဲ့အထိ ဖြိုခွင်းနှိမ်နှင်းခဲ့တာကို ပြည်ထောင်စု အစိုးရကနေ တောင်းပန်ဖို့အတွက် သံဃာတော်တွေက တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

“တောင်းဆိုထားတဲ့ဟာမှာ အခုချိန်အထိ သူတို့ဘက်က ဘာလုပ်ပေးလဲဆိုတော့ ဝန်ချတောင်းပန်တာ လိုလို ဘာလိုလိုနဲ့ မုံရွာမှာ မလိမ့်တပတ်လုပ်တာတခု ရှိတယ်။ နောက် ကော်မရှင်ဖွဲ့ပြီးတော့လည်း စုံစမ်းမလိုလို ဘာလိုလိုနဲ့ ရက်စွဲထားတာ တခုရှိတယ်။ သူတို့က အဲလိုမျိုးလုပ်တဲ့အခါကျတော့ ကျန်းမာရေး စောင့်ရှောက်မှုဆိုလည်း မုံရွာမှာတုန်းက ကြောက်ပြီးတော့ လုံးဝ ဆေးကုမပေးဘူး လို့ ပြောကြတယ်။ အခု မန္တလေးကတော့ စောင့်ကြည့်နေဆဲပဲ။ မနေ့တုန်းက ၃၂ ပါးနဲ့ လူ ၃ ယောက်ကို ဆင်းခိုင်းတယ်။ အဲလိုမျိုးဆိုတော့ ဦးဇင်းတို့ တောင်းဆိုတာတွေကို မလိမ့်တပတ်ပဲ လုပ်ထားတယ်။ တကယ်လိုက်လျောပေးတာ မရှိဘူး။ ဦးဇင်းတို့လိုချင်တာက ဝန်ချတောင်းပန် တယ်ဆိုတာက နိုင်ငံတော်သမ္မတက ဦးဆောင်ပြီးတော့ ဒီသံဃာတွေကို လာပြီးတော့ ကြည့်ရမယ်၊ ဒဏ်ရာရတဲ့ သံဃာတွေကို ဆေးရုံမှာလာပြီးတော့ ကြည့်ရမယ်။ ကြည့်ပြီးတော့မှ တောင်းပန်တဲ့နေရာ မှာလည်း မအန ဘုန်းကြီးတွေကို သွားတောင်းပန်ရမှာ မဟုတ်ဘူး။ တကယ်ခံရတဲ့ သံဃာတွေဆီကို ကိုယ်တိုင်လာ၊ လာပြီးတော့မှ ဝန်ချတောင်းပန်၊ အဲဒီလို တောင်းပန်တာကို ကြေညာချက်လည်း ထုတ်ပေးရမယ်။ ဒီဥစ္စာနဲ့ပတ်သက်ပြီးတော့ တကယ် တာဝန်ရှိတဲ့သူ- လုပ်တဲ့ရဲတွေကို ဆိုလိုတာ မဟုတ်ဘူး။ လုပ်တဲ့သူဆိုတာ။ အမိန့်ပေးတဲ့သူတွေ၊ လက်နက်ထုတ်ပေးတဲ့သူတွေ၊ အဲဒီလူတွေကို အရေးယူပေးရမယ်။”

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်ထဲက လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကြောင့် ဒေသခံတွေ အနေ နဲ့ မြေဧက ထောင်ပေါင်းများစွာ အသိမ်းခံခဲ့ရတဲ့အတွက် လယ်ယာလုပ်ကိုင်စားသောက်ဖို့ အခက်တွေ့ ခဲ့ကြသလို သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးအကျိုးဆက်တွေ ရှိလာနိုင်တဲ့အတွက် ဒီစီမံကိန်းကို ဆက်မလုပ်ဖို့ တောင်းဆိုနေကြတာဖြစ်ပါတယ်ရှင်။
XS
SM
MD
LG