သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်သံဃာထု တိုင်းမ်မဂ္ဂဇင်းကို ကန့်ကွက်ဆန္ဒပြ


ရန်ကုန်မှာကျင်းပတဲ့ သံဃာ့အစည်းအဝေး (ဇွန်လ ၂၇၊ ၂၀၁၃)
ရန်ကုန်မှာကျင်းပတဲ့ သံဃာ့အစည်းအဝေး (ဇွန်လ ၂၇၊ ၂၀၁၃)
ဇူလိုင်လ ၁ ရက်နေ့ထုတ် တိုင်းမ်မဂ္ဂဇင်းပါဆာင်းပါးကို ကန့်ကွက်တဲ့ သံဃာထု ဆန္ဒပြပွဲကြောင့် ရင်ထဲက ခံစားချက်တွေ အထိုက်အလျောက် လျော့ပါးသွားလိမ့်မယ်လို့ ရွှေဝါရောင်သံဃာတပါးက မိန့်ပါတယ်။ သံဃာတော် အပါး ၁,၅၀၀ လောက်ဟာ ကျောက်တံတား ရဲစခန်းရဲ့ ခွင့်ပြုမိန့်နဲ့ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ စုရုန်း ဆန္ဒပြခဲ့ကြတာပါ။ အခုလို ဆန္ဒပြကြတဲ့ သံဃာတော်တွေ ရှိနေချိန်မှာပဲ တဘက်မှာလည်း တချို့ဘုန်းတော်ကြီးတွေက ဒီ ကိစ္စကို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်အောင် မလုပ်သင့်ဘူးလို့ ရူမြင်တာတွေရှိနေပါတယ်။ ရန်ကုန်မြို့က သံဃာတွေရဲ့ ဆန္ဒပြပွဲအကြောင်း သတင်းထောက် ကိုအောင်ရဲမောင်မောင် က သတင်းပေးပို့ထားပါတယ်။

ဗုဒ္ဓဘာသာရဲ့ ကြမ်းတမ်းသောမျက်နှာစာ ဆိုပြီး ဇူလိုင်လ ၁ ရက်နေ့ထုတ် တိုင်းမ် မဂ္ဂဇင်းကြီးကို ဖော်ပြခဲ့တဲ့ မျက်နှာဖုံးဆောင်းပါးကို ဒီကနေ့မှာပဲ မြန်မာနိုင်ငံ အတွင်းက ထေရဝါဒ ကွန်ယက်က ကန့်ကွက်လိုက်တာပါ။ တိုင်းမ် မဂ္ဂဇင်းကို ကန့်ကွက်ခဲ့တဲ့ တချိန်တည်းမှာပဲ ဒီ မဂ္ဂဇင်းကို ပြည်တွင်းမှာ ဖြန့်ချိခွင့် ပိတ်လိုက်တဲ့ နိုင်ငံတော် သမ္မတရုံးရဲ့ အမိန့်ကို ထောက်ခံခဲ့ကြတာလည်း ဖြစ်ပါတယ်။

ဒီကနေ့ ဇွန်လ ၃၀ ရက်နေ့မှာပြုလုပ်တဲ့ ဆန္ဒပြပွဲဟာ ကျောက်တံတားမြို့ ရဲစခန်းရဲ့ ခွင့်ပြုမိန့်နဲ့ ထုတ်ဖော်ခွင့်ရခဲ့တာ ဖြစ်ပြီးတော့ တော်ရုံတန်ရုံ ဆန္ဒထုတ်ဖော်ခွင့်တွေနဲ့ ပတ်သက်ရင် ပြည်တွင်းမှာ လွယ်လွယ် ရလေ့မရှိဘဲ၊ ဒီ ဆန္ဒပြပွဲ ခွင့်ရခဲ့တဲ့အပေါ်မှာ နိုင်ငံရေးးတက်ကြွလှုပ်ရှားသူ အများစုက အံ့အားသင့်နေကြပါတယ်။

ရဟန်းသံဃာတော်အပါး ၁,၅၀၀ ကျော်လောက်ဟာ ဒီကနေ့ မွန်းလွဲပိုင်းမှာပဲ ဆူးလေ ဘုရားရှေ့က မြို့တော် ခန်းမရှေ့မှာ ဆန္ဒထုတ်ဖော်မှုတွေကို ပြုလုပ် ခဲ့တာလို့ ဆန္ဒပြပွဲမှာ ဦးဆောင် ပါဝင်ခဲ့တဲ့ ဆရာတော် တစ်ပါး ဖြစ်တဲ့ မကွေး ဆရာတော်ကြီး ဦးပါမောက္ခက မိန့်ပါတယ်။

“ဘုန်းကြီးတို့ ဒီနေ့ ဦးဝီရသူကို ဗုဒ္ဓဘာသာ၏ အကြမ်းဖက် မျက်နှာစာ ဆိုပြီးတော့ ဇွန်လ ၁ ရက်နေ့က တိုင်းမ်မဂ္ဂဇင်းက ထုတ်ဖော်ခြင်းအပေါ် ဘုန်းကြီးတို့က တိုင်းမ်မဂ္ဂဇင်းကို ကန့်ကွက်ခြင်း၊ အဲဒီ တိုင်းမ်မဂ္ဂဇင်းကိုပဲ သမ္မတကြီးကလည်း ကန့်ကွက်ထားလို့ သမ္မတကြီး ကန့်ကွက်ခြင်း အပေါ်မှာလည်း ဘုန်းကြီးတို့ ဂုဏ်ပြုပွဲ ဆိုပြီးတော့ ဒီနေ့ မြို့တော်ခမ်းမ နဲ့ မဟာဗန္ဓူလ ပန်းခြံရှေ့မှာ အင်အား ၁,၅၀၀ ခန့်လောက်ဖြင့် ဘုန်းကြီးတို့ရဲ့ ဆန္ဒထုတ်ဖော်ပွဲလေး လုပ်ဖြစ်ပါတယ်။”

ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို ဦးဆောင်ပြီး မြန်မာနိုင်ငံအတွင်းမှာ ဖွဲ့စည်းထားတဲ့ အရေးပေါ်ကာလ စီမံခန့်ခွဲမှု ဗဟိုကော်မတီကနေ တိုင်းမဂ္ဂဇင်းပါ ဆောင်းပါးကို ပြည်တွင်းမှာ ဖြန့်ချိခွင့် တားမြစ်ခဲ့တာပါ။
မြန်မာသံဃာတပါးဖြစ်တဲ့ ဦးဝီရသူ ပုံကို မျက်နှာဖုံးတင်ဖော်ပြတဲ့ “The Face of Buddhist Terror” ဆောင်းပါးကြောင့် ဗုဒ္ဓဘာသာကို အထင်အမြင် လွဲမှားစေပြီး၊ ဘာသာစုံအကြား အပြန်အလှန် ယုံကြည်မှု တည်ဆောက်နေတာကို ထိခိုက်စေတယ်ဆိုတဲ့ ပိတ်ပင်ခဲ့တာ လို့လည်း မြန်မာအာဏာပိုင်တွေက ဆိုပါတယ်။

တိုင်းမ် မဂ္ဂဇင်းဟာ မျက်နှာဖုံးမှာဖော်ပြထားတဲ့ ဆရာတော် ဦးဝိရသူ တစ်ပါးတည်းကို စွပ်စွဲတာတင် မကဘဲ၊ မြန်မာနိုင်ငံအတွင်းက ရဟန်းသံဃာအများစုကိုပါ ထိပါးတာကြောင့်၊ နောက်ပိုင်းမှာ တရား ဆွဲဖို့အထိ ပြင်ဆင်ထားတယ်လို့လည်း ဦးပါမောက္ခက မိန့်ခဲ့ပါတယ်။

“ဘုန်းဘုန်းတို့က ဦးဝီရသူကို တိုက်တွန်းပါတယ်။ တိုင်းမ် မဂ္ဂဇင်းကို တရားစွဲဖို့ တောင်းဆိုတဲ့အခါမှာ ဦးဝီရသူက တရားစွဲလိုမှု မရှိဘူးလို့ပြောတော့ ဘုန်းကြီးတို့ ရှေ့ဆက်လုပ်ဖို့ ဆိုတာကတော့ နောက်ထပ်ကိစ္စလေးတွေ သူတို့နဲ့ညှိပြီးတော့မှ လုပ်သင့်မလုပ်သင့်၊ တိုင်းမ်မဂ္ဂဇင်းကနေပြီးတော့ ဘုန်းကြီးတို့အပေါ်မှာ တောင်းပန်လာမယ်ဆိုရင်တော့ ဒါဟာ တရားစွဲဖို့က လုံးဝမလုပ်ဖြစ်တော့ဘူးလို့ သတ်မှတ်လို့ရတယ်။ ဘုန်းကြီးတို့ အပေါ်မှာ တောင်းပန်ဖို့မရှိဘူး ဆိုလို့ရှိရင်တော့ ဦးဝီရသူတို့နဲ့ တခြား တခြားသော အဖွဲ့အစည်းတွေနဲ့ တိုင်ပင်ပြီးတော့ လုပ်သင့်လုပ်ထိုက်တာကိုတော့ လုပ်ဖို့ အစီအစဉ်ရှိပါတယ်။”

ဒီလ ၂၇ ရက်နေ့တုန်းကကျင်းပခဲ့တဲ့ သံဃာ့ညီ်လာခံကနေ တိုင်းမ် မဂ္ဂဇင်းကို တညီတညွတ်တည်း ကန့်ကွက်ကြောင်း ကြေညာခဲ့သလို၊ အစည်းအဝေး နေ့ခင်းပိုင်း အစီအစဉ်ပြန် စချိန်မှာ ကြွရောက်လာခဲ့တဲ့ သီတဂူဆရာတော် အရှင်ဉာဏိဿရ ကလည်း ဆောင်းပါးမှာ ရေးသား ထားတာတချို့ ကို အင်္ဂလိပ်မူရင်းလို ဖတ်ပြီး ဘာသာပြန်မိန့်ကြားပြီးတဲ့နောက်၊ ဒါဟာ ရန်တိုက်ပေးတာ၊ မြှောက်ပေးတာ၊ စော်ကားထားတာ စသည်အားဖြင့် မိန့်ခဲ့ပါတယ်။ သံဃာထု အနေနဲ့ ဒီလိုရေးသားတာတွေအပေါ် ဒေါသနဲ့ မတုံ့ပြန်ကြဘဲ သည်းခံ ခွင့်လွှတ်စိတ်တွေနဲ့ တုံ့ပြန်ကြဖို့ကိုလည်း မိန့်မှာပါတယ်။

သီတဂူ ဆရာတော်ကြီး မိန့်ကြားခဲ့သလိုပဲ ရဟန်းသံဃာတော်တွေ အနေနဲ့ မေတ္တာတရားရှေ့ထားပြီး ဆန္ဒထုတ်ဖော်တဲ့ လုပ်ရပ်မျိူးတွေ မလုပ်ဆောင်ဖို့နဲ့ အခုလို လုပ်ရပ်မျိုးတွေနဲ့ ဆန္ဒထုတ်ဖော်လိုက်တဲ့ အတွက် သံဃာတော်တွေထဲမှာ ဖြစ်နေတဲ့ ခံစားချက်တွေ အနည်းငယ် လျော့ပါး သွားလိမ့်မယ်လို့ ထင်မြင်တဲ့အကြောင်း ရွှေဝါရောင်လှုပ်ရှားမှုမှာ ဦးဆောင်ခဲ့တဲ့ ဆရာတော် ဦပဏ္ဍဝံသ ကမိန့်ပါတယ်။

“အဲဒါကတော့ တကယ့်ကိုပဲ ဆရာတော်ကြီးက သမာသမတ်ကျကျ ပြော တာပေါ့နော်။ ဥပဇ္ဇင်းတို့ အနေနဲ့က တကယ်တမ်းပြောရမယ်ဆိုရင်တော့ ရဟန်းတော်တွေဟာ ဒေါသ၊ လောဘ မောဟ ဆိုတဲ့ မီးသုံးမီးကို ငြိမ်းသက်တဲ့ပုဂ္ဂိုလ်တွေ ဖြစ်နေတယ်။ အဲဒီတော့ ဖြစ်နေတယ်ဆိုတော့ ဒီဟာတွေ အားလုံးက တုတ်နဲ့ရိုက်လည်း ခံပေါ့နော်။ ခန္ဓီတရားနဲ့ပဲ သွားရမှာလေ။ ဆရာတော်ကြီး ပြောကြားချက်ကတော့ တကယ့်ကိုပဲ ထေရဝါဒမူအရနဲ့ ကိုက်ညီတာပေါ့။”

အခုလို သံဃာတော်တွေ အနေနဲ့ ဆန္ဒထုတ်ဖော်တဲ့အထိ ဖြစ်လာတာဟာ အစွန်းရောက် ဒကာတွေရဲ့ တိုက်တွန်းမှုကြောင့် ဖြစ်နိုင်တယ်လို့လည်း ဦပဏ္ဍဝံသ က ဖြည့်စွက်မိန့်ကြားပါတယ်။

“သံဃာတွေ တော်တော်များများက ဘာသာရေးအစွန်းရောက်တဲ့ ဒကာတွေရဲ့ လျှောက်ထားချက်တွေအရလည်း ပါမှာပေါ့နော်။”

ဇူလိုင် လထုတ် တိုင်းမ်း မဂ္ဂဇင်းကိုတော့ နိုင်ငံတော် သမ္မတရုံးကလည်း ကန့်ကွက်မှုတွေ လုပ်ထားပြီးတော့ ဇူလိုင်လ ၂၉ ရက်နေ့တုန်းကလည်း သာသနာရေးဝန်ကြီးဌာနက ဒီဆောင်းပါး ဖော်ပြမှုကို တရားဝင် ကန့်ကွက်ကြောင်းလည်း ပြောခဲ့တာဖြစ်ပါတယ်။
XS
SM
MD
LG