သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သံဃာဆန္ဒပြမှုပြုပြင်ပြောင်းလဲရေး ထိခိုက်နိုင်ဟု ပဓာန နာယက ဆရာတော် မိန့်


လက်ပံတောင်းတောင်အရေး ရန်ကုန်သံဃာတော်များဆန္ဒပြပွဲ
လက်ပံတောင်းတောင်အရေး ရန်ကုန်သံဃာတော်များဆန္ဒပြပွဲ
လက်ပံတောင်းတောင်ကြေးနီစီမံကိန်း သပိတ်စခန်းတွေကို အင်အား သုံး အကြမ်းဖက် ဖြို ခွင်း ခံ ရ တဲ့ အပေါ်မှာ သက်ဆိုင်ရာအာဏာပိုင်တွေက မတောင်းပန်တဲ့ အတွက် မြန်မာနိုင်ငံအတွင်း က သံဃာတွေဟာ စီတန်းလှည့်လည် ဆန္ဒပြတာတွေကို ပြု လုပ်လာကြချိန်မှာ အခုလို သံဃာတော်တွေ စီတန်း လှည့်လည်တာဟာ ရန်ကို ရန်ခြင်း ပြန်တုံနှင်းတဲ့ သဘောရောက်နေတာကြောင့် အခု လို ဆန္ဒပြတာတွေ ဆက် မလုပ်ဖို့ မိန့် ကြား လာတဲ့ ဆရာတော်ကြီး တွေလည်း ရှိနေပါတယ်။
အခုလို အာဏာပိုင်တွေကို တောင်းပန်ဖို့ ပြောနေတဲ့ သံဃာတော်တွေရှိနေပြီး၊ ဆန္ဒထုတ်ဖော်တာတွေ ဆက်မလုပ်ပဲ ရပ်တန့်ဖို့ ပြောလာတဲ့ သံဃာတော် တွေလည်း ရှိနေပါတယ်၊ ဒီအကြောင်း အပြည့်အစုံကိုတော် ဆက်သွယ်မေးမြန်းထားတဲ့ ရန်ကုန် ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြပေးမှာ ဖြစ်ပါတယ်။

မုံရွာမြို့ ဆားလင်းကြီး ခရိုင်အတွင်း က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွေ ရပ်ဆိုင်းပေးဖို့ ဆိုပြီး တောင်းဆိုခဲ့တဲ့ သပိတ်စခန်းက သံဃာတော်တွေကို အာဏာပိုင်တွေက အင်အားသုံးဖြိုခွင်းခဲ့ တာနဲ့ပတ်သက်ပြီး နိုင်ငံတော်သမ္မတ ဦးဆောင်ပြီးု တောင်းပန်ဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းအဖွဲ့ တွေက တောင်းဆိုပြီး ဆန္ဒထုတ်ဖော်မှုတွေပြုလုပ်နေကြတာပါ။

အခုလို တောင်းဆိုမှုတွေဟာ လက်ရှိမြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးကို ထိခိုက်လာနိုင်တယ် ဆိုပြီးတော့ ရန်ကိုရန်ခြင်းတုံ့နှင်းရာ ရောက်တယ်လို့ ဆရာတော်ကြီးတွေက ပြောဆိုလာခဲ့ပါတယ်။
မန္တလေးမြို့ မြဝတီမင်းကြီးကျောင်းတိုက် ပဓာနနာယကဆရာတော် ဦးအရိယဝံသာဘိဝံသ သံဃာတော်တွေ ဆန္ဒပြမှုအပေါ် သူ့ရဲ့သဘောထားကို ခုလို မိန့်ပါတယ်။

“အဖဘုရား ဟောတာ ဆုံးမတာ ရှိတယ်လေ။ ငါ့ကိုဆဲရေးခဲ့တယ်။ ငါ့ကိုနှိပ်စက်ခဲ့တယ်။ ငါ့ကို ဒုက္ခပေးခဲ့တယ်။ ဒီလိုအတွေးတွေတွေးကြရင် ရန်ညိုးတွေဆိုတာ ဘယ်တော့မှ ပြေမှာမဟုတ်ဘူးတဲ့။”

အခုလို ဆန္ဒထုတ်ဖော်မှုတွေကို ခဏရပ်ဆိုင်းထားပြီး လက်ပံတောင်းတောင် စုံစမ်းရေးကော်မရှင်က တစုံတရာအဖြေထွက်ပေါ်လာမှသာ တောင်းဆိုမှု တွေပြုလုပ်သွားသင့်တယ်လို့ ဆရာတော် ဦးအရိယဝံသာဘိဝံသက မိန့်ပါသေးတယ်။

“ဒီဟာတွေက ဒေါ်စုပြောထားပြီးပြီပဲ၊ စုံစမ်းစစ်ဆေးရေးတွေ ဝင်နေတယ်။ နောက်ပြီးတော့ ဥပဒေကို နားမလည်ကြတာလို့ ဘုန်းကြီးကတော့ မြင်တာပဲ။”

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးလည်းဖြစ် လက်ပံတောင်ကြေးနီစီမံကိန်း စုံစမ်းရေးကော်မရှင် ဥက္ကဌ လည်း ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကလည်း
ဆန္ဒထုတ်ဖော် ပြသမှုတွေဟာ အကြောင်းအရင်း ခိုင်မာဖို့ လိုပြီးတော့
အဓိပ္ပါယ်ရှိဖို့ လိုတယ်လို့ လက်ပံတောင်းတောင်အရေး နဲ့ ပတ်သက်လို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ထဲမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားတာရှိပါတယ်။

“ပထမဆုံး အန်တီသိချင်တာကတော့ ဘာအတွက် ဆန္ဒပြနေတာလည်းဆိုတာသိချင်ပါတယ်။ အဲ့ဒီ့တော့ ဘာအတွက်ဆန္ဒပြနေတယ်ဆိုတာ သိလို့ရှိရင် ဆန္ဒပြသူတွေရဲ့ လိုအပ်ချက်တွေ၊ ဆန္ဒပြသူတွေရဲ့ သဘောထားတွေကို နားလည်လို့ရှိရင် ပိုပြီးတော့ အဆင်ပြေအောင် လုပ်နိုင်မှာပေါ့။ အဲ့တော့ အဲ့ဒီ့ဟာက ပိုပြီးတော့ အရေးကြီးပါတယ်။ နောက်ပြီးတော့ ကျမတို့အနေနဲ့တော့ ဘယ်လိုပဲဖြစ်ဖြစ် တရားဥပဒေစိုးမိုးရေးကို ဦးထိပ်ထားမယ်၊ ဒါပေမဲ့လည်း နားလည်မှုနဲ့ အားလုံးအဆင်ပြေရေးကိုလည်း ကျမတို့ လုပ်သွားမှာပါ။”

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာအရေး ဦးဆောင်ကော်မတီမှ ဆရာတော် ဥိးသောဘိတကတော့ သံဃာတွေ ဆန္ဒထုတ်ဖော်တာဟာ တာဝန်ယူတတ်တဲ့ အစိုးရတစ်ရပ်၊ လူကြီး လူကောင်းပီသတဲ့ အစိုး ရ တစ်ရပ်လို အမှားကို ဝန်ခံဖို့ တောင်းဆိုတာဖြစ်တယ်လို့ မိန့်ကြားပါသေးတယ်။

“ဦးဇင်းတို့ပြောခဲ့ပြီးသားပါပဲ၊ အမှားလုပ်တဲ့သူတွေဟာ အမှားအတွက် တောင်းပန်ရမယ့်ကိစ္စဖြစ်တယ်။ တောင်းပန်တယ်ဆိုတာ လူ့ယဉ်ကျေးမှုမှာ အင်မတန်မှ အရေးပါတယ်ဆိုတာ ဦးဇင်းတို့ပြောခဲ့ပြီးပြီ။ ဒီမိုကရေစီထွန်းကားတဲ့နိုင်ငံတွေမှာ တောင်းပန်တဲ့ကိစ္စ အရေးကြီးတယ်။ နောက်တခုက အမှားတခုလုပ်ပြီးရင် ဝန်ချပြီး တာဝန်ယူရဲတဲ့ သတ္တိပေါ့ဗျာ။”

သူတို့ဆန္ဒပြနေရတာဟာ သံဃာထုအတွက် ဖြစ်တယ်ဆိုတာကို ဆန္ဒပြမှုတွေကို မထောက်ခံတဲ့ ဆရာတော်တွေ သိစေချင်တယ်လို့ မိန့်ပါတယ်။

“အခု လုပ်နေတာ တစ်ဦးတစ်ယောက်ကို ခံစားလို့လုပ်နေတာမဟုတ်ဘူး။ သံဃာထုတရပ်လုံးကို စော်ကားနေလို့ လုပ်နေတာ။ ဟုတ်ပြီ။ ဦးဇင်းတို့ နိုင်ငံကို တခြားနိုင်ငံတစ်ခုကနေပြီးတော့ အဲ့လို ရန်စကျူးကျော်မယ်ဆိုလို့ရှိရင် ဦးဇင်းတို့ရဲ့ပြည်နယ်တစ်ခုကို တခြားနိုင်ငံက သိမ်းပိုက်မယ်ဆိုလို့ရှိရင် အဲ့ဒီ့ဘုန်းကြီးတွေ အဲ့ဒီ့စကားပြောမလား၊ အဲ့ဒီ့လူတွေ အဲ့ဒီ့စကားပြောမလားဆိုတာ ဦးဇင်းတို့မေးခွန်းပြန်ထုတ်ချင်ပါတယ်။”

နိုင်ငံတော်သမ္မတ ကိုယ်တိုင် ဦးဆောင်ပြီး လက်ပံတောင်းတောင်သပိတ်စခန်းတွေမှာ ဒဏ်ရာ ရခဲ့ တဲ့ သံဃာတော်တွေကို ပြန်လည်တောင်းပန်ဖို့ဆိုပြီး မြန်မာနိုင်ငံအနှံ့အပြား က သံဃာတော်တွေ တောင်းဆိုနေကြတာဖြစ်ပါတယ်။ ဒီကနေ့မှာလည်း နိုင်ငံတော် သမ္မတ ကိုယ်တိုင်တောင်းပန်ဖို့ တောင်းဆိုချက်တွေကို မြို့တချို့က သံဃာတော်တွေက စုဝေးပြီးမှာ ဆက်လက်တောင်းဆိုမှုတွေပြု လုပ်ခဲ့ ကြပါတယ်။
XS
SM
MD
LG