သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေးကိစ္စ ၈၈ နဲ့ ဝန်ကြီးဦးအောင်မင်း ဆွေးနွေး


ငြိမ်းချမ်းရေးကိစ္စ ၈၈ နဲ့ ဝန်ကြီးဦးအောင်မင်းတို့ MPC ရုံးမှာ ဆွေးနွေးနေစဉ် - ၆ ရက် မေလ ၂၀၁၄ (ဓာတ်ပုံ - ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း Facebook စာမျက်နှာ)
ငြိမ်းချမ်းရေးကိစ္စ ၈၈ နဲ့ ဝန်ကြီးဦးအောင်မင်းတို့ MPC ရုံးမှာ ဆွေးနွေးနေစဉ် - ၆ ရက် မေလ ၂၀၁၄ (ဓာတ်ပုံ - ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း Facebook စာမျက်နှာ)
အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်းရဲ့ စိုးရိမ်ချက်တွေနဲ့ ပါဝင်လုပ်ဆောင်ပေးနိုင်တဲ့ အခြေအနေတွေကို ၈၈ မျိုးဆက်ခေါင်းဆောင်တွေနဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့ ဒီကနေ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ စုဖွဲ့ထားတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီ (UNFC) နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီတို့ထံ ၈၈ မျိုးဆက်ခေါင်းဆောင် ဦးမင်းကိုနိုင်က မေလ ၂ ရက်နေ့မှာ စာရေးသား ပေးပို့ခဲ့ပြီးတဲ့နောက် ဒီကနေ့ မေလ ၆ ရက်နေ့မှာ မြန်မာအစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးဌာနမှာ နှစ်ဘက် တွေ့ဆုံ ဆွေးနွေးခဲ့ကြတာပါ။ ဒါနဲ့ပတ်သက်ပြီး ဗွီအိုအေက ဆက်သွယ်မေးမြန်းတော့ ကိုမြအေးက အခုလို စရှင်းပြပါတယ်။

“အဓိကကတော့ဗျာ ကျနော်တို့ခေါင်းဆောင် ကိုမင်းကိုနိုင်ကနေပြီးတော့ ကျနော်တို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းကို ကိုယ်စားပြုပြီးတော့မှ အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေ၊ ရုပ်လုံးပေါ်လာဖို့အတွက် ကျနော်တို့ဘက်က စ တာပေါ့နော်။ စိုးရိမ်ပူပန်တဲ့ကိစ္စနဲ့ နောက်တခုကတော့ ဘယ်အပိုင်းတွေမှာ ဘာလုပ်ပေးရမလဲဆိုတာကို UNFC ကိုရော၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီကိုရော ကျနော်တို့ စာပို့တယ်။ စာပို့တဲ့အပေါ်မှာ ဒီကနေ့ ဝန်ကြီးဦးအောင်မင်း ဦးဆောင်တဲ့ MPC အဖွဲ့တွေက ကျနော်တို့ကို ခေါ်ပြီးတော့မှ သူတို့ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ အပစ်အခတ်ရပ်စဲရေး ချုပ်ဆိုနိုင်မှု အခြေအနေ၊ ကြိုးပမ်းဆောင်ရွက်မှု အခြေအနေကို ကျနော်တို့ကိုခေါ်ပြီးတော့ သူတို့ရဲ့ အမြင်တွေနဲ့ ရှင်းလင်းပြီး ဆွေးနွေးတယ်။ ကျနော်တို့ကလည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ထိတွေ့ထားတဲ့ ဆွေးနွေးချက်တွေ၊ ကျနော်တို့ ကြားသိခဲ့ရတဲ့ဟာတွေ၊ ကျနော်တို့ရဲ့အမြင်တွေကိုလည်း ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ကျနော်တို့ ဆွေးနွေးတယ်။ အဲတော့ ဒီနေ့ကတော့ အမြင်ချင်းဖလှယ်တယ်လို့ ပြောလို့ရပါတယ်။”

မေး။ ။ ဟုတ်ကဲ့ နောက်တခုက ဒီနေ့ ဝန်ကြီးဦးအောင်မင်းတို့ဘက်က လုပ်နေတဲ့ ကိစ္စတွေ၊ ဆောင်ရွက်ချက်တွေကို ချပြတယ်လို့ ပြောပါတယ်။ အဲ့ဒီအပေါ်မှာရော ဘာများ ထောက်ပြ ပြောဆိုချင်တာ ရှိပါသလဲ။

ဖြေ။ ။ “ထောက်ပြပြောဆိုစရာတော့ သိပ်မရှိဘူးခင်ဗျ။ ဝေါဟာရ အဓိပ္ပါယ် ကွာခြားချက်လေးတွေနဲ့ အငြင်းပွားမှုလောက်ပဲ ကျနော်တို့ တွေ့တယ်ဗျာ။ ဝန်ကြီးဦးအောင်မင်းတို့ လုပ်ကိုင်ဆောင်ရွက်နေတာတွေနဲ့ ပတ်သက်ပြီး တိုးတက်မှုတွေ ရှိတယ်ဆိုတာကိုတော့ မြင်ပါတယ် ကျနော်တို့။ ဒါကိုတော့ ကျနော်တို့လည်း မငြင်းပါဘူး။ ဒီထက်ပိုပြီးတော့မှ အပစ်အခတ်ရပ်စဲရေးကို လျှင်လျှင်မြန်မြန်နဲ့ ဘယ်လိုလုပ်ကိုင် ဆောင်ရွက်နိုင်မလဲ။ အရေးကြီးတာကတော့ တဘက်နဲ့တဘက်နဲ့က လုပ်ရပ်တွေက သက်သေပြပြီးတော့မှ ယုံကြည်မှုတခုကို ရအောင် တည်ဆောက်ရမှာလေ။ အဲ့လိုအခြေအနေကို ကျနော်တို့က ဖြစ်စေချင်တာပေါ့ဗျာ။ ဦးအောင်မင်းတို့ ရှင်းပြတဲ့ အခြေအနေ၊ အချက်အလက်တွေက နောင်လာမယ့် ဆွေးနွေးပွဲတွေလည်း ဆက်လုပ်သွားမှာဖြစ်တယ် ဆိုတဲ့ဟာနဲ့ ဒီဆွေးနွေးပွဲတွေကလည်း တိုးတက်မှု တစုံတရာ ရှိလာမယ်ဆိုတဲ့ စကားရပ်တွေကိုတော့ အဲ့ဒါလည်း ဝမ်းသာစရာ ကောင်းပါတယ်။ တကယ်လည်း ဖြစ်ပါစေလို့ ကျနော်တို့ မျှော်လင့်ပါတယ်။”

မေး။ ။ အစိုးရဘက်က ဒီ အပစ်ရပ်ရေးမှာ ဖက်ဒရယ်ဆိုတဲ့ စကားလုံးကိုတောင်မှ လက်မခံနိုင်တဲ့အဆင့်မှာ ရှိနေသေးတော့ အပစ်ရပ်ရေးဆိုတာ အချိန်ယူရဦးမယ် ဘာညာလည်း ပြောတယ်ဆိုတော့ အဲ့ဒီအပေါ်မှာရော ဒီကနေ့ ဆွေးနွေးပွဲမှာရော အဲ့ဒါတွေ ထည့်ဆွေးနွေးဖြစ်ပါသလား။

ဖြေ။ ။ “ကျနော်တို့ ထောက်ပြပါတယ်။ UNFC ကနေပြီးတော့မှ opening letter မှာပါတဲ့ နံပါတ်လေးအချက်ပေါ့။ အဓိကကတော့ ဖက်ဒရယ်ကို အစိုးရက ဆောက်ဖို့ အဆင်သင့် မဖြစ်သေးဘူးဆိုတဲ့ အချက်တွေ၊ နောက်တခုက စိတ်ပူနေတယ်ဆိုတဲ့ အချက်တွေ ကျနော်တို့ ထောက်ပြပါတယ်။ အဲ့ဒီအခြေအနေ အချက်အလက်တွေမျိုးကို ကျနော်တို့ ထောက်ပြပါတယ်။ ဥပမာအားဖြင့် စကားလုံး အဓိပ္ပါယ် ကွာဟချက်ပေါ့ဗျာ။ ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုဆိုတဲ့ သမ္မတရဲ့ အသုံးအနှုန်းနဲ့ ဒီဘက်က ကျနော်တို့ လိုချင်တာက ဖက်ဒရယ်ပြည်ထောင်စု အဲ့လိုမျိုးပေါ့ဗျာ ရှင်းရှင်းလင်းလင်း သုံးသင့်တယ်ဆိုတဲ့ အကြောင်းတွေကိုလည်း ကျနော်တို့ ပြောပါတယ်။ အဲ့ဒါတွေက အပစ်အခတ်ရပ်စဲရေးအတွက် တုန့်ဆိုင်းသွားစရာတွေ ဖြစ်လာမှာ စိုးရိမ်ပူပန်တဲ့အတွက်လည်း ဒီကနေ့ ကျနော်တို့ တွေ့တာဖြစ်ပါတယ်။”

မေး။ ။ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးကိစ္စပေါ့နော် ဒီငြိမ်းချမ်းရေးကိစ္စမှာ ဒီ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းဘက်က ဘယ်လို အခန်းကဏ္ဍမျိုးက ပါဝင်လို့ရတယ်ဆိုတာရော ဆွေးနွေးဖြစ်ပါသလားရှင့်။

ဖြေ။ ။ “လောလောဆယ် အနေနဲ့ကတော့ အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုနိုင်ဖို့ အရေးကို ဘယ်လိုအနေနဲ့ ကျနော်တို့ သွားမလဲ။ ဒါကိုတော့ ကျနော်တို့က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကိုရော၊ ဒီဘက်က ပြည်ထောင်စု အစိုးရဘက်ကိုရော ကျနော်တို့က ပြောမှာပဲ။ ဒီကနေ့ ဝန်ကြီး ဦးအောင်မင်းရဲ့ ပြောကြားချက်အရဆိုရင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းအနေနဲ့ ဘယ်နေရာကပဲဖြစ်ဖြစ် ပါတာမျိုးကို သူတို့ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုတယ်ဆိုတဲ့အကြောင်းကို ပြောပါတယ်။”

မေး။ ။ အဲတော့ ဒီအပစ်အခတ် ရပ်စဲရေးပဲဖြစ်ဖြစ်၊ တိုင်းရင်းသားတွေနဲ့ မြန်မာအစိုးရကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာဖြစ်ဖြစ် ဒီ ၈၈ အဖွဲ့အနေနဲ့ ပါဝင် ဆွေးနွေးလာမယ့် အနေအထားမျိုးများ ရှိပါသလားရှင့်။

ဖြေ။ ။ “အဓိကကတော့ဗျ အပစ်အခတ်ရပ်စဲရေး ဆိုတဲ့နေရာမှာ မြေပြင်တပ်တွေရဲ့ အခြေအနေတွေနဲ့ နှစ်ဘက်စစ်တပ်ရဲ့ ရင်ဆိုင်ထိတွေ့မှု အခြေအနေတွေကျတော့ ကျနော်တို့တွေက စစ်သားတွေလည်း မဟုတ်တဲ့အခါကျတော့ အဲ့ဒီအပိုင်းကိုတော့ ကျွမ်းကျွမ်းကျင်ကျင် ကျနော်တို့ မသိပါဘူး။ ဒါ ရိုးရိုးသားသားပဲ ကျနော်တို့ ဝန်ခံတာပါ။ ကျနော်တို့ဖြစ်ချင်တာကတော့ နိုင်ငံရေးဆွေးနွေးပွဲတွေ ပေါ်ပေါက်လာပြီးတော့ မြန်မာနိုင်ငံကို စစ်စစ်မှန်မှန် တိုင်းရင်းသားတွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ တန်းတူညီမျှမှုကို ဖော်ဆောင်ပေးနိုင်တဲ့ ဖက်ဒရယ်စနစ်တခုကို ကျနော်တို့ သွားချင်တာ။ အဲတော့ နိုင်ငံရေး ဆွေးနွေးပွဲတွေ ပေါ်ပေါက်လာမှ သွားလို့ရမှာ။ နိုင်ငံရေး ဆွေးနွေးပွဲတွေ ဆိုတာကလည်း အပစ်အခတ်ရပ်စဲရေး ဖြစ်စဉ်တခုကို ကျော်လွှားပြီးမှ ပေါ်ပေါက်မယ့်အခြေအနေ ရှိနေတော့ကာ အက္ခရာကျနေတာက အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ဖို့ပဲ။ ဒီစာချုပ်ကလည်း တဘက်ကနေ တဘက်ကို ဆီးပိုးတဲ့စာချုပ် မဟုတ်ဘဲနဲ့ နှစ်ဘက်လုံးကို မျှမျှတတ သဟဇာတဖြစ်မယ့် စာချုပ်မျိုးဖြစ်ဖို့ လိုမယ်။ ဒီနေရာမှာတော့ နှစ်ဘက်စလုံးကို ကျနော်တို့ အကြံပေးသွားမယ်လို့ ကျနော်တို့ စိတ်ကူးထားပါတယ်။”

၈၈ မျိုးဆက် ခေါင်းဆောင်တဦးဖြစ်သူ ကိုမြအေးရဲ့ ပြောကြားချက်ပါ။ မနက်ဖြန် မနက်ပိုင်းမှာလည်း အပစ်ရပ်ရေး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တို့နဲ့ ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တခုဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ ဒုဥက္ကဌ နော်စီဖိုးရာစိန်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းရုံးခန်းမှာ တွေ့ဆုံဆွေးနွေးကြဖို့လည်း ရှိနေပါတယ်။
XS
SM
MD
LG