သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

MPC ရှေ့အလားအလာ


နှစ်ပေါင်း ၆၀ နီးပါးကြာ ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမှာ အစိုးရတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား ငြိမ်းချမ်းရေးရဖို့အတွက် ကြားဝင်ညှိနှိုင်းဆောင်ရွက်ပေးရတဲ့ MPC မြန်မာငြိမ်းချမ်းရေးစင်တာကို မတ်လ ၃၁ ရက်နေ့ကစပြီး - EU ဥရောပသမဂ္ဂ က ငွေကြေးထောက်ပံ့မှု ရပ်ဆိုင်းတော့မှာ ဖြစ်တယ်လို့ MPC နဲ့ နီးစပ်သူတစ်ဦးက ဗွီအိုအေကို ပြောပါတယ်။

၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းမှာ စတင်ဖွဲ့စည်းခဲ့တဲ့ MPC ကို Peace Donor Support Group (PDSG) နဲ့ နော်ဝေအခြေစိုက် Myanmar Peace Support Initiative (MPSI) တို့က နှစ်စဉ် ဒေါ်လာသန်းနဲ့ချီ ထောက်ပံ့ကူညီနေတာဖြစ်ပြီး၊ PDSG အဖွဲ့ထဲမှာတော့ - EU ဥရောပသမဂ္ဂ၊ ကုလသမဂ္ဂ၊ သြစတြေးလျ၊ ဗြိတိန်နဲ့ ကမ္ဘာ့ဘဏ်တို့ ပါဝင်ကြတာပါ။

မြန်မာနိုင်ငံမှာ ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်တဲ့ အစိုးရသစ်က ဧပြီလ ၁ ရက်နေ့မှာ တရားဝင် စတင် တာဝန်ယူရတော့မှာ ဖြစ်တာမို့ - ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဖွဲ့စည်းခဲ့တဲ့ MPC အပေါ် EU ဥရောပသမဂ္ဂ ကနေ ဦးသိန်းစိန်အစိုးရ သက်တမ်း ကုန်ဆုံးမယ့် မတ်လ ၃၁ ရက်နေ့ကစပြီး ငွေကြေးထောက်ပံ့မှုတွေကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဒါပေမဲ့လည်း NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က - မကြာသေးခင်ကပဲ MPC အဖွဲ့ဝင်တချို့နဲ့ တွေ့ဆုံခဲ့ပြီး - MPC ရဲ့ ဆောင်ရွက်တွေကို အသိအမှတ်ပြု လက်ခံတဲ့အကြောင်း၊ NLD ဦးဆောင်တဲ့ အစိုးရသစ်လက်ထက်မှာ MPC ကို ဆက်လက် ထားရှိမှာဖြစ်တဲ့အကြောင်းနဲ့ MPC ရဲ့ လုပ်ငန်းတွေအားလုံးကို ပြန်လည် သုံးသပ်သွားမှာဖြစ်ကြောင်း ပြောဆိုခဲ့တယ်လို့လည်း MPC နဲ့ နီးစပ်သူတစ်ဦးက ဗွီအိုအေကို ပြောပါတယ်။

ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ - ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဖွဲ့စည်းပြီး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်ခဲ့တဲ့ UPWC ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီနဲ့ UPCC ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ ကိုလည်း တရားဝင် ဖျက်သိမ်းရမှာဖြစ်ပါတယ်။ UPCC မှာတော့ သမ္မတ၊ လွှတ်တော်ဥက္ကဌတွေနဲ့ ကာကွယ်ရေးဦးစီးချူပ် တို့ ပါဝင်တာဖြစ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းပေါင်း ၁၇ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ UNFC ခေါ် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီနဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးချိန်တိုင်း အဓိက အခန်းကဏ္ဍက ပါဝင်ခဲ့တဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကတော့ - UPWC နဲ့ UPCC တို့ကို တရားဝင် ဖျက်သိမ်းတဲ့ အချိန်ကျရင် - MPC မှာ ဆက်လက် လုပ်ဆောင်တော့မှာ မဟုတ်ဘူးလို့လည်း သတင်းတွေ ထွက်ပေါ်နေတာပါ။ NLD အစိုးရသစ် တက်လာတဲ့အခါကျရင်တော့ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးတဲ့အခါ - NLD ပါတီဝင် ဒေါက်တာ တင်မျိုးဝင်းက စေ့စပ်ညှိနှိုင်းရေးမှူး ဖြစ်လာနိုင်တယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

လက်ရှိ သမ္မတဦးသိန်းစိန်အစိုးရသက်တမ်း ၅ နှစ်တာကာလအတွင်း - ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းဦးဆောင်တဲ့ UPWC နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့ ပါဝင်တဲ့ UNFC တို့အကြား တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးရရှိဖို့ ဆွေးနွေးခဲ့ကြရာမှာ - အခုချိန်ထိတော့ တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့နဲ့ပဲ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို လက်မှတ်ရေးထိုးနိုင်သေးတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် NLD ဦးဆောင်တဲ့ အစိုးရသစ် လက်ထက်ကျရင်တော့ ကျန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ပါ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ပြီး - ငြိမ်းငြိမ်းချမ်းချမ်းရေး ကို အောင်အောင်မြင်မြင် ဖော်ဆောင်နိုင်ဖို့အတွက် အများက မျှော်လင့်နေကြတာလည်း ဖြစ်ပါတယ်ရှင်။

XS
SM
MD
LG