သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာငြိမ်းချမ်းရေးစင်တာကို EU ထောက်ပံ့ငွေ မတ်လ(၃၁) စတင်ရပ်ဆိုင်း


UPDJC အဖွဲ့ MPC မှာတွေ့ဆုံစဉ် (photo-Nyo Ohn Myint )
UPDJC အဖွဲ့ MPC မှာတွေ့ဆုံစဉ် (photo-Nyo Ohn Myint )

MPC မြန်မာငြိမ်းချမ်းရေးစင်တာကို အီးယူ - ဥရောပသမဂ္ဂကပေးနေတဲ့ ငွေကြေးထောက်ပံ့မှုတွေ မတ်လ ၃၁ ရပ်နေ့ကစပြီး ရပ်ဆိုင်းတော့မယ်လို့ အီးယူက ပြောကြားလိုက်ပါတယ်။ အီးယူအနေနဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖော်ဆောင်ရေးနဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်တွေအပါအဝင် တခြား ဖွံ့ဖြိုးရေး အစီအစဉ်တွေကို ဆက်လက် ထောက်ပံ့ပေးသွားမှာဖြစ်ပြီး မကြာမှီ ရက်ပိုင်းအတွင်းတက်လာမယ့် NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့အတူ လက်တွဲ ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးမှာ ဖြစ်ပါတယ်။

အီးယူ - ဥရောပသမဂ္ဂနဲ့ MPC မြန်မာငြိမ်းချမ်းရေးစင်တာအကြား ရရှိထားတဲ့ စာချုပ်ဟာ အခုလာမယ့် မတ်လ ၃၁ ရက်နေ့မှာ သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်တဲ့အတွက် အီးယူက လက်ရှိပေးနေတဲ့ ငွေကြေးထောက်ပံ့မှုတွေကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်း အီးယူ နိုင်ငံခြားမူဝါဒရေးရာနဲ့ လုံခြုံရေးဆိုင်ရာ အကြီးအကဲ Federica Mogherini ရဲ့ ပြောခွင့်ရအမျိုးသမီး Maja Kocijancic က ပြောပါတယ်။

“ဥပဒေလမ်းနည်းလမ်းနဲ့အညီ ဥရောပသဂ္ဂက MPC ကို ထောက်ပံ့ပေးနေတဲ့ စာချုပ်ပုံစံအရ ဒီကန်ထရိုက်ဟာ သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်တဲ့အတွက် ထောက်ပံ့မှုတွေကို သက်တမ်းကုန်ဆုံးမယ့် မတ်လ ၃၁ ရက်နေ့မှာ ရပ်တန့်မှာ ဖြစ်ပါတယ်။”

MPC ကို သမ္မတဦးသိန်းစိန်ရဲ့ ခွင့်ပြုချက်နဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဦးဆောင်ပြီး ၂၀၁၂ ခုနှစ်မှာ စတင် တည်ထောင်ချိန်ကစလို့ MPC ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု လုပ်ငန်းစဉ်တွေအတွက် အီးယူက ယူရိုငွေ ၈.၇ မီလီယံ ထောက်ပံ့ပေးခဲ့ပြီး ဖြစ်တယ်လို့ အီးယူက မကြာသေးခင်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ငြိမ်းချမ်းရေး ဆွေးနွေးမှု လုပ်ငန်းစဉ်တွေအပြင် အမျိုးသားပြန်လည် ရင်ကြားစေ့ရေး၊ ပဋိပက္ခဒေသတွေမှာ ပြုပြင်ပြောင်းလဲမှုတွေ ဖော်ဆောင်ရေး၊ ငြိမ်းချမ်းရေး တည်ဆောက်မှုလုပ်ငန်းစဉ်၊ အပစ်အခတ်ရပ်စဲရေး အကောင်အထည်ဖော်မှု လုပ်ငန်းစဉ်နဲ့ အပစ်အခတ် ရပ်စဲမှုကို အရပ်သားအဖွဲ့အစည်းတွေက စောင့်ကြည့်ရေးလုပ်ငန်းစဉ်တွေအတွက် ယူရို ၃၈ သန်း ကူညီပေးခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်တွေရဲ့ နောက်ဆက်တွဲ လုပ်ငန်းစဉ်ဖြစ်တဲ့ နိုင်ငံရေး ဆွေးနွေးမှု လုပ်ငန်းစဉ်တွေအတွက်လဲ ယူရို သန်း ၂၀ ဆက်လက် အကူအညီပေးဖို့ အီးယူက ၂၀၁၅ ခုနှစ်မှာ ဆုံးဖြတ်ချက် ချမှတ်ခဲ့တယ်လို့လည်း အီးယူက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အီးယူအနေနဲ့ MPC ကို ပေးနေတဲ့ ငွေကြေးဆိုင်ရာ ထောက်ပံ့မှုတွေကို ရပ်ဆိုင်းလိုက်မှာ ဖြစ်ပေမယ့် မကြာခင်ရက်ပိုင်းအတွင်း အသစ်တက်လာမယ့် NLD အစိုးရနဲ့ ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ Maja Kocijancic က ပြောပါတယ်။

“ကျမတို့အနေနဲ့ အကူအညီတွေကို ဆက်ပေးသွားမယ်ဆိုတာကတော့ သေချာပါတယ်။ ဒါပေမယ့် သိကြတဲ့အတိုင်းပဲ ဒီမိုကရေစီနည်းလမ်းနဲ့အညီ ရွေးချယ် တင်မြောက်ထားတဲ့ အစိုးရသစ် အာဏာလွဲပြောင်း ရယူမယ့်အချိန်ကို စောင့်ဆိုင်းနေကြတဲ့ ကာလဖြစ်နေတော့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေး လုပ်ငန်းစဉ်တွေအပါအဝင် ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်တွေအတွက် အစိုးရသစ်နဲ့ အကောင်းဆုံး ဘယ်လို ပူးပေါင်း ဆောင်ရွက်နိုင်မလဲဆိုတာကို အခုချိန်မှာ ကျမတို့ဘက်က စောင့်ကြည့်နေတဲ့ သဘောဖြစ်ပါတယ်။”

အစိုးရသစ် တက်လာတဲ့အခါမှာ MPC ရဲ့ လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာမယ် ဆိုတာကို အီးယူအနေနဲ့ သိရှိ နားလည်ထားကြောင်း၊ ဒါကြောင့်လည်း မြန်မာနိုင်ငံထဲမှာ ရှိနေတဲ့ အီးယူ ကိုယ်စားလှယ်တွေဟာ MPC နဲ့ NLD ပါတီက အဓိက ဆုံးဖြတ်ချက်ချနိုင်သူတွေနဲ့ တွေ့ဆုံပြီး MPC ရဲ့ လုပ်ငန်းစဉ်တွေ အဆင်ပြေချောမွေ့စွာ ဘယ်လို လွဲပြောင်းနိုင်မလဲဆိုတာကို ဆွေးနွေး ညှိနှိုင်း ဆောင်ရွက်နေကြောင်းလည်း Maja Kocijancic က ပြောပါတယ်။

မြန်မာနိုင်ငံအတွင်း တရားဥပဒေ စိုးမိုးရေးအပါအဝင် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်တွေ အားလုံးအတွက် အီးယူအနေနဲ့ ဆက်လက် ကူညီ ပံ့ပိုးပေးသွားမယ်လို့လည်း Maja Kocijancic က ဆက်ပြောပါတယ်။

“အားလုံး သိကြတဲ့အတိုင်းပဲ မြန်မာနိုင်ငံရဲ့ အခုလို ဝိသေသ ထူးခြားလှတဲ့ ခရီးလမ်းတလျှောက်လုံးမှာ အီးယူအနေနဲ့ အနီးကပ် ရပ်တည်ပြီး ကူညီပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အီးယူအနေနဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှု၊ ဒီမိုကရေစီအရေးနဲ့ တရားဥပဒေ စိုးမိုးမှု၊ ကုန်သွယ်ရေးလုပ်ငန်းတွေ တိုးမြင့်ဆောင်ရွက်မှု၊ ငတ်မွတ်ခေါင်းပါးမှု လျော့ချရး၊ ရေရှည်တည်တန့်တဲ့ ဖွံ့ဖြိုးမှုလုပ်ငန်းစဉ်တွေ စတဲ့ ကဏ္ဍစုံအတွက် ထဲထဲဝင်ဝင် ကူညီ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ကျမတို့အနေနဲ့ စောင့်ကြည့်ရမယ့်အချက်ကတော့ အစိုးရသစ်က ချမှတ်လိုက်တဲ့ ဦးစားပေးလုပ်ငန်းစဉ်တွေဟာ ဘာတွေလဲ၊ အဲဒီ လုပ်ငန်းစဉ်တွေကို အထိရောက်ဆုံး နည်းလမ်းနဲ့ ဘယ်လို ကူညီ ဆောင်ရွက်ပေးသွားရမလဲဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။”

MPC ကို ပေးနေတဲ့ အထောက်အပံ့တွေ ရပ်ဆိုင်းတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်လာတဲ့ တချိန်ထဲမှာပဲ MPC က တာဝန်ရှိသူတွေဟာ Center for Peace and Development လို့ခေါ်တဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးစင်တာ ဆိုတဲ့ သီးခြားအဖွဲ့တခုကို ဝန်ကြီး ဦးအောင်မင်းက ဦးဆောင်ပြီး ဖွဲ့စည်းဖို့ စီစဉ်နေတယ်လို့ ပြည်တွင်း သတင်းမီဒီယာတွေမှာ ဖော်ပြကြပါတယ်။

ဒါကြောင့်လည်း လက်ရှိ MPC ရုံးမှာ အသုံးပြုနေတဲ့ စက်ပစ္စည်း ကိရိယာတွေ၊ ရုံးသုံး ပစ္စည်းတွေဟာ အီးယူက ထောက်ပံ့ပေးထားတာဖြစ်ပေမယ့် ဒါတွေဟာ အစိုးရပိုင်ပစ္စည်းတွေ ဖြစ်တယ်လို့ MPC တာဝန်ရှိသူတွေက ပြောဆိုပြီး အဖွဲ့အသစ်မှာ ပြောင်းရွေ့ သုံစွဲဖို့ စီစဉ်နေကြတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်လို့ MPC အနေနဲ့ အဲဒီ ပစ္စည်းတွေကို ပိုင်ဆိုင်ခြင်း မရှိတဲ့အတွက် သူတို့ လုပ်ငန်းတွေ ရပ်ဆိုင်းတဲ့အချိန်မှာ အားလုံး ပြန်အပ်ရမယ်လို့ အီးယူ တာဝန်ရှိသူတွေက တုန့်ပြန် ပြောဆိုထားပါတယ်။

MPC ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတွက် အီးယူ - ဥရောပသမဂ္ဂက ငွေကြေးအားဖြင့် အများဆုံး ကူညီ ထောက်ပံ့ပေးတာ ဖြစ်ပေမယ့် ကုလသမဂ္ဂနဲ့ ကမ္ဘာ့ဘဏ်တို့အပါအဝင် သြစတေးလျ၊ နော်ဝေး၊ ဂျပန် စတဲ့နိုင်ငံတွေက ဖွံ့ဖြိုးရေး အေဂျင်စီတွေအပါအဝင် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီပေါင်း ၂၅ ခုက ကူညီ ထောက်ပံ့ပေးနေတာ ဖြစ်ပါတယ် ခင်ဗျား။

XS
SM
MD
LG