သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ် ဒုက္ခသည် ကျန်းမာရေး MSF စိုးရိမ်


ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာ IDP ဒုက္ခသည်များ (၁၅ မေ ၂၀၁၃)
ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာ IDP ဒုက္ခသည်များ (၁၅ မေ ၂၀၁၃)
မြန်မာနိုင်ငံ အနောက်ခြမ်း ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ခဲ့တဲ့ လူမှုအသိုင်းအဝိုင်း နှစ်ခုကို ခွဲခြားထားတဲ့ မူဝါဒကြောင့်၊ မူဆလင် လူမှုအသိုင်းအဝိုင်းတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှု အားနည်းလာပြီး ထိခိုက်မှုတွေ ရှိလာနေတယ်လို့ MSF နယ်ခြားမဲ့ ဆရာဝန်များအဖွဲ့က ထုတ်ပြန်ပါတယ်။

MSF မြန်မာဌာနေအဖွဲ့ဟာ အဲ့ဒီဒုက္ခသည်တွေကို အကူအညီ ပေးလျက်ရှိရာမှာ၊ သူတို့ ကြုံတွေ့ သိမြင်ရတဲ့ အခြေအနေတွေအပေါ်မှာ အခုလို ထုတ်ပြန် ပြောဆိုတာ ဖြစ်ပါတယ်။ ဒီသတင်း အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

MSF အဖွဲ့အနေနဲ့ မကြာသေးခင်က ပဋိပက္ခတွေကြောင့် တိမ်းရှောင်နေရတဲ့ ဒုက္ခသည်စခန်းတွေနဲ့ ပဋိပက္ခဖြစ်ခဲ့တဲ့ ဒေသတွေကို သွားရောက်ခဲ့ပြီး၊ သူတို့ တွေ့ရှိချက်တွေအရ အဲ့ဒီမှာ ကျေးရွာအချို့ဟာ ကျန်းမာရေး စောင့်ရှောက်မှု အပါအဝင် အခြေခံ ဝန်ဆောင်မှုတွေ ဖြတ်တောက်ထား ခံရသလိုဖြစ်ပြီး၊ ကျေးရွာတွင်းနေ ပြည်သူတွေကိုလည်း သွားရေး လာရေးကအစ ပိတ်ပင်မှုတွေ ဖြစ်နေတယ်ဆိုတာကို တွေ့ရှိရတယ်လို့ MSF က ထုတ်ပြန်ထားပါ။

အာဏာပိုင်တွေဘက်က သွားရေးလာရေး တားမြစ်ကန့်သတ်မှုတွေ ရှိသလို၊ အချို့ကလည်း သူတို့ ကိုယ်တိုင် အပြင်ထွက် သွားလာဖို့ စိုးရိမ်ကြောက်လန့် နေကြတယ်လို့ MSF က ပြောပါတယ်။

ဒီအခြေအနေဟာ ကျန်းမာရေး အခြေအနေအပေါ်မှာပါ သက်ရောက်မှုတွေ ရှိလာတယ်လို့ MSF ရန်ကုန်ရုံးက ဒုတိယအကြီးအကဲ ဗစ်ကီ ဟော့ကင်း (Vickie Hawkins) က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

“ဒီမူဝါဒကြောင့် ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်တွေကို ထိခိုက် သက်ရောက်တဲ့အပေါ်မှာ ကျမတို့ စိုးရိမ်ပူပင်မိပါတယ်။ အားလုံးသိတဲ့အတိုင်း ပဋိပက္ခကြောင့် ရခိုင်ပြည်နယ်တွင်းမှာ ထွက်ပြေး တိမ်းရှောင်နေရတဲ့ ဒုက္ခသည်တွေဟာ ၁ သိန်း ၄ သောင်းလောက် ခန့်မှန်းချေ ရှိပါတယ်။ ဒီလို ဒုက္ခသည်တွေအပြင် သွားလာမရအောင် ကျေးရွာတွေမှာ ပိတ်ခံထားရတဲ့ လူတွေလည်း ရှိပါတယ်။ သူတို့ဟာ ပြီးခဲ့တဲ့ ဇွန်လကတည်းကဆိုရင် အခြေခံ လိုအပ်ချက် ဝန်ဆောင်မှုတွေ မရကြတော့ပါဘူး။ ဒါဟာ ကျန်းမာရေးအတွက် စိုးရိမ်စရာ အခြေအနေပါ။ သားဖွားဆရာမတွေ မရတော့သလို ဆေးရုံ ဆေးခန်းတွေကိုလည်း သွားလို့ မရ ဖြစ်နေပါတယ်။ အထူးသဖြင့်တော့ အရေးပေါ် အခြေအနေမှာ မြို့နယ်ဆေးရုံတွေကိုပါ ဆက်သွယ်လို့မရတော့တာပါ။”

မြန်မာအစိုးရအနေနဲ့ ဒုက္ခသည်စခန်းတွေကို အကူအညီပေးရေး ကိစ္စတွေမှာ နိုင်ငံတကာကို ခွင့်ပြုထားသလို၊ နိုင်ငံတကာကလည်း ဒုက္ခသည်စခန်းတွေကို ပိုပြီး အာရုံထားကြတယ်လို့ MSF က ပြောပါတယ်။

အိမ်တွေ ပျက်စီးပြီး မိသားစု ဘဝအခြေအနေတွေ ယိမ်းယိုင်ခဲ့တဲ့ ဒီဒုက္ခသည်တွေကို ကူညီဖို့ ပိုပြီး စိတ်ဝင်စားတာလည်း သဘာဝကျတယ်လို့ ပြောပါတယ်။ ဒါပေမဲ့လည်း ဒုက္ခသည်စခန်းတွေ အတွင်းမှာ မဟုတ်ဘဲ၊ အပြင်ဘက် ကျေးရွာတွေမှာ သွားလာမရ ပိတ်မိနေတဲ့ လူတွေမှာလည်း လိုအပ်ချက်တွေ ရှိနေတယ်ဆိုတာကို သတိ မပြုမိကြဘူးလို့ ဗစ်ကီ ဟော့ကင်း (Vickie Hawkins) က ဗွီအိုအေကို ပြောပါတယ်။

“ဒီဒုက္ခသည်တွေအတွက် အကူအညီတွေ လိုအပ်နေတယ်ဆိုတာကတော့ သံသယ ဖြစ်စရာကို မရှိပါဘူး။ ဒါပေမဲ့ ဒုက္ခသည်တွေအပြင် စခန်းတွေမှာ မဟုတ်တဲ့ ဒုက္ခတွေ့နေသူ အတော်များများ ရှိပါသေးတယ်။ အတော်များများက အဲ့ဒီ ဒုက္ခသည်စခန်းတွေကို ပိုပြီး အာရုံထားကြပါတယ်။ ဒါကြောင့် စခန်းတွေမှာရှိတဲ့ ဒုက္ခသည်တွေအပြင်၊ စခန်းမှာမဟုတ်ဘဲ ကျေးရွာတွေမှာ ပိတ်မိနေသူတွေကိုလည်း အာရုံထားကြဖို့ အရေးကြီးပါတယ်။ ဒီလူတွေအနေနဲ့ လုံခြုံရေးကြောင့် ဆိုပြီးတော့ မြို့နယ်ဆေးရုံ ဆေးခန်းတွေကို သွားရောက်ခွင့် မရဘူးဆိုရင်၊ အဲ့ဒီအစား ကျန်းမာရေး စောင့်ရှောက်မှုတွေ ဘယ်လို ပေးမလဲဆိုတာ အဖြေထုတ်ဖို့ လိုပါတယ်။”

စစ်တွေမြို့အပြင်ဘက်မှာတင် ဒုက္ခသည်မဟုတ်ဘဲ ကျေးရွာတွေမှာ ပိတ်မိနေတဲ့ မူဆလင် ၁ သိန်း ၂ သောင်းလောက် ရှိမယ်လို့ MSF က ခန့်မှန်းပါတယ်။ သူတို့အခြေအနေဟာ ဆိုးဆိုးရွားရွား ဖြစ်နေပြီး၊ ပြီးခဲ့တဲ့ ရက်ပိုင်း လပိုင်းတွေအတွင်း မြို့နယ်ပြည်သူ့ဆေးရုံကို မပို့နိုင်လို့ ရွာထဲမှာပဲ သေဆုံးခဲ့ရသူတွေလည်း ရှိခဲ့တယ်လို့ MSF က ထုတ်ပြန်ပါတယ်။

တချိန်တည်းမှာပဲ မိုးရာသီ ဝင်လာပြီမို့ ရောဂါဘယတွေနဲ့ အဟာရ ချို့တဲ့မှုတွေ တိုးများ ဖြစ်လာနိုင်ချေ အပေါ်မှာလည်း စိုးရိမ်စရာ ရှိတယ်လို့ MSF ရန်ကုန်ရုံး ဒုတိယအကြီးအကဲ ဗစ်ကီ ဟော့ကင်း (Vickie Hawkins) က ဗွီအိုအေကို ပြောပါတယ်။

“အခုဆိုရင် မိုးရာသီက စလာပါပြီ။ မိုးနဲနဲ စ ရွာတာကြောင့် ဒုက္ခသည်စခန်းတွေမှာ အပျက်အစီး အချို့ ရှိလာပါပြီ။ မကြာသေးခင်က အပူပိုင်း မုန်တိုင်းကြောင့် ရေလွှမ်းမိုးမှု အချို့လည်း ရှိပါတယ်။ ဒီလို ရာသီဥတု ဆိုးလာတာကြောင့် ကျန်းမာရေး အခြေအနေတွေအပေါ်မှာ ထိခိုက် သက်ရောက်မှု ရှိလာပါတယ်။ အခုဆို ဝမ်းရောဂါတွေ ဖြစ်လာတာကို တွေ့နေရပါပြီ။ ဒါ့အပြင် ကူးစက်ရောဂါတွေ ဖြစ်လာမှာကိုလည်း စိုးရိမ်မိပါတယ်။ အဟာရဓာတ် ချို့တဲ့မှုတွေ ဖြစ်လာနိုင်တာကိုလည်း စိုးရိမ်စရာရှိပါတယ်။”

MSF နယ်စည်းမခြား ဆရာဝန်များအဖွဲ့အနေနဲ့ ရခိုင်ပြည်နယ်ထဲမှာ ဟိုး ဆယ်စုနှစ်တွေကတည်းက ကျန်းမာရေး အကူအညီပေးရေး လုပ်ငန်းတွေကို လုပ်ကိုင်ခဲ့ပြီး၊ အထူးသဖြင့်တော့ HIV/AIDS၊ TB အဆုတ်နာရောဂါ၊ ငှက်ဖျားရောဂါ ကုသရေးနဲ့ ကိုယ်ဝန်ဆောင် သားဖွားလုပ်ငန်းတွေကို အဓိကထား ကူညီဆောင်ရွက်ခဲ့တာပါ။

ဒါကြောင့်လည်း ပြီးခဲ့တဲ့ တစ်နှစ်ကျော်က လူမျိုးရေး အကြမ်းပဋိပက္ခတွေကြောင့် ရခိုင်ပြည်နယ်အတွင်းက အဲ့ဒီလို သူတို့ အလေးထားလုပ်ဆောင်နေတဲ့ ကျန်းမာရေးကိစ္စတွေမှာ ထိခိုက်သက်ရောက်မှုတွေ တွေ့လာရတယ်ဆိုပြီး ဒီကနေ့ပဲ ကြေညာထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
XS
SM
MD
LG