သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိပ်ကျွန်းလူသတ်မှု သက်သေစာရင်း တင်သွင်း


လူသတ်မှု စွပ်စွဲချက်နဲ့ တရားရင်ဆိုင်နေရတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားနှစ်ဦး။
လူသတ်မှု စွပ်စွဲချက်နဲ့ တရားရင်ဆိုင်နေရတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားနှစ်ဦး။

ထိုင်းနိုင်ငံ လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ဦးသတ်ဖြတ်ခံရမူနဲ့ ပတ်သက်လို့ မြန်မာ လူငယ်၂ဦးကို စွပ်စွဲထားတဲ့အတွက် မြန်မာသံရုံးက ဖွဲ့စည်းထားတဲ့ လိပ်ကျွန်းကိစ္စ အထူးစုံစမ်းရေးကော်မတီက ဒီအမှုမှာ ခုခံချေပမယ့် သက်သေ ၃၁ဦးပါ စာရင်းနဲ့ သူတိုရဲ့ ထွက်ချက် အထောက်အထားတွေကို ကော့စမွေ တရားရုံးမှာ သောကြာနေ့ က တင်သွင်းခဲ့ပါတယ်။ ထိုင်းရှေ့နေများကောင်စီ က တောင်းဆို ထားတဲ့ နိုင်ငံခြားသား ၂ဦး အား သက်သေ စစ်ဆေးခွင့်ရဖို့ကိုလည်း တရားသူကြီး ကခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။ မအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံက ကမ္ဘာလှည့် ခရီးသွားအများအပြား လာလည်ကြတဲ့ ကော့သောင်ကျွန်း လို့ ခေါ်တဲ့ လိပ်ကျွန်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၅ရက်က ဗြိတိန်နိုင်ငံသား လူငယ် ၂ဦး သတ်ဖြတ်ခံခဲ့ရတာပါ။ ဒီသတ်ဖြတ်မူနဲ့ပတ်သက်လို့ မြန်မာနိုင်ငံသား လူငယ်၂ဦး ကို ထိုင်းရဲတွေက လူသတ်မှု၊ မုဒိန်းမှုစတဲ့ ပုဒ်မတွေ အပါအဝင် ပုဒ်မ ၇ခုလောက်နဲ့ တရားစွဲထားပါတယ်။ မြန်မာလူငယ်တွေကတော့ စစ်ဆေးမေးမြန်း စဉ်မှာ ခြိမ်းခြောက်မှု၊ နှိပ်စက်မူတွေကြောင့် သူတို့ ဝန်ခံရပါတယ် လို့ ပြောဆိုပြီး သူတို့ရဲ့အပြစ်မရှိကြောင်း ငြင်းဆိုထားပါတယ်။ ဒီ့အတွက် မြန်မာ သံရုံးက အထူးစုံစမ်းရေး အဖွဲ့ဖွဲ့ပြီး ရှေ့နေ ၁၂ဦးနဲ့ ခုခံချေပဖို့ ပြင်ဆင်ခဲ့တာပါ။

ကော့စမွေတရားရုံးမှာ ရုံးထုတ်ချိန် နှစ်ဖက်သက်သေတွေ ရဲ့ စာရင်း အထောက်အထားတွေကို တင်ပြရာမှာ မြန်မာ လူငယ်၂ဦးအတွက် သက်သေ (၃၁ဦး) စာရင်းကို တင်ပြခဲ့ကြောင်း မြန်မာသံရုံး က တာဝန်ပေးထားတဲ့ အထူး စုံစမ်းရေးကော်မတီက ရှေ့နေ ဦးအောင်မျိုးသန့်က ဆိုပါတယ်။

"တရားသူကြီး အမိန့်ပြောတဲ့အတိုင်းပါပဲ။ အခု ၂၆ရက် ၁၂လ မတိုင်ခင်မှာ နှစ်ဖက် သက်သေတွေ တင်မယ်။ သက်သေ စာရင်းတွေ တင်မယ်။ တရားလိုဘက်က သက်သေ (၆၅) ယောက်တင်ပါတယ်။ ကျနော်တို့ဘက်က သက်သေ (၃၁) ယောက်တင်တယ်။ နိုင်ငံခြားသားသက်သေ (၂)ယောက်ပါပါတယ်။ ရက်ချိန်းကတော့ ရှေ့နှစ် ၇လပိုင်းမှာ စမှာပါ။ ပြန်ပြီးတော့ ၇လပိုင်း ၈ရက်နေ့လောက်မှ တရားလိုပြသက်သေတွေကို စစ်မယ်။ ပြီးလို့ရှိရင် ၈လပိုင်းမှာ တရားလိုပြသက်သေ ၆၅ယောက် စလုံးကို အပြီးစစ်မယ်ပြောပါတယ်။ ပြီးတော့ ၉လပိုင်းမှာ ကျနော်တို့ တရားခံပြသက်သေ တွေကိုစစ်မယ်။ ကျနော်တို့မြင်တာတော့ ကျနော်တို့ ဆောင်ရွက်ရတာ တရားရုံးအခြေအနေ ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုရင် အရင်တုန်းကဆိုရင် တရားရုံးက အလျင်စလို ဆောင်ရွက် ထားတဲ့အတွက် မြန်မြန်စစ် မြန်မြန်အပြစ်ပေးမယ့်ပုံစံမျိုးဖြစ်နေတာ။ ဒါပေမဲ့ ဒီနေ့ကတော့ ကျနော်တို့ပြောချင်တာကို ပြောခဲ့ရတယ်။ ကျနော်တို့ လိုချင်တဲ့ အခွင့်အရေးအတိုင်းပဲ ၇လ၊ ၈လ ခွာပြီး ချိန်းလို့ရခဲ့ပါတယ်။ ၇လပိုင်း ၈ရက်နေ့ဆိုရင် သက်သေတွေကို ရှာဖွေမယ်။ တကယ်တန်ဖိုးရှိတဲ့ သက်သေတွေကို ရွေးထုတ်မယ် ဆိုတဲ့ အချိန်ရသွားတာပေါ့။ "

မြန်မာနိုင်ငံသား သက်သေ ၂၀ကျော်ဟာ လူသတ်မှုဖြစ်ချိန် လိပ်ကျွန်းမှာ ရှိနေကြ သူများဖြစ်ပါတယ်။ သူတို့သက်သေ ထွက်ပေးဖို့ အတွက် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် နဲ့တိုင်းဒေသအလိုက် အစိုးရအဖွဲ့တွေ လူကုန်ကူးမှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့တွေက အကူညီပေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ တရားရုံးထုတ်ချိန်တုန်း ကတော့ ကော့တောင်ကျွန်း လူသတ်မှု အခြေအနေ ကို သိနိုင်တယ်လို့ ယူဆထားတဲ့နိုင်ငံခြားသား ၂ဦးကိုလည်း ထိုင်းရှေ့နေများကောင်စီ က သက်သေ အဖြစ် ခေါ်ယူခွင့်ပေးဖို့ တောင်းဆို ထားပါတယ်။ ဒီတောင်းဆိုချက်ကို တရားရုံးက လက်ခံခဲ့ကြောင်း အထူး စုံစမ်းရေးကော်မတီက ပြောရေးဆိုခွင့်ရှိသူ ဦးထူးချစ်ကဆိုပါတယ်။

" ကျနော်တို့က တောင်းဆိုထားတော့ အဲ့တာကို တရားသူကြီးက အကြမ်းဖျင်းပေါ့။ ပြီးခဲ့တဲ့ တစ်ပတ်ကတည်းက တောင်းဆိုထားတော့ လက်ခံထားပါတယ်။ ဒါပေမဲ့ ဘယ်နေ့ ဘယ်တော့ စစ်ခွင့်ပေးမယ်ဆိုတာတော့ ဒီနေ့ အတိအကျ မပြောသေးပါဘူး။ ဆိုလိုတာက ထိုင်းထဲမှာရှိရင်တော့ ခေါ်စစ်ပိုင်ခွင့် ပေးမယ်ပေါ့။ ထိုင်းထဲမှာမရှိတဲ့သူဆိုရင်တော့ သူတို့ အတိအကျမပြောပါဘူး။"

နိုင်ငံခြားသား၂ဦးအနက် တဦးကတော့ သေဆုံးသူရဲ့ မိတ်ဆွေဖြစ်ပြီး နောက်တဦး ကတော့ အဲ့ဒီကျွန်းက ကျွန်းသူကြီး ပိုင်တဲ့ AC ဘားမှဂီတာတီးပြိးအလုပ်လုပ်နေသူ တဦးဖြစ်ပါတယ်။ သူတို့ဟာ ဗြိတိန်နိုင်ငံသား ၂ဦး သတ်ဖြတ်ခံရတဲ့ နောက်တနေ့ မှာပဲ ကျွန်းကနေ ထွက်ခွါခဲ့ကြသူများဖြစ်ပါတယ် ။ သူတိုကို ထိုင်းရဲက မေးမြန်း စုံစမ်းမှု အနည်းငယ် လုပ်ခဲ့ပေမဲ့ သူတို့ဟာ လူသတ်မှုနဲ့ မသက်ဆိုင်ဘူး ဆိုပြီး ပြန်ခွင့်ပေးခဲ့တာဖြစ်ပါတယ် ။

အဲ့ဒီ့အချိန်တုန်းက တဦးကတော့ သူရဲ့အခန်းမှာ သွေးစွန်းနေတဲ့ အဝတ်အစားတွေ ရှိနေပြိး နောက်တဦးကတော့ သေဆုံးသူ တိုက်ခိုက်ခံရတဲ့ ဒဏ်ရာဒဏ်ချက်မျိုးတွေ ကို သူခန္ဓာကိုယ်ပေါ်မှာတွေ့ရှိခဲ့တာပါ ။ ဒါပေမဲ့လည်း အဲဒီအချိန်တုန်းက သူတိုကို ထိထိရောက်ရောက် စစ်ဆေးမေးမြန်းတာမျိုးတွေ မလုပ်ခဲ့ဘူးဆိုပြီး ထိုင်းလူမူကွန်ယက်တွေမှာတော့ ဝေဖန်ခဲ့ကြပါတယ်။

ဒါအပြင် သူတို့တွေဟာ လိပ်ကျွန်း လူသတ်မှု အဖြစ်အပျက်တွေကို မျက်မြင် သိရှိနိုင်တဲ့ လူများဖြစ်တယ်လို့ ထိုင်းရှေနေများကောင်စီကလည်း ယုံကြည်နေ ပါတယ်။ ဒီအတွက် သူတို့တွေဟာ ထိုင်းနိုင်ငံမှာ မရှိတော့ဘူးဆိုရင် စုံစမ်းရေးအဖွဲ့ အနေနဲ့ ဘယ်လို လုပ်ဆောင်မလဲ ဆိုတာကို မေးကြည့်ခဲ့ပါတယ်။

" အဲ့တာတော့ သူ့ဥပဒေအရ အဲ့လိုခေါ်လို့ရလား၊ မရလားဆိုတာတော့ ကျနော်တို့ ထိုင်းရှေ့နေတွေနဲ့ ညှိရမယ်လေ။ တကယ်လို့ မြန်မာအစိုးရဘက်က သူတို့နိုင်တဲ့ဘက်က ကျနော်တို့ အကြံပေးတဲ့အတိုင်းတော့ သူတို့ကူညီဆောင်ရွက်ပေးနေတာတွေရှိပါတယ်။ ဆိုတော့ တကယ်လို့ ထိုင်းရှေ့နေတွေက ကျနော်တို့ သံရုံအထူးကိုယ်စားလှယ် အဖွဲ့ကနေတဆင့် ခေါ်သင့်တယ် ခေါ်ရမယ်ဆိုရင် ကျနော်တို့ ထိုင်းအစိုးရကို တရားဝင်စာတင်ပြီး ခေါ်မှာဖြစ်ပါတယ်။"

ဒီနေ့ ကော့စမွေ တရားရုံးမှာစွပ်စွဲခံရသူတွေကို ရုံးထုတ်စစ်ဆေးချိန်မှာ မိသားစုဝင်တွေနဲ့ ရခိုင်ဘုန်းတော်ကြီးတွေနဲ့ တွေ့ခွင့်ရခဲ့ပါတယ်။ သက်သေတွေ ထွက်နိုင်ဖို့အတွက် နောက်ထပ် အချိန်လ နှစ်ဝက်ကျော် အချိန်ရတဲ့အတွက် အကောင်းဆုံး ပြင်ဆင်မူတွေ လုပ်သွားမှာဖြစ်သလို စွပ်စွဲခံထားရတဲ့ မြန်မာလူငယ် ၂ဦး အာမခံရနိုင်ဖို့ကိုလည်း ကြိုးစားလုပ်ဆောင်သွားမယ်ဆိုပြီး စုံစမ်းရေးကော်မရှင်က ပြောပါတယ်။

XS
SM
MD
LG