သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုပါကြီးကိစ္စ လူ့အခွင့်အရေးအဖွဲ့ မွန်ပြည်နယ်ရောက်


ဦးဝင်းတင်ရဲ့ ဂူဗိမာန်မှာ ဂါရဝပြုနေတဲ့ အလွတ်တန်းသတင်းထောက် ကိုပါကြီး။ (ဓာတ်ပုံ/အောင်ဆန်းသွေး)
ဦးဝင်းတင်ရဲ့ ဂူဗိမာန်မှာ ဂါရဝပြုနေတဲ့ အလွတ်တန်းသတင်းထောက် ကိုပါကြီး။ (ဓာတ်ပုံ/အောင်ဆန်းသွေး)

အလွတ်တမ်း သတင်းထောက် ကိုအောင်ကျော်နိုင် (ခေါ်) ကိုပါကြီး သေဆုံးမှုနဲ့ပတ်သက်ပြီး ဖြစ်စဉ်မှန်ကို စုံစမ်းစစ်ဆေးဖော်ထုတ်နိုင်ဖို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အတွင်းရေးမှူး ဦးဆောင်တဲ့ အထူးစုံစမ်းရေးအဖွဲ့ အမှုဖြစ်ပွားခဲ့ရာ မွန်ပြည်နယ်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး ရရှိလာတဲ့ အထူးအစီရင်ခံစာကို နိုင်ငံတော်သမ္မတဆီ တိုက်ရိုက်ပေးပို့တင်ပြရမှာဖြစ်ပါတယ်။ ကိုပါကြီးရဲ့ ကျန်ရစ်မိသားစုဝင်ကို လည်း သက်သေထွက်ဆိုချက်ပေးဖို့ လူ့အခွင့်အရေးကော်မရှင်က ဖိတ်ခေါ်ခဲ့ချိန် အဆင်မပြေမှုတွေဖြစ်ခဲ့ပေမဲ့ အမှုပြီးဆုံးတဲ့အထိ လူ့အခွင့်အရေး ကော်မရှင်အနေနဲ့ ဆက်သွယ်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်၊ ကျန်ရစ်သူဇနီး၊ အမှုလိုက်ရှေ့နေတို့ကို ဆက်သွယ်မေးမြန်းပြီး အမှုနောက်ဆုံးရ အခြေအနေ မဆုမွန် စုစည်း တင်ပြပေးထားပါတယ်။

ကိုအောင်ကျော်နိုင်ခေါ် ကိုပါကြီး သေဆုံးမှုကို ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ သတင်းထုတ်ပြန်ချက်ပေါ်မူတည်ပြီး မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့ အညီ စုံစမ်းစစ်ဆေးဖို့နဲ့ အထူးအစီရင်ခံစာကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဆီ အမြန်ဆုံး တင်ပြဖို့ နိုင်ငံတော်သမ္မတရုံးက မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို အောက်တိုဘာလ ၃၀ ရက်နေ့က ညွှန်ကြားချက် ထုတ်လိုက်တာပါ။ ဒါကြောင့်မို့လို့ အမှုဖြစ်စဉ်မှန် ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးဖို့ မှုခင်းဖြစ်ပွားရာ မွန်ပြည်နယ်ကို အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ ရောက်ရှိနေကြပြီ လို့ အမျိုးသား လူ့အခွင့်အရေးကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်က VOA ကို ပြောပါတယ်။

“ကျနော်ဦးစီးတဲ့ ကော်မရှင်လူကြီး သုံးဦးပါအဖွဲ့ အခု မော်လမြိုင်ကိုရောက်နေတာပေါ့ဗျာ၊ မော်လမြိုင်ကိုရောက်နေပြီး မနက်ဖြန်ကစပြီးတော့ သက်သေထွက်ဆိုချက်တွေကို ကျနော်တို့ စစ်ဆေးပါမယ်။ သက်သေထွက်ဆိုချက်တွေကတော့ သက်ဆိုင်တဲ့ နယ်ဘက်၊ စစ်ဘက် တာဝန်ရှိပုဂ္ဂိုလ်တွေပေါ့လေ၊ ဖြစ်စဉ်နဲ့ဆက်စပ်တဲ့ ရဲတပ်ဖွဲ့အုပ်ချုပ်ရေးပိုင်းကအဖွဲ့တွေကို ကျနော်တို့ စစ်ဆေးပါ့မယ်၊ ဖြစ်စဉ်နဲ့ပတ်သက်တာတွေ။”

မေး။ ။ တကယ်လို့ ဆရာတို့ အကုန်လုံး စုံစမ်းစစ်ဆေးပြီးသွားလို့ရှိရင် သမ္မတကို ပြန်ပြီးတင်ရမှာပါလား၊ ဆရာတို့ ဘာဆက်လုပ်မှာပါလဲရှင့်။

“အဲဒါကတော့ ကျနော်တို့ ဥပဒေအရကိုက လူ့အခွင့်အရေးနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးတာတွေကို နိုင်ငံတော် သမ္မတကို တင်ပြရမယ်ဆိုတာ ပါပါတယ်။ နိုင်ငံတော်သမ္မတကို တင်ပြတယ်ဆိုတာက အဓိက-က နိုင်ငံတော်သမ္မတကတဆင့် သက်ဆိုင်တဲ့အဖွဲ့အစည်းကနေ ဆက်လက် ဆောင်ရွက်ဖို့ ညွှန်ကြားမှုတွေ၊ အကြောင်းကြားမှုတွေ ပါဝင်ပါတယ်။ သမ္မတကို အစီရင်ခံတာလည်း ပါတယ်။ သက်ဆိုင်ရာ အစိုးရဌာန အဖွဲ့အစည်းတွေက ဆက်လက်ဆောင်ရွက်ဖို့အတွက်လည်း ဆောင်ရွက်ပေးဖို့ ကျနော်က တင်ပြတဲ့သဘော ပါပါတယ်။”

တပြိုင်နက်တည်းမှာပဲ ကိုပါကြီးရဲ့ကျန်ရစ်သူဇနီးကိုလည်း သက်သေထွက်ဆိုချက်ပေးနိုင်ဖို့ ရန်ကုန်အခြေစိုက် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် တာဝန်ရှိသူတွေက ဆင့်ခေါ်ခဲ့ပါတယ်။ ခေါ်ယူလို့ သွားရောက်ခဲ့ပေမယ့် လိုက်ပါသွားတဲ့သူ အရေအတွက်ကန့်သတ်မှုကြောင့် တာဝန်ရှိသူတွေနဲ့ မတွေ့ဖြစ်ခဲ့တဲ့အကြောင်းနဲ့ အမှုမှန်ပေါ်ပေါက်ရေး မိသားစုက အစွမ်းကုန်ကြိုးစားသွားမှာဖြစ်တယ်လို့လည်း ကျန်ရစ်သူဇနီးမသန္တာက ဗွီအိုအေကို ပြောပါတယ်။

“တရားဝင် စာရွက်စာတမ်းနဲ့ခေါ်တာ မဟုတ်ဘူး။ အမသွားတဲ့အခါကျတော့ အမ ရှေ့နေ ဦးရောဘတ်စန်းအောင်ပါတယ်။ အမရဲ့ အကြံပေးအဖော် ပေါ့နော်၊ ၈၈ မျိုးဆက်က မနီလာသိန်းနဲ့ မီးမီး၊ အမသူငယ်ချင်းတွေလည်းဖြစ်တယ်။ သူတို့ နှစ်ယောက်လည်းပါတယ်။ သူတို့က နှစ်ယောက်ပဲ ပေးဝင်တယ်။ အမနဲ့ ကျန်တဲ့နောက်တစ်ယောက်ပဲ ပေးဝင်မယ်ဆိုလို့ အမတို့ ဝင်ခွင့်မရဘူးလေ။ အဲဒါကြောင့် မဝင်တာ၊ လူ့အခွင့်အရေး ကော်မရှင်- လူ့အခွင့်အရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ တရားမျှတဖို့၊ လွတ်လပ်ပွင့်လင်းဖို့၊ ပွင့်လင်းမြင်သာရှိဖို့တော့ လိုတယ်ပေါ့နော်။ ဘယ်ဘက်ကမှ မလိုက်တဲ့ ကြားနေအဖွဲ့အစည်းဖြစ်ဖို့ လိုတယ်။ ဒီလို ကန့်သတ်တာမျိုးတော့ မဖြစ်ဖို့လိုတယ်။”

လူ့အခွင့်အရေးကော်မရှင်ရုံးကို မသန္တာနဲ့အတူ လိုက်ပါသွားခဲ့တဲ့ ဥပဒေ အကြံပေး တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင်က နိုင်ငံသား တစ်ယောက်ရဲ့အခွင့်အရေး၊ လူ့အခွင့်အရေးကို အလေးအနက်ထားပြီး အမှုမှန်ပေါ်ပေါက်အောင် သက်ဆိုင်ရာ အာဏာပိုင်တေ ွအနေနဲ့ တရားမျှတမှုရှိရှိ ဆောင်ရွက်ပေးဖို့ ပြောဆိုပါတယ်။

“ကျနော့အနေနဲ့ မြင်တာကတော့ မသန္တာက သူ့ယောက်ကျားအကြောင်းကို ပြောနေတိုင်း မျက်ရည်ကျပြီး ငိုတယ်။ နောက်ပြီးတော့ သူ့အနေနဲ့ ---- မပြောတတ်၊ မဆိုတတ်မှာကို သူ အလွန်စိုးရိမ်တယ်။ အဲဒီလို မပြောတတ်၊ မဆိုတတ်လို့ရှိရင် အမှန်တရားကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ရှာဖွေတဲ့နေရာမှာ အခက်အခဲတွေ ဖြစ်မှာစိုးလို့ သူက ကျနော်တို့တွေ အပါအဝင် သူနဲ့ လုပ်ဖော်ကိုင်ဘက်တွေ ဖြစ်ကြတဲ့ မနီလာသိန်းတို့ မမီးမီးတို့ကိုပါ သူခေါ်ချင်တာ။ အဲဒါနဲ့ပဲ နောက်ဆုံးတော့ ကျနော်တို့ မအောင်မြင်ဘဲနဲ့ ပြန်လာခဲ့ရပါတယ်။”

သက်သေထွက်ဆိုချက်ပေးဖို့အရေးမှာ နှစ်ဘက် အဆင်မပြေမှုတွေဖြစ်ခဲ့ပေမယ့်လို့ ကျန်ရစ်သူမိသားစုနဲ့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်တို့ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အတွင်းရေးမှူးက ပြောပါတယ်။

“မနေ့ကတော့ ကျနော်တို့ဆီက ကော်မရှင်အဖွဲ့ဝင်လူကြီး ဦးဇော်ဝင်း - သူ ဆောင်ရွက်တာပေါ့ဗျာ။ အမှန်ကတော့ ကိုပါကြီးရဲ့ဇနီးကို သက်သေ ထွက်ဆိုချက် အခွင့်အရေးပေးတာပေါ့ဗျာ။ သို့သော်လည်း သူက လာတဲ့အခါကျတော့ အားလုံးရှေ့နေတွေရော၊ ဒိပြင် အဖွဲ့အစည်းတွေရော တော်တော် များများပါလာတယ်၊ ပါလာပြီးတော့ သူတို့က အားလုံးဝင်မယ်ဆိုပြီးတော့ ဖြစ်တယ်လေ၊ သက်သေဆိုတာကတော့ သက်သေ တစ်ဦးချင်းပဲ ဝင်ရတာ ပဲလေ။ ထွက်ဆိုချက်ယူတာကတော့ ကာယကံရှင်ရဲ့ သတင်းပိုင်းဆိုင်ရာ လုံခြုံရေး၊ ဂုဏ်သိက္ခာဆိုင်ရာလုံခြုံရေးဆိုတာ ရှိတယ်လေ။ ကျနော်တို့လုပ်နေတဲ့ လုပ်ငန်းစနစ်အတိုင်းပဲ သက်သေထွက်ဆိုချက်ယူမယ်၊ လိုအပ်ရင် အမျိုးသမီး အဖော်တစ်ဦးဝင်ခွင့်ပြုမယ်၊ ဒါပေမယ့် ပါတဲ့အဖွဲ့တွေက သူတို့ပါ အကုန်ဝင်မယ်ဆိုတော့ ဒီဥစ္စာကတော့ သဘာဝမဟုတ်ဘူးလေ၊ ကျန်တာ သက်သေလည်းမဟုတ်ဘူးဆိုတော့ အဲဒါ သူတို့ကို ဝင်ခွင့်မပြုလို့ဆိုပြီး ပြန်သွားတယ်လို့ ကျနော် သိရတာပေါ့လေ။ ဒါပေမယ့်လို့ ဒေါ်သန္တာအနေနဲ့ကတော့ သက်သေထွက်ဆိုဖို့တော့ သူ အခွင့်အရေး မဆုံးရှုံးပါဘူး။ ဒီကိစ္စမပြီးမချင်း သူ့ကိုလည်း ကျနော်တို့ ဖွင့်ထားပေးမှာပါ။ အချိန်မရွေး လာပြီးတော့ ထွက်ဆိုချက်ပေးနိုင်တယ်။ နောက် ရေးသားထွက်ဆိုချက်လည်း ပေးနိုင်တယ်ဆိုတာ ဖွင့်ထားပေးပါတယ်။”

ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က အလွတ်သတင်းထောက် ကိုပါကြီး အခုလို အသတ်ခံရမှုကို ထောက်ပြပြီး မြန်မာနိုင်ငံအတွင်း တရားလက်လွတ်ဖမ်းဆီးသတ်ဖြတ်မှုတွေ ရှိနေတုန်းပဲလို့ ထောက်ပြပြောဆိုသွားသလို ဒီ သေဆုံးတဲ့ကိစ္စနဲ့ ပတ်သက်လို့ ပွင့်လင်းမြင်သာမှုရှိတဲ့ စုံစမ်းစစ်ဆေးမှုတွေလုပ်သွားဖို့၊ ဒီအပေါ် ကျူးလွန်သူတွေကို အရေးယူ အပြစ်ပေးဖို့ မြန်မာအစိုးရကို အမေရိကန်ပြည်ထောင်စုက တောင်းဆိုထားပါတယ်။

XS
SM
MD
LG