သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရေးပေါ် စီ်မံချက်နဲ့ ဖမ်းဆီးမှု ခံပြသက်သေ တောင်ကြီးမှာ စစ်ဆေး


ရှမ်းပြည်နယ် တောင်ကြီးမြို့ပြ မြေပုံ။
ရှမ်းပြည်နယ် တောင်ကြီးမြို့ပြ မြေပုံ။

ပြည်ထောင်စု လုံခြုံမှုကို ဖျက်ဆီးမှု၊ နောက် ပြည်ထောင်စု လုံခြုံရေးကို လက်နက်ခဲယမ်း မီးကျောက်နဲ့ ဖျက်ဆီးမှု စတဲ့ ပုဒ်မတွေတပ်ပြီး တောင်ကြီးမြို့မှာ ဖမ်းဆီးခံထားရသူတချို့ကို ဒီကနေ့မှာ တရားရုံးထုတ် စစ်ဆေးခဲ့ပါတယ်။ တရားခံတွေဘက်က တင်ပြတဲ့ သက်သေတွေထဲက တချို့ကိုလည်း တရားရုံးဘက်က ပယ်ချခဲ့တာကြောင့် ဒါဟာ ပြစ်မှုဆိုင်ရာ ကျင့်ထုံးနဲ့ မညီဘူးဆိုပြီး တရားခံတွေရဲ့ ရှေ့နေက ပြောဆိုလိုက်ပြီး တရားကြားနာမှုတွေ အတွင်းမှာလည်း လုံခြုံရေး အရ စိုးရိမ်စရာ ရှိတယ်လို့ ဆိုပါတယ်။ အသေးစိတ် မသိင်္ဂ ီထိုက် က ပြောပြပေးမှာပါ။

ရှမ်းပြည်နယ် ကွန်ဟိန်း မြို့ မင်္ဂလာဆောင်ကို သွားကြတဲ့ အစ္စလာမ် ဘာသာဝင် မြန်မာနိုင်ငံသားတွေ၊ နောက် မင်္ဂလာဆောင်မယ့် သတို့သားနဲ့ သတို့သမီး၊ ဆွေမျိုးတွေနဲ့ တောင်ကြီးမြို့ခံတွေ အပါအဝင် လူပေါင်း ၂၀ ကို သတင်းအရ ဆိုပြီး သြဂုတ်လ ကတည်းက ဖမ်းဆီးပြီး တောင်လေးလုံး အကျဉ်းထောင်မှာ ချုပ်နှောင်ထားခဲ့တာပါ။

ဒီထဲကမှ ဒီကနေ့မှာတော့ ကျောက်ဆည်မြို့ လက်ပံရွာက ဖမ်းဆီးခံ ၅ ဦးတို့ရဲ့ တရားခံပြ သက်သေတွေကို ကြားနားခဲ့တာ ဖြစ်ပါတယ်။ ဖမ်းဆီးခံထားရသူ ၂၀ ထဲက ၁၂ ဦးတို့ရဲ့ ရှေ့နေ ဒေါ်ခင်မိုးမိုးက ဒီကနေ့ ကြားနာမှုကို အခုလို ပြောပါတယ်။

" ဟုတ်ကဲ့ ကျမတို့ ဒီကနေ့ လက်ပံရွာက တရားခံငါးဦးအတွက်ကို သက်သေ လေးဦးကို စစ်တယ်။ သုံးဦးကို ပယ်ပေးတယ်။ ဆိုတော့ ၇ယောက် ပြီးသွားတာပေါ့။ ကျမတို့ တရားခံငါးဦးအတွက်က ၇ယောက် စစ်လို့ပြီးသွားတယ်။ တရားခံတွေက သူတို့ရွာမှာ သူတို့ ကောင်းကောင်းမွန်မွန် နေထိုင်တယ်။ တကယ်မင်္ဂလာဆောင်ဆိုတာလည်း သူတို့သိတယ်။ သူတို့စွပ်စွဲသလို ဟန်ဆောင်မင်္ဂလာဆောင်ဆိုတာလည်း မဟုတ်ဘူး။ မင်္ဂလာဆောင်ဖိတ်စာတွေ ဘာတွေနဲ့ လုပ်တာ။ အဲ့ဒီ့ဟာ လာထွက်ဆိုတာပါရှင့်။"

အခုလို တရားခံတွေဘက်က တင်ပြတဲ့ သက်သေတွေကို တရားရုံးက ပယ်ချတာက ပြစ်မှုဆိုင်ရာ ကျင့်ထုံးနဲ့ မညီဘူးလို့လည်း ဒေါ်ခင်မိုးမိုးက ပြောပါတယ်။ တရားခံ အဖြစ် စွပ်စွဲခံထားရသူတွေကို ကြားနာစစ်ဆေးမှုတွေ အတွင်းမှာ တရားရုံးရှေ့မှာ ဘုန်းကြီးတွေ အပါအဝင် လူတချို့လည်း လာရောက်စောင့်ကြည့်မှုတွေ ရှိနေတယ်လို့ လည်း ရှေ့နေကြီး ဒေါ်ခင်မိုးမိုးက ပြောပါတယ်။

" အဲ့ နောက်တခါ ရုံးအပြင်မှာကျတော့ စွမ်းအားရှင်အုပ်စုတွေ၊ လာကြပါတယ်။ နောက်ပြီးတော့ ရဟန်းတွေ သံဃာတော်တွေက လည်း လေးချိန်းလောက်ရှိပြီရှင့်။ အခု -ချိန်းတော့ မဟုတ်ဘူး။ အဲ့လိုကြိုကြား ကြိုကြားလောက် လာတာ။ သံဃာဆယ်ပါးလောက် လာတယ်။ အဲ့ရုံးရှေ့က လက်ဘက်ရည်ဆိုင်မှာ ထိုင်ပြီးတော့ ဝေါ်ကီ တော်ကီတွေ ဘာတွေနဲ့ စကားပြောတာတွေ ဘာတွေ လုပ်တယ်။ နောက်ပြီးတော့ ဖေ့စ်ဘွတ်ခ်တွေမှာတော့ ဒီအမှုကို စောင့်ကြည့်နေတယ်ပေါ့။ အမျိုးသားစောင့်ကြည့်ရေးအဖွဲ့ က စောင့်ကြည့်နေတယ်။ ဘာလုပ်မလဲ ဆိုတာ အဲ့လို။ တခုခုလုပ်ရင်တော့ သူတို့က မခံဘူးပေါ့။ အဲ့ဒီ့လိုမျိုးတွေ တင်ထားတာတွေရှိတယ်ရှင့်။"

ဒါ့အပြင် ဒီတရားခံ အဖြစ် စွပ်စွဲခံထားရသူတွေကို ဖမ်းဆီးတဲ့ စစ်ဖက်ရေးရာ လုံခြုံရေး တပ်ဖွဲ့ကလည်း တိကျ ခိုင်မာတဲ့ သက်သေ မပြနိုင်ဘူးလို့ ဒေါ်ခင်မိုးမိုးက ဆက်ပြီး ပြောပါတယ်။

" အစိုးရဘက်က စွပ်စွဲထားတာကတော့ မင်္ဂလာဆောင်မှာ ၁၄ယောက် တားပေးထားလိုက်တာပေါ့ အဲ့တာက သြဂုတ်လ ၄ရက် နေ့မှာ ဖမ်းလိုက်တယ်။ နောက်ပြီးတော့ သူတို့သားက သူ့ရဲ့မိဘ ဆွေမျိုးတွေကို ဖမ်းသွားမှန်းသိတော့ သူက ၉ရက်နေ့မှာ တောင်ကြီးကို ပြန်လာတယ်။ သူ့မိဘ ဆွေမျိုးတွေကို ဖမ်းတဲ့ကိစ္စ၊ ရှင်းမယ်ဆိုပြီး ပြန်လာတော့ သူတို့သားရယ် သူတို့သမီးရယ်။ သူတို့သားရဲ့ ဦးလေးရယ် သုံးယောက်ကို ထပ်ဖမ်းလိုက်ရော၊ အဲ့တော့ ၁၇ယောက် ဖြစ်သွားရော၊ အဲ့တာပြီးတော့မှ တောင်ကြီးက လူသုံးယောက်ကိုကျတော့ တခြားသီးခြား သူတို့ကို ထပ်ဖမ်းတယ်။ အဲ့ ဒီလူတွေကလည်း ဆူပူသောင်းကျန်းမယ့်သူတွေဆိုပြီးတော့ တောင်ကြီးက လူ သုံးယောက်ကို ဆက်ဖမ်းပြီးတော့ စုစုပေါင်း ၂၀ကို အမှုဖွင့်ပြီးတော့ စွဲလိုက်တယ်။

အမှုဖွင့်ထားတဲ့ ပုဒ်မ ၅ည ဆိုတာက ပြည်ထောင်စု လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးကို ဖျက်ဆီးတာပေါ့နော်။ နိုင်ငံရေးပုဒ်မပါ။ ၅ (ည) ရယ် ၅ (ဌ) ဆိုတာက ပြည်ထောင်စု လုံခြုံရေးကို လက်နက်ခဲယမ်း မီးကျောက်တွေနဲ့ ဖျက်ဆီးတဲ့သူကို စွဲတဲ့ပုဒ်မ အဲ့ဒီ့ပုဒ်မ ၂ခုနဲ့စွဲလိုက်တယ်။

စာရွက်စာတမ်း တစုံတရာမှ မမိဘူး။ လက်နက်တစုံတရာမှ မမိဘူး။ ဆိုတာ မှန်တယ်လို့ထွက်ထားတယ်။ အဲ့တော့ သူတို့ အစဉ်အဆက်ရခဲ့တဲ့ သတင်းက မှန်ချင်လည်း မှန်မယ်ပေါ့။ ဒါပေမဲ့ အဲ့ဒီ့သတင်းနဲ့ ဒီလူတွေနဲ့ အခုတရားခံအဖြစ် စွပ်စွဲခံရသူတွေနဲ့ ဆက်စပ်မှု မရှိဘူး။ သူတို့ပြောသလို အကြမ်းဖက်အဖွဲ့နဲ့ ဆက်သွယ်တယ်ဆိုတာ ဘယ်အဖွဲ့နဲ့ ဆက်သွယ်တယ်ဆိုတာ ဘာသက်သေအထောက်အထားမှ မရှိဘူး။ အဲ့တော့ အဲ့ဒီ့အချက်အလက်တွေအရ ကျမက ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို ကျမ ပြင်ဆင်မှု တက်ထားပါတယ်။"

တရားရုံးဘက်ကတော့ ဖမ်းဆီးထားသူ ၂၀ တို့ထဲမှာ အကုန်လုံး မဟုတ်တောင်မှ စွဲဆိုချက်နဲ့ ငြိတဲ့သူတွေ ရှိနိုင်တယ်။ စစ်ဆေးဆဲ ဖြစ်တာကြောင့် အတိအကျ မပြောနိုင်သေးဘူးလို့လည်း အမည်မဖော်လိုတဲ့ တရားရေး ဝန်ထမ်းတဦးက ဗွီအိုအေကို ပြောပါတယ်။

XS
SM
MD
LG