သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသား လက်နက်ကိုင် (၁၆) ဖွဲ့ အပစ်ရပ်မူကြမ်း လက်မှတ်ထိုး


ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေမှာ ကျင်းပခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ စတုတ္ထအကြိမ်အစည်းအဝေး။ (ဓာတ်ပုံ-အေပီ-ခင်မောင်ဝင်း)
ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေမှာ ကျင်းပခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ စတုတ္ထအကြိမ်အစည်းအဝေး။ (ဓာတ်ပုံ-အေပီ-ခင်မောင်ဝင်း)
ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေ၊ လော်ခီးလာ (ခေါ်) လေးဝါးမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ (၁၆) ဖွဲ့က တနိုင်ငံလုံး အတိုင်းအတာ အပစ်ရပ်စဲရေးမူကြမ်းကို လက်မှတ်ရေးထိုးခဲ့ကြပြီးတဲ့နောက် ရှေ့အလားအလာတွေနဲ့ ပတ်သက်လို့ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ အမြင်ကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက ဆက်သွယ်မေးမြန်းထားပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် (၁၆) ဖွဲ့ စုစည်းပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးမူကြမ်းကို မကြာသေးခင်က ကရင်ပြည်နယ် လော်ခီးလာ တိုင်းရင်းသားညီလာခံကြီးမှာ လက်မှတ် ရေးထိုးခဲ့ကြတာပါ။ (၁၆) ဖွဲ့ထဲမှာ မြန်မာအစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ (၁၄) ဖွဲ့ ပါဝင်တာပါ။ ဒီညီလာခံကြီးအပြီးမှာ မြန်မာအစိုးရခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားတွေလည်း ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ဆက်ပြီး ဆွေးနွေးနေပါတယ်။ တိုင်းရင်းသားတွေနဲ့ မြန်မာအစိုးရကြား ခိုင်မာတဲ့ အပစ်ရပ်စဲရေး အလားအလာနဲ့ ပတ်သက်လို့ တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီရ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက အခုလို ပြောပြပါတယ်။

“သဘောတူညီချက် ရမရကတော့ ကြိုပြောဖို့ ခက်ပါတယ်။ တဘက် အဖွဲ့ အစည်းရဲ့ သဘောထားကိုလည်း သိဖို့လိုတယ်။ သူတို့အနေနဲ့ သဘောထားကြီးကြီးနဲ့ အမြော်အမြင်ရှိရှိနဲ့ နားလည်မှုပေးပြီးတော့ တိုင်းရင်းသားတွေက ဒီလိုဖြစ်ချင်တာပဲ။ ဒီလိုဖြစ်ချင်တဲ့ အခြေအနေနဲ့ သူတို့လက်ရှိအစိုးရအနေနဲ့ ကန့်ကွက်ဖို့ မရှိဘူးဆိုရင်တော့ သဘောထားကြီးမယ် ဆိုရင်တော့ ဖြစ်နိုင်ခြေရှိပါတယ်။ သို့သော် အစိုးရဘက်မှာလည်း တပ်မတော်က တဘက်၊ လွှတ်တော်ကတဘက်ဆိုတော့ သူတို့ဘက်မှာလည်း အချင်းချင်း ညှိနှိုင်းရတာတွေ ရှိပါတယ်။ အဲဒီ ဘက်သုံးဘက် ညီညီညာညာနဲ့ရလာတဲ့ သဘောတူညီချက်နဲ့ ကျနော်တို့ သဘောတူညီချက်နဲ့ ထပ်တူဖြစ်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒီတခါတော့ လုံးဝကို နောက်ကြောင်းပြန်မလှည့်အောင် ဒီလို ပြန် ဖြစ်တာတို့၊ စည်းကမ်းဖောက်ဖျက်တာတို့၊ ကတိဝတ် မလိုက်နာတို့ မဖြစ်အောင် ကျကျနန တာဝန်ရှိတဲ့အကြီးအကဲတွေ တာဝန်ယူမှု ပြည့်ပြည့်စုံစုံနဲ့ လုပ်မယ်လို့တော့ စဉ်းစားထားတာပဲ။”

မြန်မာအစိုးရနဲ့ဆွေးနွေးမှုတွေ မစခင် ရှေ့အလားအလာတွေနဲ့ ပတ်သက်လို့တော့ ပြောဆိုဖို့ မလွယ်ကူသေးကြောင်း၊ နောက်ထပ် သဘောတူညီချက်တွေ ဆွေးနွေးဖို့ လိုအပ်နေသေးကြောင်း ကရင်အမျိုးသား အစည်းအရုံးရဲ့ အထွေထွေအတွင်းရေးမှူး ဖဒိုကွယ်ထူးဝင်းက ဆိုပါတယ်။

“အခုလောလောဆယ်တော့ ကျနော်တို့ တိုင်းရင်းသားဘက်မှာကတော့ အခုနောက်ဆုံး အဲဒီ လော်ခီးလာကွန်းဖရင့်ပဲရှိတာကိုး။ ကွန်ဖရင့်ဆုံးဖြတ်ချက်ပဲ ရတယ်၊ အစိုးရနဲ့ သဘောတူညီချက်တော့ ဘာမှ မဆွေးနွေးရသေးဘူးဆိုတော့ ဘာမှ သဘောတူညီချက် မရသေးဘူးပေါ့။ တဖွဲ့ချင်းတွေမှာတော့ သူတို့က သီးခြား သဘောတူညီချက်တွေ ရှိတာပေါ့။ ဒါပေမယ့် အကုန်လုံးနဲ့တွေ့ပြီးတော့ တပြည်လုံးအပစ်အခတ်ရပ်စဲရေး အကုန်လုံးပါဝင်နိုင်ဖို့အတွက်က နောက်ထပ်သဘောတူညီချက်တစ်ခု ပေါ့လေ- ဒါကတော့ လုပ်ရမှာပေါ့။”

ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး ဥက္ကဋ္ဌ မိုင်အိုက်ပုန်းကတော့ အရင်က အပစ်ရပ်ပြီးနောက်ပိုင်း သဘောတူညီချက်တွေ ချိုးဖောက်ခံရတဲ့ သာဓကတွေကြောင့် တပြည်လုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး အလားအလာကို သိပ်မျှော်လင့်လို့ မရကြောင်း အခုလို ပြောပါတယ်။

“လောလောဆယ် အခု ၁၂ ဖွဲ့ လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေကတော့ တချို့နေရာတွေမှာ တိုက်ပွဲတွေ မဖြစ်တာတောင်မှ စစ်ရေးတင်းမာမှုတွေ ရှိတယ်။ တချို့နေရာမှာလည်း ကရင်ပြည်နယ်မှာရော တခြားနေရာမှာ ဆိုရင်တော့လည်း မြန်မာ့တပ်မတော်တွေ တိုးချဲ့ထားတာရှိသလို ရှမ်းပြည် တောင်ပိုင်း၊ မြောက်ပိုင်းမှာဆိုရင်လည်း တိုက်ပွဲတွေက ဆက်ဖြစ်နေတာပဲ။ ဒါကတော့ အပစ်အခတ်ရပ်စဲတဲ့ပြည်နယ်အဆင်ရော၊ ပြည်ထောင်စုအဆင့်ရော ရရှိထားတဲ့ အပစ်အခတ်ရပ်စဲရေးပါ။ အခု အပစ်အခတ် ရပ်စဲရေးတော့ မလုပ်သေးပါဘူး။ ဒီလိုမျိုးပဲ အခု အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးတယ်၊ အခု တိုက်ပွဲဖြစ်နေတယ်ဆိုတာကတော့ ကျနော်တို့သမိုင်းကြောင်းအရ အတွေ့အကြုံ အရ ကြည့်မယ်ဆိုရင် တခါမှ ပြေလည်တာမရှိဘူး၊ အပစ်အခတ် ရပ်စဲတယ်လို့ ဆိုထားတယ်၊ တိုက်ပွဲဆက်ဖြစ်နေတာပဲ။”

တိုင်းရင်းသားပေါင်းစုံ ပါဝင်တဲ့ညီလာခံကို ဇန်နဝါရီလ ၂၀ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ ၆ ရက်ကြာ ကျင်းပခဲ့ကြတာဖြစ်ပါတယ်။ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီကလွဲရင် တိုင်းရင်းသား (၁၆) ဖွဲ့က အပစ်ရပ်စဲရေးမူကြမ်းကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဒီဆွေးနွေးပွဲကနေ ထွက်လာတဲ့မူကြမ်းကိုလည်း ဖေဖော်ဝါရီလမှာ လျာထားတဲ့ မြန်မာအစိုးရနဲ့ တိုင်းရင်းသားအားလုံး ပါဝင်မယ့် ညီလာခံကြီးမှာ သဘောတူညီချက်တွေ ရယူသွားဖို့ ရှိပါတယ်။
XS
SM
MD
LG