သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတသဝဏ်လွှာ နားလည်မှုလွဲမှား


မြန်မာသမ္မတ ဦးသိန်းစိန်။
မြန်မာသမ္မတ ဦးသိန်းစိန်။
ပြည်ထောင်စုလွှတ်တော်မှာ မှတ်တမ်းတင်ဖို့ ဆိုင်းငံ့ထားတဲ့ သမ္မတရဲ့ သဝဏ်လွှာနဲ့ပတ်သက် လို့ နိုင်ငံတော်သမ္မတရုံးက ဒီကနေ့ ဖြေရှင်းချက် ထုတ်ပြန်လိုက်ပါတယ်။ သမ္မတက လွှတ်တော် ကို ပေးပို့တဲ့ သဝဏ်လွှာနဲ့အတူ ပူးတွဲပါလာတဲ့ သတင်းသုံးသပ်ချက်ထဲမှာ ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေမှာ ရခိုင်ပါတီနဲ့ ရခိုင်မျိုးချစ်ပုဂ္ဂိုလ်တွေကြောင့် ဖြစ်တယ်ဆိုတဲ့ ပုံစံမျိုး ရေးသား ဖော်ပြထားတဲ့အချက်တွေကို ရခိုင် လွှတ်တော်အမတ်တွေက ကန့်ကွက်တာကြောင့် မှတ်တမ်းတင်မယ့်ကိစ္စကို ဆိုင်းငံ့ထားခဲ့တာပါ။ အပြည့်အစုံကိုတော့ ဘန်ကောက်ရုံးကနေ ဆက် သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

နိုင်ငံတော်သမ္မတက လွှတ်တော်ကို သြဂုတ်လ ၂၁ ရက်နေ့မှာ ပေးပို့ခဲ့တဲ့ အချက် အချက် ၆ ချက်ပါ သဝဏ်လွှာကသာ သမ္မတရဲ့ သဘောထားဖြစ်ပြီး အဲဒီ သဝဏ်လွှာနဲ့အတူ ပူးတွဲပါလာတဲ့ သတင်း သုံးသပ်ချက်ကတော့ သမ္မတရဲ့ သဝဏ်လွှာမဟုတ်ဘူးဆိုပြီး သမ္မတရုံးက ဒီကနေ့ ရှင်းလင်းချက် ထုတ်ပြန်ခဲ့တာပါ။

သဝဏ်လွှာနဲ့အတူ ပူးတွဲပေးပို့လိုက်တဲ့ သတင်းသုံးသပ်ချက်ဟာ လုပ်ငန်းပိုင်းဆိုင်ရာ အားနည်းချက် ရှိတာတွေကြောင့် နားလည်မှု လွဲစရာ ဖြစ်ကုန်တယ်လို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး ဗွီအိုအေ မြန်မာပိုင်းကို ရှင်းပြပါတယ်။

“သမ္မတကြီးရဲ့ သဝဏ်လွှာက အပိုဒ် (၁) ကနေ (၆) အထိပေါ့နော်။ စာပိုဒ် ခြောက်ပိုဒ်ရှိတယ်ဗျ။ စာမျက်နှာ သုံးမျက်နှာရှိတယ်။ အဲဒီမှာ ပူးတွဲဆိုတဲ့ သတင်းသုံးသပ်ချက်က နားလည်မှုလွဲစရာတွေ ပါသွားတယ်ပေါ့နော်။ အဲဒါတွေသည် ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခ ဖြစ်စဉ်များ သတင်း သုံးသပ်ချက်မှတ်တမ်း- ဆိုတာ ဒါက ကျနော်တို့ သမ္မတရုံးကို သတင်းဌာနတွေကနေ စုစည်းပြီးတော့ တင်တဲ့သူကတင်တယ်။ နောက် သတင်းရင်းမြစ် များစွာပေါ့နော်။ အဲဒီတွေကနေ ပြောတာတွေ ရှိတယ်။ တချို့ အရပ်သားအဖွဲ့အစည်းတွေက အကြံပြုတင်ပြတာတွေ ရှိတယ်ပေါ့နော်။ အဲဒါတွေ ရောနှောပြီးတော့ တင်ထားတဲ့ သုံးသပ်ချက်ပေါ့နော်။ အဲဒီသုံးသပ်ချက်က အောက်က ဝန်ကြီးဌာနတွေက တင်ပြတာတွေ ရှိပါတယ်။ အဲဒီမှာ ပူးတွဲအနေနဲ့ ပါသွားတာပေါ့နော်။ အထင်အမြင်လွဲစရာ ဖြစ်သွားတာက သမ္မတကြီးရဲ့ သဘောထားလား၊ နိုင်ငံတော် သမ္မတရုံးရဲ့ သုံးသပ်ချက်လား၊ သမ္မတကြီးရဲ့ သုံးသပ်ချက်လားဆိုတဲ့အထိ အငြင်းပွားဖွယ် ဖြစ်သွားတာပေါ့။ အဲဒါနဲ့ ပတ်သက်လို့တော့ သမ္မတကြီးရဲ့ သဘောထားသည် စာပိုဒ် တစ်ကနေ ခြောက်အထိ၊ နောက်ဆက်တွဲ ပူးတွဲကတော့ သိသာဖို့-ပေါ့နော်။ ဒီလို ဒီလို ဖြစ်နေတဲ့ဟာတွေ၊ အမြင်တွေကတော့ အမျိုးမျိုး ရှိပါတယ်။ အဲဒီလို အမြင်အမျိုးမျိုးပေါ်မှာ ဟိုဘက် ဒီဘက် အမြင်တွေကလည်း ဒီအချိန်မှာ တချို့လည်း ပြင်းထန်တယ်၊ တချို့လည်း အပြုသဘော မဆောင်တာတွေလည်း ရှိပါတယ်။ နိုင်ငံတကာမှာလည်း အမျိုးမျိုးဖြစ်နေတယ်။ ဒီအခြေအနေနဲ့ အစိုးရရဲ့သဘောထားကို အကုန်လုံး ဖတ်ကြည့်ရင် ပေါ်ပါတယ်။

တချို့ဟာတွေက သိသင့်တဲ့အပိုင်းတွေပေါ့နော်။ ထုတ်နှုတ်ပြီး ပေးလိုက်တဲ့သဘော ဖြစ်ပါတယ်။ သို့သော်လည်း သမ္မတကြီးရဲ့ သဝဏ်လွှာကတော့ ကျနော်တို့ကို ပြုစုခိုင်းတာကတော့ ရှေ့ပိုင်းကိုပဲ ပြုစုခိုင်းတာ။ ဒါကတော့ သက်ဆိုင်ရာ staff ပိုင်းမှာ အားနည်းချက်တွေလည်း ရှိပါတယ်။ အဲလိုလေးတွေလည်း ဖြစ်သွားတယ်။ ဒါကတော့ နားလည်မှုလွဲသွားတာပေါ့နော်။”

သဝဏ်လွှာပါ အချက် ၆ ချက်ကို နဂိုရ်ကတည်းက ထောက်ခံထားပြီးဖြစ်တဲ့အတွက် အခုလို ရှင်းလင်း တင်ပြချက် ထုတ်ပြန်တဲ့အပေါ် ကြိုဆိုကြောင်း RNDP ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီရဲ့ ဥက္ကဋ္ဌလည်းဖြစ်၊ စစ်တွေမြို့နယ်ကိုယ်စားပြု အမျိုးသားလွှတ်တော်အမတ် တဦးလည်းဖြစ်တဲ့ ဒေါက်တာအေးမောင်က ပြောပါတယ်။

“ကျနော်တို့ကလည်း အဲဒီ ခြောက်ချက်ကို ထောက်ခံပါတယ်ဗျ။ လက်လည်း လက်ခံပါတယ်။ သမ္မတကြီးရဲ့ ပူးတွဲပါ လေးကတော့ဖြင့် မဖော်ပြအပ် ဘူးလို့ ကျနော်တို့ သုံးသပ်ပါတယ်။ ဒါမျိုးက ဘယ်လိုပဲ သုံးသပ် သုံးသပ်လေ၊ တည်ငြိမ်အေးချမ်းတဲ့ ကာလတခုကို ထူထောင်တည်ဆောက်တဲ့ကာလမှ လူထုကို ဒါမျိုး ဆွပေးသလိုမျိုး၊ မငြိမ်မသက်ဖြစ်အောင် အသုံးအနှုန်းလေးတွေ သုံးစွဲမိတယ်ဆိုရင် သုံးစွဲတဲ့ ပုဂ္ဂိုလ်တွေမှာ သမိုင်းရဲ့ ဒဏ်ခတ်မှုကို ခံရတတ်ပါတယ်။ ဒါလည်း ကျနော်တို့ ဖော်ပြခဲ့ပါတယ်။ အဲဒါကြောင့် ဒီကာလအတွင်း သတင်းဖော်ပြမှုဟာ သမ္မတရုံးရဲ့ ဖော်ပြမှု မဟုတ်ဘူးလို့ ထုတ်ပြန်ပေးမယ်ဆိုရင် ပေးခဲ့တယ်ဆိုရင်ပေ့ါဗျာ။ ကျနော်တို့က အမြဲ ကြိုဆိုပါတယ်။ လူထုကလည် ကျေကျေလည်လည်နဲ့ သဘောပေါက် လက်ခံမယ်လို့ ယူဆပါတယ်။”

လုပ်ထုံးလုပ်နည်းအရ နိုင်ငံတော်သမ္မတက လွှတ်တော်ကို ပေးပို့တဲ့ သဝဏ်လွှာတွေကို ပြည်ထောင်စုလွှတ်တော်မှာ မှတ်တမ်းတင်ရတဲ့ အစဉ်အလာ ရှိတာကြောင့် သြဂုတ်လ ၂၃ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ မှတ်တမ်းတင်ဖို့ စီစဉ်တာမှာ RNDP ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက လွှတ်တော်အမတ်တွေက ကန့်ကွက်တဲ့အတွက် အဲဒီ မှတ်တမ်းတင်မယ့် အစီအစဉ်ကို လွှတ်တော်ဥက္ကဋ္ဌက ဆိုင်းငံ့ထားလိုက်တာပါ။

ဒီသဝဏ်လွှာကို မှတ်တမ်းတင်ဖို့ ပြန်အဆိုတင်သွင်းတဲ့အခါမှာတော့ အခု အငြင်းပွားစရာဖြစ်နေတဲ့ သတင်းသုံးသပ်ချက်ပါ အကြောင်းအရာတွေကို ပြင်ဆင်ပြီးမှ တင်သွင်းမယ်လို့ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။

“အခု ဖြစ်တဲ့ဟာကိုတော့ ကျနော်တို့လည်း သမ္မတကြီးကို ပြန်ပြီးတော့ သတင်းပို့ရမှာပေါ့နော်။ သတင်းပို့ပြီး သဝဏ်လွှာကိုလည်း ပြင်ဆင်ပြီး ပို့ရမှာပေါ့။ နောက်တော့ ဒါက သမ္မတ သဘောထားလည်း မဟုတ်ဘူး။ ဒါက သတင်းသုံးသပ်ချက်လို့ ပူးတွဲလိုလို ပါသွားတဲ့သဘောပေါ့နော်။ ပူးတွဲ သုံးသပ်ချက်ကလည်း သမ္မတရုံးရဲ့ သုံးသပ်ချက်လည်း မဟုတ်ဘူး၊ သမ္မတကြီးရဲ့ သဘောထားလည်း မဟုတ်ဘူး။ သမ္မတကြီးရဲ့ ရပ်တည်ချက်ကလည်းး အကုန်လုံးကို ပွင့်ပွင့်လင်းလင်း ပြောထားပြီး ဖြစ်ပါတယ်။”

နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး ပြောပြခဲ့တာပါ။

သဝဏ်လွှာနဲ့အတူ ပူးတွဲ တင်ပြခဲ့တဲ့ သတင်းသုံးသပ်ချက်နဲ့ပတ်သက်လို့ သမ္မတ ဦးသိန်းစိန်အနေနဲ့ သိရှိခဲ့ခြင်း မရှိဘူးဆိုတာ သူတို့အနေနဲ့လည်း ကြားသိခဲ့ရတယ်လို့ ဒေါက်တာအေးမောင်က ဗွီအိုအေကို ပြောပြပါတယ်။

သမ္မတရုံးဘက်က တစုံတရာ စတင် မလုပ်ဆောင် မခြင်းတော့ ဒီကိစ္စဟာ အခုအတိုင်းပဲ ဆက်ရှိနေဦးမယ်လို့ လွှတ်တော်အမတ်တွေက ပြောပါတယ်။
XS
SM
MD
LG