သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီးယား သံသယကင်းရှင်းဖို့ မြန်မာ IAEA စာချုပ် လက်မှတ်ထိုး


ကုလသမဂ္ဂလက်အောက်ခံ IAEA နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီနဲ့ နောက်ဆက်တွဲ သဘောတူညီချက် လက်မှတ်ရေးထိုးတာဟာ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာရဲ့ သံသယတွေ ကင်းရှင်းသွားစေပြီး နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုနိုင်စေမယ့် အခွင့်အရေး ရစေဖို့ ရည်ရွယ်ရေးထိုးခြင်းဖြစ်တယ်လို့ အစိုးရပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က ပြောပါတယ်။ မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ IAEA တို့ အင်္ဂါနေ့က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ လက်မှတ်ရေးထိုးကြတာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ဝိုင်းတော်သား ကိုဇော်ဝင်းလှိုင်က ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံအနေနဲ့ Nuclear Non-Proliferation Treaty လို့ခေါ်တဲ့ နျူကလီးယားလက်နက် မပြန့်ပွားရေးဆိုင်ရာ သဘောတူညီချက်ကို ၁၉၉၂ ခုနှစ် ဒီဇင်ဘာလကတည်းက လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံဖြစ်ပါတယ်။ အခု မြန်မာအစိုးရ ကိုယ်စားလှယ် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ IAEA နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီတို့အကြား ရေးထိုးကြတဲ့ သဘောတူညီချက်ကတော့ အဲဒီ သဘောတူညီချက်ပါ အကြောင်းအရာတွေကို ထပ်မံ ဖြည့်စွက်ထားတဲ့ နောက်ဆက်တွဲ သဘောတူညီချက် ဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အခုလို နောက်ဆက်တွဲ သဘောတူညီချက်ကို လက်မှတ်ရေးထိုးရတာကတော့ နိုင်ငံတကာ အသိုင်းဝိုင်းက နျူကလီးယား အရေးကိစ္စနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံအပေါ် ရှိနေတဲ့ သံသယတွေ ကင်းရှင်းသွားဖို့အတွက် ရည်ရွယ် လုပ်ဆောင်ခြင်းဖြစ်တယ်လို့ မြန်မာအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ် က ဗွီအိုအေကို ပြောပါတယ်။

“အစကတည်းက ကျနော်တို့က ဒီအနုမြူစွမ်းအင်ကို လက်နက်အဖြစ် အသုံးပြုဖို့ မရှိပါဘူးလို့ ကျနော်တို့က ပြောခဲ့ပေမဲ့ ကျနော်တို့မှာ သံသယတွေရှိနေတယ်။ အဲ့တော့ ဒါကို လက်မှတ်ထိုးလိုက်ခြင်းအားဖြင့် နံပါတ်တစ်ကတော့ အဲ့ဒီသံသယတွေ ကွယ်ပျောက်သွားမယ်။ နှစ်ကတော့ ခုနက ကျနော်ပြောသလိုပဲ ဒီစွမ်းအင်တို့၊ ကျန်းမာရေးတို့ နောက်တခါ စိုက်ပျိုးရေးနဲ့ တခြား သုတေသနကိစ္စတွေမှာ ဒါကို ကျနော်တို့ ပိုမို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်မယ့် အလားအလာတွေ အခွင့်အလန်းတွေ ပိုရလာမှာပေါ့။”

တကယ်တော့ ၁၉၅၇ ခုနှစ်မှာ IAEA စတင် ဖွဲ့စည်းကတည်းက အဖွဲ့ကို စတင် တည်ထောင်သူ နိုင်ငံအဖြစ် မြန်မာနိုင်ငံ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်း အဆင့်ဆင့် ပြောင်းလဲလာတဲ့ ကုလသမဂ္ဂ ဦးဆောင်တဲ့ နျူကလီးယား မပြန့်ပွားရေးဆိုင်ရာ သဘောတူညီချက်တွေအပြင်၊ အရှေ့တောင်အာရှ နျူကလီးယားလက်နက် ကင်းမဲ့ရေး သဘောတူညီချက် စတဲ့ နိုင်ငံတကာ သဘောတူညီချက် ၄ ခုလောက်ကို လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

မြန်မာနဲ့ မြောက်ကိုရီးယား နိုင်ငံတို့အကြား စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးတွေ ရှိခဲ့တဲ့အပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းက စိုးရိမ်မှုတွေရှိခဲ့ပြီး မြောက်ကိုရီးယားထံက မြန်မာနိုင်ငံဟာ နျူကလီးယားလက်နက် ထုတ်လုပ်တဲ့ နည်းပညာကို ရယူဖို့ ကြိုးစားနေသလားဆိုတဲ့ သံသယတွေလည်း ထွက်ခဲ့တာပါ။

မြန်မာအစိုးရကတော့ အဲဒီလို ပြောဆိုချက်တွေကို တောက်လျှောက် ငြင်းဆန်လာခဲ့သလို အခုချိန်မှာလည်း အစိုးရအနေနဲ့ နျူကလီးယားအစီအစဉ်တွေ လုပ်ဆောင်နေတာမျိုး မရှိသေးဘူးလို့ ဦးရဲထွဋ်က ဆက်ပြောပါတယ်။

“မရှိသေးပါဘူးဗျ။ ကျနော်တို့က ဥပမာဆိုပါတော့ဗျာ ကျန်းမာရေးကဏ္ဍမှာဆိုရင် ဓာတ်ရောင်ခြည်ကင်တဲ့ စက်တွေအတွက် ယူရေနီယံတို့ ဘာတို့တွေ ပစ္စည်းမျိုးတွေကို သုံးစွဲရတာမျိုးတွေရှိမယ်။ နောက် ကျန်တဲ့ research ကိစ္စတွေ၊ နောင်မှာ ကျနော်တို့ လျှပ်စစ်ဓာတ်အားကို အဲ့ဒီကနေ ထုတ်နိုင်တဲ့ အလားအလာမျိုးတွေရှိမယ်။ ဒီလိုဟာမျိုးတွေအတွက် ကျနော်တို့ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပိုမို လွယ်ကူသွားတာပေါ့ဗျာ။ မဟုတ်လို့ရှိရင်တော့ မမှန်ကန်တဲ့ စွပ်စွဲချက်တွေကြောင့် ကျနော်တို့ကို နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုတွေ ရရှိဖို့ အခက်အခဲရှိတာမျိုးတွေ တွေ့နေရတာပေါ့။”

မေး။ ။ ဆိုလိုချင်တာကတော့ အခုဥစ္စာက အနာဂတ်အတွက် ပိုပြီးတော့ ရည်ရွယ်တယ်ပေါ့။
ဖြေ။ ။ “မှန်ပါတယ်ခင်ဗျ။ မှန်ပါတယ်။ နောက် ကျနော်တို့အပေါ်မှာလည်း လက်ရှိ စွပ်စွဲမှုတွေလည်း ပပျောက်သွားတာပေါ့ဗျာ။ ကျနော်တို့ကတော့ အသေးစိတ်တော့ စည်းကမ်းချက်တွေ ရှိပါတယ်ဗျ။ အဲ့ဒီစည်းကမ်းချက်ကို သဘောတူရင် - ဆိုလိုတာက ဥပမာ ကျနော်တို့အနေနဲ့ ယူရေနီယံ လောင်စာတခုကို ကျနော်တို့ သုံးမယ်ဆိုရင် ဒါကို ဘယ်လိုယူရမယ်၊ ဘယ်လိုမျိုး အကြောင်းကြားရမယ်။ ဘယ်လိုထိန်းသိမ်းရမယ်ဆိုတဲ့ စည်းကမ်းချက်တွေရှိပါတယ်။ ပြီးလို့ရှိရင် အဲ့ဒီစည်းကမ်းချက်နဲ့အညီ ထားမလား သူတို့ အခါအားလျော်စွာ စစ်ဆေးမယ့် နည်းလမ်းတွေ ဒါတွေကိုတော့ နှစ်ဘက်သဘောတူထားတဲ့ အချက်တွေရှိတာပေါ့။ ကျနော်သိသလောက်ကတော့ သူက ပင်မစာချုပ်ကြီးတစ်ခုရှိတယ်ဗျာ။ Convention ကြီး။ အဲ့ဒါ ကျနော်တို့က အရင်တုန်းက ထိုးထားတယ်။ နောက်ပိုင်းမှာကျတော့ ကျနော်တို့ ဒီ အနုမြူစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုဖို့အတွက် ပိုပြီးတော့ သေချာသထက် သေချာအောင်ဆိုတဲ့ နောက်ထပ် လုပ်ထုံးလုပ်နည်း အသစ်တွေ ချမှတ်တာပေါ့။ ဒါတွေက Additional Protocol ဖြစ်လာတာပေါ့။ အဲ့ဒါကြောင့်မို့ ကျနော်တို့က မူလစာချုပ်ကို လက်မှတ်ထိုးထားရတာကနေပြီးတော့ နောက်ဆက်တွဲ စာချုပ်ကိုလည်း လိုက်ပြီးတော့ လက်မှတ်ထိုးတဲ့သဘောပါပဲ။ မရှိပါဘူး။”

မေး။ ။ အခု ထိုးတာကတော့ သူတို့ အင်္ဂလိပ်လို ပြောပြောနေတဲ့ NPT ပေါ့နော် နျူကလီးယား Non-Proliferation Treaty ပေါ့နော်။
ဖြေ။ ။ “အဲ့ဒီ Non-Proliferation Treaty က ကျနော်တို့ ထိုးထားပြီးသား။ ထိုးထားပြီးသားက အဲ့ဒီစာချုပ်ကိုဗျာ ဒီလိုပြောရတာက နောက်ပိုင်းကျတော့ ခေတ်တွေပြောင်းလာတော့ကျတော့ ဥပမာ-အီရတ်တို့ ဘာတို့မှာ ဖြစ်ခဲ့တဲ့ ပြဿနာတွေကြောင့် သူတို့က စစ်ဆေးစောင့်ကြည့်တဲ့စနစ်တွေနဲ့ သက်ဆိုင်ရာနိုင်ငံက လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကို ထပ်တိုးလိုက်တာပေါ့။ ထပ်တိုးလိုက်တဲ့အပေါ်မှာ ကျနော်တို့ကလည်း ဒီလို စည်းကမ်းမျိုးကိုလည်း ကျနော်တို့လည်း လိုက်နာနိုင်ပါတယ်ဆိုပြီး ထပ်ပြီးတော့ လက်မှတ်ထိုးတယ်။ ဒါကြောင့်မို့လို့ ခေါ်တာကိုက Additional Protocol လို့ခေါ်တာ။”

အခုလို လက်မှတ်ထိုးပြီးတဲ့ နောက်ဆက်တွဲအနေနဲ့တော့ မြန်မာနိုင်ငံအနေနဲ့ နျူကလီးယား အစီအစဉ်တွေ ချမှတ်လုပ်ဆောင်နေခြင်း ရှိ မရှိ ဆိုတာနဲ့ အနာဂတ်မှာ လက်နက် တည်ဆောက်ဖို့အတွက် မဟုတ်ဘဲ ငြိမ်းချမ်းရေးအတွက် ဦးတည်စေတဲ့ နျူကလီးယား အစီအစဉ်တွေ လုပ်ဆောင်ခဲ့သည်ရှိသော် နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီအနေနဲ့ လာရောက် လေ့လာခွင့် ပြုရမှာ ဖြစ်ပါတယ်။

မြန်မာအစိုးရနဲ့ IAEA တို့အကြား အခုလို နောက်ဆက်တွဲ သဘောတူညီချက် ဂျနီဗာမြို့မှာ လက်မှတ်မထိုးခင် မြန်မာအစိုးရရဲ့ ဖိတ်ကြားချက်အရ State System for Accounting Control of nuclear material (SSAC) လို့ခေါ်တဲ့ နျူကလီးယားနဲ့ဆိုင်တဲ့ ပစ္စည်းတွေကို မှတ်တမ်းတင် ထားရှိဖို့နဲ့ ထိန်းသိမ်းဖို့ စနစ်တစ်ခုကို သက်ဆိုင်ရာ နိုင်ငံက ထားရှိရမည်ဆိုတဲ့ အလုပ်ရုံ ဆွေးနွေးပွဲတခု သြဂုတ်လ ၂၆ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ IAEA က ဦးဆောင်ပြီး နြေ့ပည်တော်မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

အဲဒီ အလုပ်ရုံ ဆွေးနွေးပွဲအတွင်း နောက်ဆက်တွဲ သဘောတူညီနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ၊ ပြင်ဆင်ချက်တွေနဲ့ နျူကလီးယားဆိုင်ရာ ကိစ္စရပ်တွေမှာ ဘက်စုံ လုံခြုံစိတ်ချစေနိုင်တဲ့ သဘောတူညီမှုဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတာဖြစ်ပြီး မြန်မာအစိုးရဘက်က သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကျော်မြတ်၊ ဒေါက်တာ ဘရွှေ တို့အပြင် တခြား အစိုးရဌာနအသီးသီးက ကိုယ်စားလှယ် ၄၀ လောက် တက်ရောက်ခဲ့တယ်လို့ IAEA က သတင်းထုတ်ပြန်ထားပါတယ်။

ဒီနောက်ဆက်တွဲ သဘောတူစာချုပ်ဟာ လက်မှတ်ရေးထိုးအပြီး ရက်ပေါင်း ၁၈၀ အကြာမှာ စတင်အသက်ဝင်မှာ ဖြစ်ပါတယ်။
XS
SM
MD
LG