သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

AIIB ဘဏ် မြန်မာအဖွဲ့ဝင်ဖြစ်မှု အကျိုးရှိမယ်မျှော်လင့်


တရုတ်ဘဏ္ဍာရေးဝန်ကြီးက AIIB အဖွဲ့ဝင်နိုင်ငံများရှေ့မှာ မိန့်ခွန်းပြောကြားစဉ် (၂၄ အောက်တိုဘာ ၂၀၁၄)
တရုတ်ဘဏ္ဍာရေးဝန်ကြီးက AIIB အဖွဲ့ဝင်နိုင်ငံများရှေ့မှာ မိန့်ခွန်းပြောကြားစဉ် (၂၄ အောက်တိုဘာ ၂၀၁၄)

တရုတ်နိုင်ငံက ဦးဆောင်မယ့် အာရှဖွံ့ဖြိုးရေး ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) မှာ မြန်မာနိုင်ငံက အဖွဲ့ဝင်ထားပြီ ဖြစ်ပါတယ်။ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ အတော်လေး လိုအပ်နေတဲ့ မြန်မာနိုင်ငံအတွက် အကျိုးရှိနိုင်တာမို့ အခုလို အဖွဲ့ဝင်ရတာဖြစ်တယ်လို့ သမ္မတရဲ့ စီးပွားရေးအကြံပေးက ပြောပါတယ်။

တရုတ်နိုင်ငံက ဦးဆောင်မယ့် AIIB ဘဏ်ကတော့ အဖွဲ့ဝင်တွေကို ဒီကနေ့ မတ်လကုန် နောက်ဆုံးထား ခေါ်ယူထားတာမှာတော့ အမေရိကန်နဲ့ ဂျပန်တို့ကတော့ ပါဝင်ခြင်း မရှိသေးပါဘူး။ အခြေအနေ အသေးစိတ်ကိုတော့ မသိင်္ဂီထိုက်က စုစည်းတင်ပြထားပါတယ်။

တရုတ်နိုင်ငံက ဦးဆောင်ပြီး ဒေါ်လာသန်းထောင်ပေါင်းများစွာ မတည်မယ့် အာရှဖွံ့ဖြိုးရေး ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) မှာ အဖွဲ့ဝင်တွေအဖြစ် မြန်မာ အပါအဝင် အာဆီယံနိုင်ငံတွေ၊ နောက် ရုရှားနဲ့ အနောက်နိုင်ငံတွေ စုစုပေါင်း နိုင်ငံပေါင်း ၄၀ ကျော် အမည်ထည့်ဝင်ထားပြီး ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အမေရိကန်ပြည်ထောင်စုနဲ့ ဂျပန်တို့ကတော့ တရုတ်က ဦးဆောင်မယ့် AIIB မှာ မပါဝင်သေးပါဘူး။ မြန်မာနိုင်ငံကတော့ အဖွဲ့ဝင်အဖြစ် ပါဝင်နေပြီလို့ မြန်မာသမ္မတရဲ့ စီးပွားရေးအကြံပေး စီးပွားရေးပညာရှင် ဒေါက်တာ ဇော်ဦးက အခုလို ပြောပါတယ်။

“ကျနော်တို့ မြန်မာနိုင်ငံက ဒီအာဆီယံနိုင်ငံတွေ အလားတူပဲ အဖွဲ့ဝင်ဖြစ်နေပါပြီ။ ပထမအကြိမ် အစည်းအဝေးတောင် သူတို့ စခေါ်နေပါပြီ။ အဓိကကတော့ သူက အခြေခံ အဆောက်အဦးတွေ တည်ဆောက်တဲ့လုပ်ငန်းတွေမှာ သက်သာတဲ့ အတိုးနှုန်းနဲ့ ငွေချေးဖို့ စီစဉ်ထားတဲ့ဘဏ် ဖြစ်ပါတယ်။ အဓိကကတော့ သူက အခြေခံ အဆောက်အဦးတွေ ဆောက်လုပ်ရေးလုပ်ငန်းကို ပိုပြီးတော့ အာရုံစိုက်ပြီးတော့ လုပ်မယ့် အထူးပြုထားတဲ့ သီးသန့်ဘဏ်တခုအနေနဲ့ သူတို့ ထူထောင်တာဖြစ်ပါတယ်။”

တရုတ်နိုင်ငံက ဦးဆောင်မယ့် အာရှဖွံ့ဖြိုးရေး ရင်းနှီးမြှုပ်နှံမှုဘဏ်ဟာ ဒေသတွင်း အရေးပါတဲ့ ဘဏ်တခု ဖြစ်လာနိုင်ပြီး ဒေသတွင်း ဖွံ့ဖြိုးရေးတွေကို ဦးစားပေးနိုင်တာကြောင့် မြန်မာနိုင်ငံအနေနဲ့ အဖွဲ့ဝင်ခဲ့တာလို့လည်း စီးပွားရေးပညာရှင် ဒေါက်တာ ဇော်ဦးက ပြောပါတယ်။

“ကျနော်တို့ ဗမာနိုင်ငံကလည်း ဒီအခြေခံအဆောက်အဦးတွေ ဆောက်လုပ်တဲ့ ကိစ္စတွေမှာ ဒါ အများကြီး လိုအပ်နေတဲ့ နိုင်ငံတခုလည်းဖြစ်တယ်။ ပြီးတော့ ကျနော်တို့ ဒီ အရှေ့တောင်အာရှ နိုင်ငံတွေကြားမှာ ကြည့်မယ်ဆိုရင်လည်း ပထဝီအနေအထားအရ အရှေ့တောင်အာရှရော၊ အရှေ့အာရှရော နောက်ပြီးတော့ တောင်အာရှဒေသကြီးတွေနဲ့ပါ ဆက်စပ်နေတဲ့ နိုင်ငံတခု ဖြစ်တဲ့အတွက်ကြောင့်မို့ အထူးသဖြင့် လမ်းပန်းဆက်သွယ်ရေးနဲ့ တခြား ပို့ဆောင်ရေးလုပ်ငန်းတွေမှာ အချက်အခြာကျတဲ့ နိုင်ငံတခုဖြစ်ပါတယ်။ အဲ့ဒီအတွက်ကြောင့်မို့လို့ AIIB ရဲ့ ဦးစားပေး စဉ်းစားခံရတဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံကလည်း တခုအပါအဝင် ဖြစ်လိမ့်မယ်လို့ ယူဆလို့ရပါတယ်။”

လက်ရှိမှာလည်း မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးရေးအတွက် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်နဲ့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့တို့က ချေးငွေတွေ ပေးနေတာပါ။ ဒါပေမဲ့လည်း လိုသလောက် ချေးငွေရရှိရေးအတွက် တခြား ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ ယှဉ်ပြိုင်ရတဲ့ အခြေအနေရှိနေတာပါ။ အခုလို တရုတ်ကဦးဆောင်မယ့် AIIB အကောင်အထည် ပေါ်လာရင်တော့ မြန်မာနိုင်ငံအတွက် ရွေးချယ်စရာ ပိုပြီး ရှိလာတဲ့ အနေအထားဖြစ်တယ်လို့လည်း သမ္မတရဲ့ စီးပွားရေးအကြံပေးတဦးဖြစ်သူ ဒေါက်တာ အောင်ထွန်းသက်က ပြောပါတယ်။

“ကျနော်တို့လည်း ဒီ World Bank အနေနဲ့ကတော့ ကိုယ်လိုချင်တဲ့ဟာ project တွေကတော့ ရှိရတာပဲ။ ရှိရတဲ့အခါမှာ လုံလောက်တယ်၊ မလုံတယ်ဆိုတာ ကိုယ်လိုချင်တဲ့အပေါ်မှာ မူတည်ပြီးတော့ စီးပွားရေးအနေနဲ့ လုပ်ရည်ကိုင်ရည်ရှိတယ်ဆိုရင်တော့ သူက ချေးတာပဲ။ IMF လည်း ဒီလိုပါပဲ။ AIIB လည်း ဒီမျိုးချေးနေတာ။ ဆိုတော့ regional bank တွေက ချေးတာတော့ မဆန်းပါဘူး။”

အခု အသစ်ထွက်ပေါ်လာဖို့ရှိတဲ့ အာရှဖွံ့ဖြိုးရေး ရင်းနှီးမြှုပ်နှံမှုဘဏ် AIIB ကနေ မြန်မာနိုင်ငံအတွက် လိုအပ်တဲ့ အခြေခံအဆောက်အဦး တည်ဆောက်ရေးဆိုင်ရာ ချေးငွေတွေကို အတိုးနှုန်းနည်းနည်းနဲ့ ရရှိမယ်လို့လည်း မျှော်လင့်ထားကြတာပါ။ ၂၀၁၂ ခုနှစ်က ထုတ်ပြန်တဲ့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာ ထဲမှာဆိုရင်လည်း လမ်းပန်းဆက်သွယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေးမှာ အတော်လေး အခြေအနေ ဆိုးတဲ့နိုင်ငံအဖြစ် မြန်မာနိုင်ငံက ရှိနေတာပါ။ ကမ္ဘာ့ဘဏ်က သတ်မှတ်တဲ့ လမ်းပန်းဆက်သွယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေး အဆင့်သတ်မှတ်ချက်အရ ကမ္ဘာ့နိုင်ငံပေါင်း ၁၅၅ နိုင်ငံထဲမှာ မြန်မာနိုင်ငံက အဆင့် ၁၃၃ မှာ ရှိနေတာ ဖြစ်ပါတယ်။

XS
SM
MD
LG