သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရေးကြီးအဆိုတွေနဲ့ ပြန်စမယ့် လွှတ်တော်


မနက်ဖြန်မှာ ပြန်လည် ကျင်းပမဲ့ ၁၂ ကြိမ်မြောက်လွှတ်တော် အစည်းအဝေးတွေ အတွင်းမှာ ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေကြမ်းကိစ္စ၊ နိုင်ငံ တကာက စောင့်ကြည့်နေတဲ့ မျိုးစောင့်ဥပဒေ မူကြမ်းတွေကိစ္စနဲ့ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍရေးနှစ်အတွက် ဘတ်ဂျက်ရေးဆွဲရေး ဥပဒေတွေကို အဓိက ဆွေးနွေးဖို့ရှိတယ်လို့ ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူးကပြောခဲ့ပါတယ်။ ဒီတစ်ခေါက် လွှတ်တော် အစည်းအဝေးတွေမှာ တိုင်းပြည်အတွက်အရေးပါတဲ့အကြောင်းအရာတွေကို အဓိက ဆွေးနွေးမှာဖြစ်တဲ့အတွက် အရေးကြီးတဲ့ လွှတ်တော် အစည်းအဝေးကာလလို့ ပြောနိုင်ကြောင်း အတိုက်အခံပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြပေးထားပါတယ်။

ဇန်နဝါရီလ ၁၉ ရက်နေ့မှာ ၁၂ ကြိမ်မြောက် လွှတ်တော်အစည်းအဝေးတွေ ပြန်လည်ခေါ်ယူထားပြီး လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံးလည်း နေပြည်တော်ကိုရောက်ရှိနေပြီး သက်ဆိုင်ရာ လွှတ်တော်အသီးသီးမှာ တက်ဖို့ ပြင်ဆင်နေကြပါပြီ။ ဒီတစ်ခေါက်ကျင်းပမဲ့ လွှတ်တော် အစည်းအဝေးတွေဟာ ပြည်တွင်းနဲ့ နိုင်ငံတကာကပါ စောင့်ကြည့်နေတဲ့ အရေးကြီး ဥပဒေကြမ်းတွေ ပါရှိနေတယ်လို့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်တွေက တစ်ညီတစ်ညွတ်တည်း ပြောဆိုကြပါတယ်။ အထူးသဖြင့်တော့ ဒီမိုကရေစီ စံနှုန်းတွေနဲ့ မကိုက်ညီလို့ ပြင်ဆင်ဖို့လိုနေတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးဥပဒေမူကြမ်း၊ အမျိုးဘာသာ စောင့်ရှောက်ရေးနဲ့ပတ်သက်တဲ့ ဥပဒေကြမ်း ၄ ခု ဟာ ဒီလွှတ်တော်မှာ အရေးကြီးဆွေးနွေးရမယ့် အခြေနေတွေလို့ ဆိုပါတယ်။

လွှတ်တော်နှစ်ရပ်ပေါင်း ဖွဲ့စည်းထားတဲ့ ဥပဒေကြမ်းကော်မတီရဲ့ အတွင်းအရေးမှူး ဦးစောလှထွန်းက ဒီလွှတ်တော်အတွင်း ဘယ်ဥပဒေတွေ ဆွေးနွေးမလဲ ဆိုတာကို အခုလို ပြောပါတယ်။

“ဥပဒေကြမ်းတွေထဲက အဓိကကတော့ ဘတ်ဂျက်ပေါ့။ ဘတ်ဂျက် ဥပဒေရယ်။ နောက် ၂ဝ၁၅ အခွန်ကောက် ဥပဒေ၊ မီးသတ်နဲ့ သက်ဆိုင်တဲ့ မီးသတ်ဥပဒေ၊ မျိုးစောင့်ဥပဒေ ၄ မျိုးနဲ့ ပတ်သက်တဲ့ဟာ။ အဲဒါတွေ ဆွေးနွေးဖို့ ရှိပါတယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေး Referendum ပေါ့။ အဲဒီတွေ ဆွေးနွေးဖို့ ရှိပါတယ်။”

ဆွေးနွေးဖို့ ရှိနေတဲ့ ဥပဒေတွေထဲမှာ အရေးကြီးဆုံးကတော့ ၂ဝဝ၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ပတ်သက်တဲ့ ဥပဒေကြမ်းကိစ္စဖြစ်တယ်လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောပါတယ်။

“အဓိက ဆွေးနွေးကြမှာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်တဲ့ ဥပဒေကြမ်း ပြင်ဆင်ဖို့ပိုများတယ်။ အဲဒါပြီးမှာ လွှတ်တော်ကိုယ်စားလှယ် များရဲ့ အဆောင်အယောင်ဆိုင်ရာဥပဒေနဲ့ပတ်သက်လို့လည်း သမ္မတကြီးရဲ့ ပြန်ကြားချက် အခု ရနေပါပြီ။ နောက် Revise ပေါ့ေနော်။ နောက်မျိုးစောင့် ဥပဒေတို့ ဘာတို့၊ တစ်လင်တစ်မယားစနစ် ဥပဒေတို့ ဘာတို့၊ ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးများ ထိမ်းမြားခြင်းနဲ့ ပတ်သက်တဲ့ဥပဒေတို့ ပါနိုင်ပါတယ်။ အထူး သုံးသပ်တာကတော့ မြန်မာနိုင်ငံ ပညာရေးဥပဒေနဲ့ ပတ်သက်လို့ ပြန်လှန် သုံးသပ်နိုင်ခြေ ရှိပါတယ်။”

၂ဝဝ၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေကြမ်းကိစ္စအပါအဝင် လတ်တလော ပြည်တွင်းမှာ အရေးတစ်ကြီးဖြေရှင်းဖို့လိုနေတဲ့ အပစ်ရပ်စဲရေး အခြေအနေ၊ လက်ပံတောင်းတောင် မြေယာအငြင်းပွားမှု ပြဿနာတွေကိုလည်း အခု လွှတ်တော် အစည်းအဝေးအတွင်း အရေးတကြီး မေးခွန်းတွေ အဆိုတွေတင်ဖို့ လိုအပ်နေတယ်လို့ မြန်မာ့အရေး လေ့လာအကဲဖြတ် ဒေါက်တာရန်မျိုးသိမ်းက ပြောပါတယ်။

“ဒီဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဟာ လာမယ့်လွှတ်တော်မပြီးခင်မှာ အပြီးသတ်နိုင်ဖို့လိုတယ်လို့ ကျနော်က မြင်တယ်။ အဲဒါ ပထမ အချက်၊ ဒုတိယအချက်က အပစ်ခတ်ရပ်စဲရေး၊ ပြည်တွင်ငြိမ်းချမ်းရေး နဲ့ ပတ်သက်တဲ့ အရေးတကြီးအဆိုကို လွှတ်တော်မှာတင်သွင်းပြီး ရှေ့ဆက်ပြီး အစိုးရအနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အပစ်အခတ် ရပ်စဲရေးကို ဘယ်လိုဆောင်ရွက်မယ်ဆိုတဲ့ အစီအစဉ်တွေကို မေးမြန်းဖို့ လိုအပ်တယ်လို့ မြင်တယ်။ နောက်တတိယအချက်အနေနဲ့ကတော့ လက်ပံတောင်းတောင်က ဒေါ်ခင်ဝင်းသေဆုံးမှု အပါအဝင်ပေါ့လေ။ မြေသိမ်းယာသိမ်းကိစ္စတွေရယ်၊အလားတူ ကိစ္စတွေနဲ့ပတ်သက်တဲ့ အစိုးရရဲ့ဆောင်ရွက်ချက်တွေပေါ်မှာ လွှတ်တော်အနေနဲ့ မေးခွန်းထုတ်ဖို့ လိုတယ်”

ပြည်တွင်း၊ ပြည်ပက စောင့်ကြည့် လေ့လာရမယ့် ဒီလွှတ်တော် အစည်းအဝေးကာလဟာ အမှန်တကယ် အရေးကြီးတဲ့ လွှတ်တော် သက်တမ်းဖြစ်တယ်လို့ အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောပါတယ်။

“ဖွဲ့စည်းပုံဥပဒေပြင်ဆင်ရေး ဥပဒေမူကြမ်းကို အတည်ပြုပေးမယ့်ဟာလည်း ရှိတယ်။အဲ့တော့ ဒီဟာတွေက ဒီတစ်ခေါက်မှာ ကျမတို့ အရေးကြီးတဲ့ အစည်းအဝေးလို့ ထင်တယ်။ ဒါပေမဲ့ အခုဟာကတော့ ဒီတစ်ခေါက်ကတော့ ပိုပြီးအရေးကြီးတယ်လို့ ထင်တာက ဒီ မျိုးစောင့် ဥပဒေနဲ့ ပတ်သက်ပြီး ကျမတို့ အမျိုးသမီးတွေအကြား သေချာ ဆွေးနွေးရလိမ့်မယ်လို့ ထင်တယ်။ အဲဒီဟာက ကျမတို့အတွက် ပိုအရေးကြီးနေတယ်။”

၂ဝ၁၅ ဇန်နဝါရီလထဲမှာ ပြန်ပြီး ကျင်းပမယ့် ဒီလွှတ်တော် အစည်းအဝေးတွေအတွင်းမှာ မြန်မာနိုင်ငံအတွက် အရေးတကြီး ဖြေရှင်းရမယ့် ၂ဝဝ၈ ဖွဲ့စည်းပုံပြင်ဆင်ရေး အပါအဝင်၊ လတ်တလော မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်ထဲမှာ တကျော့ပြန ်တင်းမာလာတဲ့ စစ်ရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး ဘယ်လောက်ဖြေရှင်းပေးနိုင်မလဲဆိုတာ စောင့်ကြည့်ရမယ့်အနေအထားလို့ မြန်မာ့အရေးလေ့လာသူတွေက သုံးသပ်နေကြနေပါတယ်ခင်ဗျား။

XS
SM
MD
LG