သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရောက်မြန်မာတွေ သတိရှိကြဖို့ မြန်မာသံအမတ် ပြောကြား


ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေကြတဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ။ မဲဆောက်၊ ထိုင်းနိုင်ငံ။ ဇူလိုင် ၂၊ ၂၀၁၂။
ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေကြတဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ။ မဲဆောက်၊ ထိုင်းနိုင်ငံ။ ဇူလိုင် ၂၊ ၂၀၁၂။
လူထိခိုက်သေဆုံးမှုတွေရှိတဲ့အထိ ဖြစ်နေတဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က ဆန္ဒပြပွဲကို မြန်မာနိုင်ငံသားတွေ အနေနဲ့ သတိထားကြဖို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက သတိပေးလိုက်ပါတယ်။ သီတင်းပတ်နဲ့ချီ ကြာလာပြီဖြစ်တဲ့ ထိုင်းဆန္ဒပြပွဲတွေကြောင့်မို့လည်း မြန်မာစီးပွားရေး လုပ်ငန်းတချို့မှာပါ ဂယက်ရိုက်ခတ်မှုတွေ ရှိလာနေတာပါ။ ထိုင်းဝန်ကြီးချုပ် ကတော့ ဒီဆန္ဒပြပွဲတွေ အဆုံးသတ်စေဖို့ ဥပဒေနဲ့အညီ တတ်နိုင်သမျှ ဆောင်ရွက်ပေးမယ်လို့ ပြောဆိုလိုက်ပါတယ်။ ဘန်ကောက်က နောက်ဆုံး အခြေနေ အသေးစိတ်ကို မနန္ဒာချမ်း က တင်ပြပေးထားပါတယ်။

သီတင်းပတ်တွေနဲ့ချီ ကြာလာပြီဖြစ်တဲ့ ဆန္ဒပြပွဲတွေ အဆုံးသတ်နိုင်ရေး ထိုင်းဝန်ကြီးချုပ် ယင်းလတ် ရှင်နဝပ်နဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြခေါင်းဆောင်တို့ တွေ့ဆုံခဲ့ကြပြီးနောက် - ထိုင်းဝန်ကြီးချုပ်က သူ့အနေနဲ့ ဥပဒေနဲ့ မညီတဲ့ တောင်းဆိုချက်တွေကို လိုက်လျောမှာမဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ ထိုင်းစစ်တပ်ရဲ့ အကူအညီနဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြခေါင်းဆောင် ဆူထက် သောင်ဆူဘန် (Suthep Thaungsuban) နဲ့ ဝန်ကြီးချုပ် ယင်းလတ်တို့ မနေ့ညနေက တွေ့ဆုံခဲ့ကြတာပါ။ ဝန်ကြီးချုပ်ကတော့ ထိုင်းပြည်သူတွေ ကျေနပ်အောင် ဥပဒေနဲ့အညီ သူတတ်နိုင်တာ ဘာမဆို လုပ်ဆောင်ပေးဖို့ ဆန္ဒရှိပါတယ်လို့ အခုလို ပြောဆိုခဲ့ပါတယ်။

“ထိုင်းပြည်သူတွေ ငြိမ်းချမ်းဖို့အတွက် ကျမတတ်နိုင်တာ ဘာမဆို လုပ်ပေးဖို့ ဆန္ဒရှိပါတယ်။ ထိုင်းအစိုးရ အနေနဲ့လည်း အစိုးရဆန့်ကျင်ရေး ဆန္ဒပြ ခေါင်းဆောင်တွေနဲ့ နောက်ထပ် ဆွေးနွေးမှုတွေလုပ်ဖို့ ဆန္ဒရှိပါတယ်။ ဒါပေမဲ့လည်း သူတို့ တောင်းဆိုချက်တွေအတိုင်းဆိုရင် တည်ဆဲဥပဒေအရ - လက်ရှိ ပြဿနာတွေ ပြေလည် စေမယ့်နည်းလမ်း ကျမ မမြင်ပါဘူး။”

အစိုးရဆန့်ကျင်ရေးဆန္ဒပြသူတွေကတော့ ထိုင်းဝန်ကြီးချုပ် ယင်းလတ် နှုတ်ထွက်ပေးဖို့နဲ့ ကြားဖြတ်အုပ်ချုပ်ရေး ကောင်စီ ဖွဲ့စည်းရေး၊ ပြီးတော့ လွှတ်တော်ဖျက်သိမ်းရေး တောင်းဆိုနေတာပါ။ ဘန်ကောက်မှာတော့ ဒီကနေ့ အထိ ဆန္ဒပြပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။ သီတင်းပတ်တွေနဲ့ချီ ကြာလာပြီဖြစ်တဲ့ ဒီဆန္ဒပြပွဲတွေအတွင်း အခုချိန်ထိ သေဆုံးသူ အနည်းဆုံး ၃ ဦး ရှိသွားပြီဖြစ်သလို၊ ထိခိုက်ဒဏ်ရာရသူတွေဦးရေဟာလည်း ၅၀ ကျော်သွားပြီဖြစ်ပါတယ်။ ထိုင်းအစိုးရကလည်း ဘန်ကောက်မြို့ခံတွေကို လုံခြုံမှုအတွက် ညဘက် အပြင်မထွက်ကြဖို့ တိုက်တွန်းထားပါတယ်။

ဒါကြောင့် ဘန်ကောက်မြို့မှာရှိနေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ သတိထား သွားလာကြဖို့နဲ့ ဒီဆန္ဒပြပွဲတွေမှာ ပါဝင်ပတ်သက်ခြင်း မလုပ်ကြဖို့ ဘန်ကောက်-မြန်မာသံရုံးကလည်း ကြေညာချက် ထုတ်ပြန်ထားတဲ့အကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်ဝင်းက သတိပေးပြောဆိုခဲ့ပါတယ်။

“အဓိကကတော့ နှစ်ချက်ပဲရှိပါတယ်။ တစ်အချက်ကတော့ မိမိကိုယ်မိမိ လုံလုံခြုံခြုံနဲ့ နေကြထိုင်ကြပေါ့ဗျာ။ အဲ့ဒါမျိုး ကျနော်က ပြောတာပေါ့။ ဒုတိယအချက်ကတော့ ဆန္ဒပြတဲ့ထဲမှာ ပါဝင်ပတ်သက်တာမျိုး မလုပ်ဖို့ပေါ့။ ဘာကြောင့်လဲဆိုတော့ ဟိုတနေ့က ခိုက်ရန်ဖြစ်ကြတယ်ပေါ့နော်။ ရှပ်နီနဲ့ ကျောင်းသားတွေလို့ပြောတယ်။ အဲ့ဒီမှာ သေဆုံးတဲ့ထဲမှာ ကမ္ဘောဒီးယား တစ်ယောက် ပါတယ်လို့လည်း ကြားတယ်။ စသည်ဖြင့်ပေါ့ဗျာ နော်။ အဲ့ဒီမှာ ကျနော်တို့ မြန်မာနိုင်ငံသားတွေကလည်း သန်းနဲ့ချီပြီးရှိတာကိုး။ သန်းနဲ့ချီရှိတော့ အဲ့လိုမျိုးတွေထဲမှာ ပါကောင်းပါသွားနိုင်တယ် ပေါ့နော်။

ဟိုးအရင်ကလည်း ပါခဲ့ဖူးတယ်လို့ ကြားရတယ်။ အခုလည်း ပါနေနိုင်တယ် စသည်ဖြင့် အနေအထားလေးတွေ အရ ကျနော်လည်း စိတ်ပူပြီးတော့ အဲ့ဒီမှာ မပါသင့်ဘူးပေါ့နော်။ ဒါကြောင့် ကျနော်တို့က နှစ်နိုင်ငံ ဆက်ဆံရေးပေါ့ နှစ်နိုင်ငံချစ်ကြည်ရေးကလည်း ကောင်းနေတဲ့အခါကျတော့ ချစ်ကြည်ရေး ထိခိုက်သွားနိုင်တဲ့ဟာမျိုးဆိုတော့ Demonstration မှာ မပါသင့်ဘူးပေါ့။ အားလုံးပါပဲ ဒီအချိန်မှာကတော့ အထူးသဖြင့်တော့ မိမိကိုယ်မိမိ လုံခြုံရေးပေါ့နော် အထူးသတိပြုဖို့ ဆိုတာမျိုးကိုပဲ ကျနော်က မှာချင်ပါတယ်။”

ဒါ့အပြင် အခုလို ဆန္ဒပြပွဲတွေ ဆက်ဖြစ်နေသေးတဲ့အတွက်လည်း ကြာလာတာနဲ့ အမျှ စီးပွားရေးလုပ်ငန်းတွေ မှာပါ ထိခိုက်မှုတွေ ရှိလာနေတယ်လို့ ဘန်ကောက်မြို့မှာ တည်းခိုခန်းငယ်လေးဖွင့်လှစ်ပြီး ငွေလွှဲလုပ်ငန်းလည်း လုပ်ကိုင်သူ မြန်မာစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဗွီအိုအေကို ပြောပါတယ်။

“ကျနော် အဓိကလုပ်နေတဲ့ စီးပွားရေးလုပ်ငန်းမှာတော့ အရမ်းကြီးတော့ မထိခိုက်သေးဘူးဆိုပေမဲ့ တော်တော်လေးတော့ ထိလာပြီဗျ။ ငွေဈေးကလည်း ကမောက်ကမဖြစ်တယ်ဗျာ။ ငွေဈေးကဆိုရင် လွန်ခဲ့တဲ့ နှစ်ရက်လောက်က ၃၂၀၀ ပတ်ချာလည်လောက်ကနေ ၃၂၅၀ ပတ်ချာလည်နားလောက်ကို ရောက်သွားတယ်။ အဲ့တော့ ငွေဈေးမှာလည်း ကမောက်ကမဖြစ်တယ်။ နောက်ပြီးတော့ ဗမာပြည်ကနေ ဒေါ်လာဝယ်လာတဲ့ သူတွေကလည်း ပိုကိုက်တယ်ဆိုတဲ့ အနေအထားရှိတော့ ဒေါ်လာပဲ ဝယ်လာတယ်။ အဲတော့ ငွေလွှဲလုပ်ငန်းတွေ ဘာတွေဆိုရင် အရင်လောက်တော့ မကောင်းတော့ဘူးပေါ့နော်။ ဒီပြဿနာဖြစ်တော့ ပိုဆိုးသွားတယ်ပေါ့နော်။

ကုန်သည်လည်း မတက်လာတော့ဘူး အဲ့လိုမျိုးတွေ ရှိတာကိုး။ ပုံမှန်ဆိုရင် ဒီအချိန်ဆို ကုန်သည်တွေက အများကြီးလာတယ်ဗျာ။ ဘုရင့်မွေးနေ့ လျှော့ပွဲရှိတယ်ဗျာ။ ဒီဇင်ဘာ လျှော့ပွဲရှိတယ်ဗျာ။ ဟက်ပီးနယူးရီးယား လျှော့ပွဲ ဈေးလျှော့တယ် Discount ရတယ်ဗျာ။ အဲ့လိုမျိုးတွေရှိတော့ လူတွေက အများကြီးလာကြတယ်။ ဒါပေမဲ့ ဒီအခု ဆန္ဒပြတဲ့ ပြဿနာကြောင့်တော့ လူက အရမ်းနည်းသွားတယ်။ လာတဲ့သူက တဝက်လောက်ကျသွားတယ်။ ကုန်သည်လည်း အလာနည်းတယ်။ ကုန်သည်အလာနည်းတော့ ပစ္စည်းလည်း သိပ်မသွားတော့ဘူး။”

ထိုင်းအစိုးရဆန့်ကျင်ရေးဆန္ဒပြခေါင်းဆောင်တွေကတော့ မနေ့ တနင်္ဂနွေနေ့ဟာ သူတို့အတွက် အောင်ပွဲခံနေ့ဖြစ်ရ မယ်လို့ ပြောဆိုထားခဲ့ပြီး ဝန်ကြီးချုပ် ယင်းလတ် မနှုတ်ထွက်မချင်း ဝန်ကြီးဌာနတွေကို တခုချင်း သိမ်းသွားမယ်လို့ သန္နိဌာန်ချထားကြောင်း ပြောဆိုခဲ့ကြပါတယ်ရှင်။
XS
SM
MD
LG