သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နယ်စပ် ဗုံးကြဲတိုက်ခိုက်မှုအတွက် မြန်မာအစိုးရတောင်းပန်


မြန်မာစစ်တပ်နဲ့ ကိုးကန့်လက်နက်ကိုင် တပ်ဖွဲ့တွေကြား တိုက်ပွဲတွေအတွင်း နယ်စပ်ဖြတ်ကျော် ကျရောက်ခဲ့တဲ့ ဗုံးဒဏ်ကြောင့် တရုတ်နိုင်ငံသား ၅ ယောက် သေဆုံးခဲ့တဲ့အပေါ် မြန်မာအစိုးရက ဒီကနေ့ပဲ တောင်းပန်လိုက်ပါတယ်။

မြန်မာအစိုးရနဲ့ မြန်မာစစ်တပ်ရဲ့ကိုယ်စား တရုတ်နိုင်ငံကို တရားဝင် တောင်းပန်လိုကြောင်းနဲ့ ထိခိုက်သေဆုံးခဲ့တဲ့ မိသားစုတွေအတွက် အထူးစိတ်မကောင်း ဖြစ်ရတဲ့အကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နဲ့ တွေ့ဆုံချိန်မှာ မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောကြားခဲ့တယ်လို့ တရုတ်အစိုးရပိုင် ဆင်ဟွာ သတင်းဌာနက ဖော်ပြခဲ့တာပါ။

တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင်းက ကြံခင်းတခုထဲမှာ ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်နဲ့ ပတ်သက်လို့ မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ အထူးကိုယ်စားလှယ်အဖြစ်နဲ့ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင် တရုတ်နိုင်ငံကို ရောက်နေတာလို့လည်း သတင်းက ဖော်ပြပါတယ်။ တရုတ်အစိုးရကတော့ အစောပိုင်းမှာ ကတည်းက မြန်မာလေတပ်ရဲ့ လက်ချက်ဖြစ်တယ်လို့ စွပ်စွဲခဲ့ပြီး အပြင်းအထန် ကန့်ကွက်ခဲ့ပေမဲ့ ၂ နိုင်ငံ ပူးတွဲစုံစမ်းမှုတွေလည်း လုပ်ခဲ့တာပါ။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်နစ်နာခဲ့သူတွေအတွက် လျော်ကြေးပေးဖို့လည်း မြန်မာနိုင်ငံခြားရေး ဝန်ကြီးက ကမ်းလှမ်းခဲ့သလို၊ တာဝန်ရှိသူတွေကို ဥပဒေအရ အရေးယူသွားဖို့နဲ့ နောက်နောင်အလားတူ မဖြစ်အောင် ထိန်းသိမ်းဖို့ ကတိပြုခဲ့တယ်လို့လည်း ပြောပါတယ်။

XS
SM
MD
LG