သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ အာရှတလွှား ယာဉ်အန္တရာယ်လျှော့ချရေး WHO တိုက်တွန်း


မြန်မာနိုင်ငံ အပါအဝင် အာရှနိုင်ငံတွေမှာ ယာဉ်တိုက်မှုကြောင့် သေဆုံး၊ ဒဏ်ရာရမှု ထက်ဝက်လျှော့ချနိုင်ရေး တာဝန်ယူ လုပ်ဆောင်ကြဖို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက တိုက်တွန်းပါတယ်။ မြန်မာအစိုးရသစ်ရဲ့ ရက် ၁၀၀ စီမံကိန်းမှာလည်း အမြန်လမ်း အန္တရာယ် ကင်းရှင်းရေး စီမံကိန်းကို ထည့်သွင်းထားပါတယ်။ ယာဉ်တိုက်မှုကြောင့် သေဆုံး ဒဏ်ရာရမှုတွေကို လျှော့ချနိုင်ဖို့ အတွက် လမ်းတွေရဲ့ ဘေးကင်းလုံခြုံရေးကို ဆောင်ရွက်ရမှာ ဖြစ်သလို ယာဉ်မောင်းသူတွေနဲ့ ခရီးသည်တွေရဲ့ အမူအကျင့်တွေ ပြောင်းလဲ လာအောင်လည်း ဆောင်ရွက်ဖို့လိုတယ်လို့ ပညာရှင်တွေက ထောက်ပြပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

ထိုင်းနိုင်ငံ သင်္ကြန်ကာလအတွင်း ယာဉ်တိုက်မှုတခု ဖြစ်ပွားစဉ်
ထိုင်းနိုင်ငံ သင်္ကြန်ကာလအတွင်း ယာဉ်တိုက်မှုတခု ဖြစ်ပွားစဉ်

အာရှ နိုင်ငံ ၂၄ နိုင်ငံ အတွင်း အဝေးပြေးလမ်းတွေပေါ်မှာ ယာဉ်တိုက်မှုကြောင့် သေဆုံးသူ တနှစ်ကို ၇ သိန်းခွဲရှိပြီး ထိခိုက်ဒဏ်ရာရသူက သန်း ၅၀ လောက် ရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO ရဲ့ အစီရင်ခံစာက ဖော်ပြပါတယ်။ အသက် ၃၀ အောက် လူငယ်တွေ သေဆုံးရတဲ့ အဓိက အကြောင်းရင်း တခုလည်း ဖြစ်ပါတယ်။ ယာဉ်တိုက်မှုတွေကြောင့် ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၈၀၀ ဘီလီယံလောက်ရှိပြီး အာရှနိုင်ငံ ၂၄ နိုင်ငံရဲ့ ပြည်တွင်းကုန်ထုတ်လုပ်မှုတန်ဖိုးရဲ့ ၃.၆ ရာခိုင်နှုန်းရှိတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ပြောဆိုပါတယ်။ မြန်မာနိုင်ငံတွင်း ယာဉ်မတော်တဆမှုတွေကြောင့် သေဆုံးသူ အရေအတွက် သိသိသာသာ တိုးလာတာကိုလည်း WHO ရဲ့ ၂၀၁၅ ခုနှစ် အတွက် ယာဉ်အန္တရာယ် ကင်းရှင်းရေးဆိုင်ရာ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ယာဉ်အန္တရာယ် ကင်းရှင်းရေး မြန်မာဘက်က ဆောင်ရွက်ချက်တွေကိုတော့ ဆောက်လုပ်ရေး ဝန်ကြီးဌာန နေပြည်တော် အမြန်လမ်း ပြင်ဆင်ထိန်းသိမ်းရေး အဖွဲ့ရဲ့ အင်ဂျင်နီယာ မှူးကြီး ဦးကြည်ဇော်မြင့်က အခုလို ပြောပါတယ်။

“ဒီအစိုးရသစ်က ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ ရက် ၁၀၀ စီမံချက်မှာပေါ့လေ ၊ ရက် ၁၀၀ စီမံချက်မှာ အမြန်လမ်းရဲ့ ယာဉ်အန္တရယ်လျှော့ချရေး အစီအစဉ်လေး ပါပါတယ်ခင်ဗျ။ အဓိကတော့ သူက Engineering ပေါ့လေ။ Engineering အနေနဲ့လည်း ဒီဇိုင်းအရ ကျနော်တို့ဘာတွေပြုပြင်မယ်။ ဘယ်နေရာတွေက black sport တွေဖြစ်နေတယ်။ ဘယ်နေရာတွေကျရင် ဒီဇိုင်းတွေမှားနေတယ် ၊ အဲဒါမျိုးလေးတွေကျနော်တို့ analysis လုပ်ပြီး အဲဒါတွေပြုပြင်ဖို့ရှိပါတယ် ရက် ၁၀၀ မှာ။”

ယာဉ်အန္တရာယ် ဘေးကင်းလုံခြုံမှု အတွက် လမ်းတွေကို မဖြစ်မနေ ပြုပြင်ရမှာ ဖြစ်သလို ယာဉ် အသုံးပြုသူတွေကိုလည်း နိုင်ငံတဝန်း လွှမ်းခြုံ အသိပညာပေးဖို့ လိုအပ်တယ်လို့လည်း အင်ဂျင်နီယာ မှူးကြီး ဦးကြည်ဇော်မြင့်က ထောက်ပြပါတယ်။

“Accident ဖြစ်သွားပြီးရင် ဒဏ်ရာရတာနဲ့ ထိခိုက်ဒဏ်ရာမှုလေးတွေက နည်းနည်းလေးများနေတာက ကျနော်တို့ လမ်းမကြီးမှာ ရှိသင့်ရှိထိုက်တဲ့ safely နဲ့ ပတ်သက်တဲ့ infrastructure တွေအားနည်းနေလို့ အဲဒါလေးတွေလည်းကျနော်တို့ Engineering ဆိုင်ရာလုပ်ရမယ်။ နောက်ပြီးတော့ ခုနကပြောတဲ့ human factor လို့ပြောတဲ့ ယာဉ်မောင်းတွေရဲ့ Behavior ကိုလည်း ကျနော်တို့အနေနဲ့က သူတို့ကို trainingပေးရမယ်၊ Awareness လုပ်ပေးရမယ် အခု အဲဒါတွေလုပ်နေတယ်။ ဒါပေမယ့် တခုခက်တာက ကျနော်တို့က အမြန်လမ်းတခုထဲလုပ်လို့မရဘူး။ ကျနော်အဲဒီတချက်လေးတောင်မှ ကျနော်ဆွေးနွေးထားဖူးပါတယ်။ ကျနော်တို့အမြန်လမ်းမှာ ဘယ်လောက်အထိပဲ ကျနော်တို့ အမြန်လမ်းရဲတပ်ဖွဲ့နဲ့ ကျနော်တို့ Engineer အဖွဲ့က ဘယ်လောက်ထိ awareness ပေးပေး ဘယ်လောက်ပေးပေး၊ ဒါပေမယ့် အမြန်လမ်းကထွက်သွားရင်သူက ပုံမှန်အတိုင်းပြန်ဖြစ်သွားတယ်ဗျ။ နောက်တကြိမ်အမြန်လမ်းပေါ်တက်ရင် အဲဒီလူက ပြောရရင်တော့ awareness ကို အသစ်ပြန်ဖြစ်သွားတဲ့အခါကျတော့ ကျနော်တို့ပြောရရင် အမြန်လမ်းတခုထဲ ဒီ safety နဲ့ ပတ်သက်ပြီးတော့ awareness ပေးလို့မရဘူး။ တနိုင်ငံလုံးလွှမ်းခြုံပြီးတော့မှ National safety Planning လုပ်ပြီးမှပဲ ဒီဟာတွေ ယာဉ်မောင်တွေရဲ့ behavior တွေကို ပြုပြင်မှရမယ်လို့ ကျနော်အဲဒီလို သုံးသပ်မိပါတယ်ခင်ဗျ။”

ဆိုင်ကယ်အသုံးပြုမှု များတဲ့ မန္တလေးလို မြို့ကြီးမှာ ပြီးခဲ့တဲ့ သင်္ကြန် ရက် အတွင်းက အရေးပေါ် အကူအညီပေးရသူ အများစုကလည်း ဆိုင်ကယ် မတော်တဆမှုတွေ ဖြစ်တယ်လို့ One to One ပြည်သူ့ ကူညီရေး အဖွဲ့က ကိုလူပျော်က ပြောပါတယ်။

“အများစုကအဲလိုပဲ ဆိုင်ကယ်နဲ့ အဲလိုတိုက်တာများပါတယ် ။ ဆိုင်ကယ်တိုက်တာတို့ ရန်ဖြစ်တာတို့ လူငယ်တွေဆိုတော့ များသောအားဖြင့် လမ်းကပုံမှန်ဆိုမကျပ်ဘူး ၊ ဒါပေမယ့် လည်တဲ့နေ့ကျရင်လူတွေက မန္တလေးမြို့ကတင်မဟုတ်ဘူးလေ။ တနိုင်ငံလုံးက မန္တလေးကိုဆင်းပြီးလာလည်ကြတယ်ဆိုတော့ လမ်းတွေကကျပ်ကုန်တယ်။”

WHO ရဲ့ ၂၀၁၅ ခုနှစ် အတွက် ယာဉ်အန္တရာယ် ကင်းရှင်းရေးဆိုင်ရာ အစီရင်ခံစာမှာလည်း မြန်မာနိုင်ငံတွင်း အခြေအနေတွေကို ဖော်ပြတာမှာတော့ မြန်မာနိုင်ငံတွင်း အသုံးပြုနေတဲ့ ယာဉ်တွေရဲ့ အဆင့်အတန်းကို သတ်မှတ် ကန့်သတ်မှု မရှိတာ၊ ယာဉ်တိုက်မှု ဖြစ်ပွားပြီးနောက် ကူညီစောင့်ရှောက်မှု အားနည်းချက်၊ နောက် ယာဉ်ပေါ်မှာ လိုက်ပါသူတွေ ဘေးကင်းလုံခြုံရေး အတွက် ခါးပတ်ပတ်ဖို့ ဥပဒေပြဌာန်းချက်၊ ကလေးငယ်တွေကို ကားရှေ့ခန်းမှာ လိုက်ပါ စီးနင်းမှုကို ကန့်သတ်တာလိုမျိုး ကလေးငယ်တွေ အတွက် သီးခြား ပြဌာန်းထားတဲ့ ဥပဒေတွေ၊ နောက် ကားမောင်းရင်း ဖုန်းမပြောရဆိုတဲ့ ကန့်သတ်ချက်မျိုးတွေကို ဥပဒေပြု တားမြစ်ထားတာ မရှိဘူးလို့လည်း ဖော်ပြပါတယ်။ အမြန်နှုန်း ကန့်သတ်ချက်၊ဆိုင်ကယ် စီးသူတွေ ဦးထုပ်ဆောင်းရမယ့် ဥပဒေ၊အရက်သောက်ပြီး စက်တပ်ယာဉ် မောင်းနှင်မှုကို တားမြစ်တဲ့ ဥပဒေတွေ ရှိပေမယ့်လည်း အာဏာပိုင်တွေရဲ့ ကြီးကြပ်လုပ်ဆောင်မှု အခြေအနေက အလယ်အလတ် အဆင့်ဘဲ ရှိတယ်လို့လည်း ထောက်ပြထားပါတယ်။

XS
SM
MD
LG