သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေဘေးအတွက် နိုင်ငံတကာ အကူအညီတောင်းခံ


ပွင့်ဖြူမြို့နယ်၊ ညောင်ခြံရွာကို သွားနေတဲ့ တနိုင်တပိုင် ကိုယ်ထူကိုယ်ထ ကူညီကယ်ဆယ်ရေး စေတနာ့ဝန်ထမ်းများ။ (သြဂုတ် ၄၊ ၂၀၁၅။ ဓာတ်ပုံ/ကိုသာကူ)
ပွင့်ဖြူမြို့နယ်၊ ညောင်ခြံရွာကို သွားနေတဲ့ တနိုင်တပိုင် ကိုယ်ထူကိုယ်ထ ကူညီကယ်ဆယ်ရေး စေတနာ့ဝန်ထမ်းများ။ (သြဂုတ် ၄၊ ၂၀၁၅။ ဓာတ်ပုံ/ကိုသာကူ)

မြန်မာနိုင်ငံမှာ လတ်တလော ကြုံတွေ့နေရတဲ့ သိန်းနဲ့ချီတဲ့ ရေဘေးဒုက္ခသည်တွေအတွက် မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ နိုင်ငံတကာသံရုံးတွေ၊ ကုလသမဂ္ဂအပါအဝင် လူသားချင်စာနာမှု အကူအညီပေးရေး အဖွဲ့အစည်းတွေကို နိုင်ငံခြားရေးဝန်ကြီးဌာနက စာရေး ပန်ကြားထားပါတယ်။ အခုချိန်ထိတော့ ဘယ်နိုင်ငံ၊ ဘယ်အဖွဲ့အစည်းက ဘယ်လိုပစ္စည်းတွေ လှူမယ်ဆိုတဲ့စာရင်း အတိအကျ မရသေးဘူးလို့ နိုင်ငံခြားရေးဌာန ဒုတိယ ညွန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်းက ပြောပါတယ်။ ဒီအတောအတွင်း မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့ကလည်း နိုင်ငံတကာက မိတ်ဖက် အဖွဲ့အစည်းတွေထံ အကူအညီတောင်းထားပြီး ရေဘေးသင့်သူတွေကို ဆန်နဲ့ တခြား လိုအပ်တဲ့အကူအညီတွေကို ပို့ပေးနေတယ်လို့ ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။

ရေဘေးသင့် ပြည်သူတွေ လိုအပ်နေတဲ့ အစားအသောက်၊ ဆေးဝါးနဲ့ တခြား အရေးပေါ်ပစ္စည်းတွေ ကူညီလိုက အကူအညီပေးကြဖို့ ရန်ကုန်မြို့မှာရှိတဲ့ နိုင်ငံခြား သံရုံးတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေထံ စာရေးပန်ကြားထားတယ်လို့ နိုင်ငံခြားရေးဌာန ဒုတိယ ညွန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်းက ပြောပါတယ်။

“ရန်ကုန်မှာရှိတဲ့နိုင်ငံခြားသံရုံးတွေ၊ နောက်ပြီးတော့ ပြည်ပမှာရှိတဲ့ မြန်မာနိုင်ငံကိုတွဲဖက်ကိုင်ထားတဲ့ သံရုံးတွေပေါ့နော်၊ နောက်ပြီးတော့ UN နဲ့ UN လက်အောက်ခံ အေဂျင်စီတွေကိုလည်း စာပေးပို့ပြီးတော့ လှူမယ်ဆိုရင် လှူလို့ရပါတယ်၊ တကယ်လို့ cash လှူချင်ရင်လည်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးကနေဖွင့်ထားတဲ့ အကောင့်မှာ ပေးပို့ပြီးတော့ လှူဒါန်းနိုင်ပါတယ်၊ နောက်ပြီးတော့ ပစ္စည်းတွေလှူချင်တယ်ဆိုရင် Suggested List of Humanitarian Assistant Item ဆိုပြီးတော့လည်း သံရုံးတွေကိုတော့ အသိပေးထားပါတယ်ဗျ။ အဲဒီမှာ အစားအသောက်တို့၊ ဆေးဝါးတို့၊ စောင်တို့၊ Solar lamp တို့၊ Emergency lamp တို့၊ နောက်ပြီးတော့ Boat တို့၊ Life Jacket တို့၊ အဲလိုမျိုးလေးတွေကိုလည်း ကျနော်တို့ ဒီမှာရှိတဲ့သံရုံးတွေကိုတော့ အကြောင်းကြားထားပါတယ်ခင်ဗျ။”

အဲဒီလို အကူအညီတောင်းခံတဲ့ ပန်ကြားချက်ကိုတော့ သြဂုတ်လ ၃ ရက်နေ့ည ၈ နာရီသတင်းမှာ စတင် ကြေညာခဲ့ပြီး သြဂုတ်လ ၄ ရက်နေ့ သတင်းစာမှာလည်း ဆက်သွယ်ရမယ့်လူ အမည်စာရင်းနဲ့တကွ ဖော်ပြပေးထားတယ်လို့ ဆိုပါတယ်။ အခုချိန်မှာ နိုင်ငံတကာက အကူအညီတွေ ရောက်မလာသေးပေမယ့် အကူအညီပေးဖို့အတွက် ကမ်းလှမ်းထားတဲ့ နိုင်ငံတွေတော့ ရှိနေပြီလို့ ဦးကျော်မိုးထွန်းက ဆက်ပြောပါတယ်။

“ဒီကြားထဲမှာတော့ indication ပေးတာလေးတွေတော့ ရှိပါပြီခင်ဗျ။ ဥပမာ ထိုင်းနိုင်ငံကဆိုရင် ဘတ် ၅ သန်းလှူဖို့စီစဉ်နေတယ်ဆိုတဲ့ ဥစ္စာလေးတွေ၊ အိန္ဒိယတို့ ဘာတို့ဆိုလည်း သူတို့ ဘာတွေကူညီရမလဲဆိုတဲ့ ဥစ္စာတွေ မေးမြန်းလာတာတွေရှိတော့ စာထဲမှာတော့ ကျနော်တို့ ဘာတွေလိုအပ်လဲဆိုတာကို ဖော်ပြပြီးဖြစ်တဲ့အတွက် ဆက်လှူမယ့်ဥစ္စာကိုတော့ သက်ဆိုင်ရာအနေနဲ့ ဆက်လက် ညှိနှိုင်း ဆောင်ရွက်နေပါတယ်။ ဥပမာ ICRC တို့လည်း ဆက်သွယ်တာလေးတွေတော့ ရှိပါတယ်ခင်ဗျ။ နောက်ပြီးတော့ UNOCHA တို့ဘာတို့လည်း ဆက်သွယ်တာလေးတွေ ရှိပါတယ်ခင်ဗျ။ အဲဒါကတော့ ဘယ်လောက်ပဲ၊ ဘာပစ္စည်းရယ်လို့တော့ ကြိုမပြောသေးဘူးပေါ့နော်။ ကူညီလိုပါတယ်ဆိုတဲ့ Indication လေးတွေတော့ ပေးလာတာရှိပါတယ်။”

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်အတွင်းက ရေဘေးဒုက္ခသည်မိသားစု မြောင်းဘောင်တခုမှာ ယာယီနေထိုင်ကြရပုံ။ (သြဂုတ် ၄၊ ၂၀၁၅။ ဓာတ်ပုံ/ကိုသာကူ)
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်အတွင်းက ရေဘေးဒုက္ခသည်မိသားစု မြောင်းဘောင်တခုမှာ ယာယီနေထိုင်ကြရပုံ။ (သြဂုတ် ၄၊ ၂၀၁၅။ ဓာတ်ပုံ/ကိုသာကူ)

နိုင်ငံတကာ အကူအညီတွေကိစ္စ ပူးပေါင်းဆောင်ရွက်ပြီး ဖိတ်ခေါ်နေတဲ့အကြောင်း၊ ဖြစ်နိုင်ခြေရှိတဲ့ အလှူရှင်အဖွဲ့အစည်းတွေနဲ့ နိုင်ငံတွေကို စတင် ဆက်သွယ်ထားပြီးဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် ပြောတာကိုကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံ ကြည်ခြေနီအသင်းကလည်း ရေဘေးသင့် ပြည်သူတွေကို ဆန်နဲ့ တခြား အရေးပေါ်လိုအပ်တဲ့ အကူအညီတွေ ပို့နေပြီဖြစ်ကြောင်း အမှုဆောင်ညွန်ကြားရေးမှူး ဦးခင်မောင်လှက အခုလို ရှင်းပြပါတယ်။

“ဟားခါးမြို့အတွက်ကိုတော့ ဆန်အိတ် ၂၀၀ အခု မုံရွာကတဆင့် ပို့ဖို့ လုပ်နေပါတယ်။ နောက် မိုးကောင်းကိုတော့ သိန်းငါးဆယ်ဖိုး ဆန်အိတ်ထောက်ပံ့ပြီးဖြစ်ပါတယ်။ မကွေး၊ ပြည်၊ မန္တလေး၊ စစ်ကိုင်း၊ နောက် မော်လမြိုင်ပေါ့နော်-ပုသိမ်၊ ဖားအံ၊ နောက် စစ်တွေပေါ့နော်- အဲဒီမြို့နယ်တွေကိုတော့ တကိုယ်ရည် ကျန်းမာရေးသုံးပစ္စည်းတွေပေါ့။ ရေဘေးသင့်တဲ့ပြည်နယ်တွေမှာ ရှိတဲ့မြို့တွေကို ပို့ဖို့ တန်ဖိုးအားဖြင့်တော့ ကျပ်သိန်းပေါင်း (၃,၃၅၂ သိန်း၊ ၉ သောင်း) ဖိုး ပစ္စည်းတွေပို့ဖို့အတွက်ကို ကျနော်တို့ အခု စီစဉ်နေပါတယ်ခင်ဗျ။”

စင်္ကာပူနိုင်ငံက အမေရိကန်ဒေါ်လာ ၅၀,၀၀၀ အကူအညီပေးဖို့ မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့ကို ကတိပြု ထားပြီး ဖြစ်တယ်လို့ ဦးခင်မောင်လှက ပြောပါတယ်။ ဒါ့အပြင် ဂျနီဗာမြို့မှာရှိတဲ့ Disaster Relief Emergency Fund သဘာဝဘေးအန္တရာယ် အရေးပေါ် ကယ်ဆယ်ရေးဌာနမှာ ဆွစ်ဇာလန်ငွေ ၂၉၀,၀၀၀ အကူအညီ တောင်းခံထားသလို ICRC နိုင်ငံတကာ ကြက်ခြေနီအဖွဲ့နဲ့ လခြမ်းနီအဖွဲ့တို့လို မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့ရဲ့ မိတ်ဖက် အဖွဲ့အစည်းတွေထံမှာလည်း အကူအညီတောင်းထားကြောင်း ဦးခင်မောင်လှက ပြောပါတယ်။ မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့အနေနဲ့ကတော့ ရံပုံငွေ အခက်အခဲရှိတာကြောင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေမှာ ကန့်သတ်ချက်ရှိတဲ့အတွက် အစိုးရရဲ့ အကူအညီနဲ့ ပို့ပေးနေရတယ်လို့ ဦးခင်မောင်လှက ပြောပါတယ်။

လောလောဆယ်မှာတော့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သံအမတ်ကြီး ဟောင်လျံ ဦးဆောင်တဲ့ အဖွဲ့ဟာ ကလေးမြို့၊ ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းဒေသကြီးမှာ ရေဘေးဒုက္ခသည်တွေကို စောင်နဲ့ လိုအပ်တဲ့ အကူအညီတွေပေးနေကြောင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံက Sky Blue လို့ခေါ်တဲ့ ကူညီ ကယ်ဆယ်ရေးအဖွဲ့က အဖွဲ့ဝင် ၁၀ ဦးဟာ အသက်ကယ်လှေတွေနဲ့အတူ ရေဘေး ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်ဖို့ အင်္ဂါနေ့မှာ မြန်မာနိုင်ငံကို ရောက်လာပြီဖြစ်ပါတယ်။ ဒါပေမယ့် သူတို့အနေနဲ့ ဘယ်နေရာတွေမှာ သွားရောက် အကူအညီ ပေးမယ်ဆိုတာတော့ အသေးစိတ် ညှိနှိုင်းရဦးမယ်လို့ သမ္မတရုံးတာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။

XS
SM
MD
LG