သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဘီယာလုပ်ငန်း အစုရှယ်ယာအများစု ဂျပန် Kirin ဘီယာဝယ်ယူ


(Photo Credit: Myanmar Beer Facebook)
(Photo Credit: Myanmar Beer Facebook)

မြန်မာနိုင်ငံက အကြီးဆုံး ဘီယာကုမ္ပဏီဖြစ်တဲ့ Fraser and Neaves’s - F&N က အမေရိကန် ဒေါ်လာ သန်း ၅၆၀ နဲ့ ညီမျှတဲ့ အစုရှယ်ယာ ၅၅% ကို ဂျပန်နိုင်ငံအခြေစိုက် Kirin ဘီယာကုမ္ပဏီက ဝယ်လိုက်ပြီလို့ ဒီရောင်းဝယ်မှုနဲ့ နီးစပ်သူတွေက ပြောကြောင်း စင်္ကာပူကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ ဒါဟာ အာရှတိုက်အတွင်းက အလားအလာ ကောင်းတဲ့ ဘီယာဈေးကွက်အတွက်ကို ထိန်းချုပ်နိုင်ဖို့ လုပ်ဆောင်ခြင်း ဖြစ်တယ်လို့ ရှုမြင်ကြပါတယ်။

ဂျပန်နိုင်ငံက တခြားဘီယာကုမ္ပဏီတွေနည်းတူ ပြည်တွင်းမှာ ရောင်းအား ကျနေတဲ့အတွက် ပြည်ပနိုင်ငံတွေက ဈေးကွက်ကို ထိုးဖောက် ဝင်ရောက်နိုင်ဖို့ Kirin ကုမ္ပဏီက ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံက ဒုတိယအကြီးဆုံး ဘီယာကုမ္ပဏီဖြစ်တဲ့ Kirin ဟာ မြန်မာဘီယာ၊ Myanmar Double Strong နဲ့ Andaman Gold စတဲ့ အစိုးရက ကျောထောက်နောက်ခံပေးထားတဲ့ မြန်မာ့ ဦးပိုင်လီမိတက်နဲ့ ပူးတွဲ လုပ်ဆောင်မှာ ဖြစ်ပါတယ်။

မြန်မာဘီယာကုမ္ပဏီဟာ မြန်မာ့ဘီယာဈေးကွက်ရဲ့ ၈၀% ကို ပိုင်ဆိုင်ထားပြီး အခုနှစ်ရောင်းအား အမေရိကန် ဒေါ်လာ ၃၇၅ သန်း ရှိရာကနေ လာမယ့် ၃ နှစ်အတွင်း ၂ ဆကျော်တိုးပြီး ဒေါ်လာ ၆၇၅ သန်းအထိ ရောင်းအားရှိလာနိုင်တယ်လို့ Euromonitor International ဆိုတဲ့ သုတေသနအဖွဲ့က ခန့်မှန်းထားတာ ဖြစ်ပါတယ်။

XS
SM
MD
LG