သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရနဲ့ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းမှ မြန်မာ့စီးပွား ဖွံ့ဖြိုးမည်


မြန်မာနိုင်ငံ စီးပွားဖံ့ွဖြိုးရေးအတွက် စီးပွားရေးပြုပြင်ပြောင်းလဲမှုလုပ်ငန်းတွေမှာ အစိုးရနဲ့ ပုဂ္ဂလိကလုပ်ငန်းတွေအကြား ပူးတွဲ ဆောင်ရွက်သွားနိုင်ဖို့ မြန်မာစီးပွားရေးဖော်ရမ်တခု ဖွဲ့စည်းသွားမယ်လို့ သမ္မတဦးသိန်းစိန်က ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံစီးပွားရေးရဲ့ ၉၀ ရာခိုင်နှုန်းဖြစ်တဲ့ ပုဂ္ဂလိကလုပ်ငန်းပိုင်း ဖွံ့ဖြိုးမှ တိုင်းပြည်စီးပွားဖွံ့ဖြိုးနိုင်လိမ့်မယ်လို့ သမ္မတဦးသိန်းစိန်က ပြောသွားပါတယ်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် မြန်မာပုဂ္ဂလိကလုပ်ငန်းရှင် ၅၀၀ လောက် တွေ့ဆုံကြတဲ့ ဆွေးနွေးပွဲပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အဆောက်အဦး သတင်းသွားရောက်ယူခဲ့တဲ့ ကိုသားညွန့်ဦးက ဒီအကြောင်း သတင်းပေးပို့ထားပါတယ်။

လက်ရှိ ပြောင်းလဲမှုနဲ့အတူ မြန်မာ့စီးပွားရေးမှာ အရေးပါလာတဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေရဲ့ အခက်အခဲ လိုအပ်ချက်တွေကို သိရှိလိုတာကြောင့် သူ့အနေနဲ့အခုလို တွေ့ဆုံတာဖြစ်တယ်လို့ သမ္မတဦးသိန်းစိန်က ပြောသွားပါတယ်။ သူတို့အစိုးရအနေနဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု စီးပွားရေးပြုပြင်ပြောင်းလဲမှု၊ ငြိမ်းချမ်းရေးတည်ဆောက်မှုနဲ့အတူပဲ ကဏ္ဍစုံမှာ အခြေခံကျကျ ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်ခဲ့တယ်လို့လည်း ပြောပါတယ်။

“လက်တွေ့နယ်ပယ်မှာ စီးပွားရေးလုပ်ကိုင်နေကြတဲ့ စီးပွားရေးလုပ်ငန်းရှင်များနဲ့ စီးပွားရေးလုပ်ငန်းများရဲ့ စိန်ခေါ်မှုများ၊ အခြေအနေများကို လာရောက်နားထောင် လေ့လာဖို့ပဲ ဖြစ်ပါတယ်။ ဒါမှသာ တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ အဓိကနေရာကနေ စွမ်းဆောင်နေကြတဲ့ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများရဲ့ အခက်အခဲများနဲ့လိုလားချက်များကို နိုင်ငံရေးအရ ဦးဆောင်မှုပေးနိုင်မှာလည်း ဖြစ်ပါတယ်။”

လက်ရှိ မြန်မာအစိုးရနဲ့ဆောင်ရွက်ခဲ့တဲ့ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေနဲ့ ကုန်သွယ်ရေးဆိုင်ရာတိုးတက်လာဖို့ ကြိုးပမ်း ဆောင်ရွက်ချက်တွေကို သမ္မတက စီးပွားရေးလုပ်ငန်းရှင်တွေကို ရှင်းပြပါတယ်။ ဒီအတွက် ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်မှာ ကုန်သွယ်မှုတန်ဘိုး အမေရိကန်ဒေါ်လာ ၁၅.၂၇ ဘီလီယံကနေ ၂၀၁၂ ဖေဖဝါရီမှာ ၂၂.၅၇ ဘီလီယံအထိ တိုးလာခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ရင်းနှီးမြှုပ်နှံမှုပိုင်းမှာလည်း ၂၀၁၁ ကနေ ၂၀၁၃ ဒီဇင်ဘာအထိ နိုင်ခြား ရင်းနှီးမြှုပ်နှံမှု ၁၈၈ ခု၊ ရင်းနှီးမြှုပ်နှံမှု တန်ဖိုးအားဖြင့် သန်း ၈,၂၀၀ ကျော်၊ ပြည်တွင်း ရင်းနှီးမြုှပ်နှံမှုလုပ်ငန်း ၁၄၅ ခု တန်ဖိုးအားဖြင့် ကျပ်သန်းပေါင်း ၂၁ သိန်းကျော် တိုးလာတယ်လို့လည်း ပြောပါတယ်။ မကြာခင်မှာတော့ အစိုးရနဲ့ ပုဂ္ဂလိကလုပ်ငန်းတွေအကြား ပူးပေါင်းဆောင်ရွက်မှု ပိုရှိလာအောင် မြန်မာ့စီးပွားရေးဖော်ရမ်တရပ် ဖွဲ့စည်းသွားမယ်လို့ သမ္မတက အခု ဆွေးနွေးပွဲမှာပဲ ကြေညာသွားပါတယ်။

“အဲဒီအဖွဲ့အစည်းကတော့ မြန်မာ့စီးပွားရေးဖိုရမ်၊ မြန်မာ Business Forum ဖြစ်ပါတယ်။ ဒီမှာ ကျနော်တို့ လိုင်း ၂ လိုင်းရှိပါတယ်။ တဘက်က ပုဂ္ဂလိကလုပ်ငန်းရှင်တွေရဲ့ ကိုယ်စားလှယ်တွေ၊ နောက် လုပ်ငန်းအလိုက် ကိုယ်စားလှယ်တွေ ပါဝင်တယ်။ နောက်တခါ အဲဒီလုပ်ငန်းအလိုက် ကိုယ်စားလှယ်တွေ၊ လုပ်ငန်းအဖွဲ့မှာ Working Group တွေ၊ နောက် ထိန်းညှိပေးမယ့် အတွင်းရေးမှူးအဖွဲ့တွေ၊ အပေါ်ကနေ ကွပ်ကဲပေးမယ့် အုပ်ချုပ်တဲ့အဖွဲ့တွေ၊ တဘက်က ဒါတွေပါသလိုပဲ ကျနော်တို့အစိုးရဘက်ကလည်း စောစောကအကြံပြုသလိုပဲ၊ ကျနော်ဦးစီးပြီးတော့မှ ကျနော့အောက်မှာ ဒု-သမ္မတတစ်ယောက်ထားပြီးတော့ ဒီဘက်ကလိုပဲ ညှိနှိုင်းဆွေးနွေးပေးမယ့် အတွင်းရေးမှူးအဖွဲ့တွေ၊ နောက်တခါ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်မယ့် Working အဖွဲ့တွေ၊ Delivery Unit တွေ၊ Delivery unit တွေလည်း ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။ အဲဒီတော့ ဒီ Mechanism ကြီးကို အမြန်ဆုံးဖွဲ့ပြီးတော့မှ ပုဂ္ဂလိကနဲ့အစိုးရ - အမြဲမပြတ် ထိတွေ့ ပူးပေါင်းဆောင်ရွက်နေမှ ကျနော်တို့ရဲ့ စီးပွားရေးလုပ်ငန်းတွေဟာ ဖွံ့ဖြိုးတိုးတက်မှာ ဖြစ်တယ်ဆိုတာကို ဒီအဖြေကို ကျနော်တို့ရောက်ရှိတဲ့အတွက်ကြောင့် ဒါကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ ကျနော်တို့ရှိပါတယ်။”

သမ္မတဦးသိန်းစိန်အနေနဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေနဲ့ပတ်သက်လို့ အစိုးရကဆောင်ရွက်ခဲ့တာတွေ၊ ဆောင်ရွက်မယ့် အစီအစဉ်တွေကို ချပြပြောဆိုသွားသလို စီးပွားရေးလုပ်ငန်းရှင်တွေဘက်ကလည်း သူတို့ကြုံတွေရတဲ့အခက်အခဲ လက်တွေ့အခြေအနေတွေကို ထုတ်ဖော် ပြောဆိုကြပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေဘက်ကတော့ များသောအားဖြင့် သူတို့လုပ်ဆောင်နိုင်မယ့် လုပ်ပိုင်ခွင့်တွေ ပိုတောင်းတာ တွေ့ရသလို သူတို့လုပ်နေတဲ့ အစိတ်အပိုင်းအလိုက် နိုင်ငံကို ဘယ်လောက် အထောက်အပံ့ဖြစ်စေသလဲဆိုတာတွေကိုလည်း ရှင်းပြခဲ့ကြပါတယ်။ အစိုးရနဲ့ပုဂ္ဂလိကလုပ်ငန်းတွေအကြား အခုလို ထိစပ်မှုမျိုးဟာ နှစ်ဖက်စလုံးအတွက် အကျိုးဖြစ်စေမယ်လို့ အထည်ချုပ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးမြင့်စိုးက VOA ကို ပြောပါတယ်။

“ဒီတခေါက်ကတော့ ကျနော်တို့က အချိန်နဲ့တပြေးညီ ပေးသင့်တဲ့ message တွေကို ပေးရတာရယ်၊ နောက် သမ္မတဘက်လည်း နိုင်ငံတော်ဘက်ကနေပြီး ဘယ်ကိုသွားနေတယ်၊ ဘယ်အထိရောက်နေတယ်ဆိုတဲ့ message ကိုလာပေးတာ ဖြစ်တဲ့အတွက် နိုင်ငံတော်အစိုးရနဲ့ နိုင်ငံတော်အတွင်းမှာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်များရယ်၊ ဒီလိုတွေ့ဆုံမှုတွေကတော့ နိုင်ငံတကာမှာလည်း အကျိုးရှိသလို ကျနော်တို့နိုင်ငံမှာလည်း အကျိုးဖြစ်ထွန်းပါတယ်။ အဲဒီတော့ ဒီလိုတွေ့ဆုံမှုမျိုးကနေ အခြေပြုပြီး ကျနော်တို့က PPP ပေါ့၊ အစိုးရနဲ့ ပုဂ္ဂလိကနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကိစ္စရပ်တွေကို အရှိန်အဟုန်ကောင်းကောင်းနဲ့ ဆက်ပြီး ဆောင်ရွက်သွားကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။”
မေး။ ။ သမ္မတကတော့ သူ့တို့အခြေအနေတွေ၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကို ရှင်းပြတယ်။ လုပ်ငန်းရှင်တွေဘက်ကလည်း ကိုယ့်အခက်အခဲတွေ၊ ကိုယ်လိုချင်တာတွေ ပြောပြတယ်။ တကယ်လက်တွေ့လုပ်ရမှာကတော့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ပေါ့။ အဲဒီတော့ ရလာဒ်ကောင်းတွေရော တကယ်ထွက်လာမယ် ထင်လား။
ဖြေ။ ။ ကျနော်တို့ကတော့ မျှော်လင့်ပါတယ်။ ဒါပေမယ့် ဒီဟာကို ရလာဒ်ကောင်းတွေကတော့ ရလည်းရရှိနေပါတယ်။ ဒါပေမယ့် ရလာဒ်ကောင်းတွေ ရရှိနေတဲ့ဟာတွေက များစွာလည်း ရလာဒ်ကောင်းတွေက ကျန်နေသေးတဲ့အတွက် ဒီလိုတွေ့ဆုံပွဲတွေကနေတဆင့် အရှိန်အဟုန်မြှင့်ပြီး ဆောင်ရွက်ဖို့လိုမယ်လို့ ကျနော့်အနေနဲ့ သုံးသပ်ပြောကြားလိုပါတယ်။

သမ္မတဦးသိန်းစိန်အနေနဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို ရန်ကုန်မှာ အခုလို တွေ့ဆုံတာဟာဆိုရင် ဒါဟာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး အရင်ကထက်ပိုပြီးတော့ ပွင့်လင်းစွာ ပြောဆိုလာနိုင်တဲ့အခြေအနေဖြစ်လာတယ်လို့ဆိုပါတယ်။ သမ္မတနဲ့လုပ်ငန်းရှင်တွေ တွေ့ပြီးနောက်မှာလည်း လုပ်ငန်းရှင်တွေအနေနဲ့ အစိုးရအဖွဲ့ဝန်ကြီးတွေနဲ့ သူတို့အခက်အခဲတွေ ဆွေးနွေးတာ၊ တဘက်က ပြန်လည်ရှင်းလင်းတာတွေ လုပ်ခဲ့ကြပါတယ်။ အဲဒီနောက်ပိုင်း အစိုးရဝန်ကြီးတွေနဲ့ လုပ်ငန်းရှင်တွေဆွေးနွေးပွဲကိုတော့ သမ္မတရုံး ဝန်ကြီးနှစ်ဦးဖြစ်တဲ့ ဦးစိုးသိန်း၊ ဦးတင်နိုင်သိန်းတို့နဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေတို့က ကြီးကြပ် ဆောင်ရွက်ပေးခဲ့ပါတယ်။
XS
SM
MD
LG