သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရတွင်း အပြောင်းအလဲ ဆက်လက်ကြေညာ


နိုင်ငံတော် သမ္မတဦးသိန်းစိန်
နိုင်ငံတော် သမ္မတဦးသိန်းစိန်
ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ အားကောင်းလာစေဖို့ ဆိုပြီး မြန်မာအစိုးရက ဝန်ကြီးနေရာ အပြောင်းအလဲတွေ ဒီကနေ့လည်း ဆက်လက် ကြေညာသွားခဲ့သလို နောက်ထပ်လည်း အပြောင်း အလဲတွေ ဆက်လုပ်သွားဖို့ ရှိနေတယ်လို့ သမ္မတရုံးက ပြောပါတယ်။ ဒီလို အစိုးရအဖွဲ့ဝင်တွေ အပြောင်းအလဲ လုပ်ဆောင်လာတဲ့အတွက် ပြုပြင်ပြောင်းလဲရေး လိုလားသူတွေ အားကောင်းလာတဲ့ လက္ခဏာအဖြစ်နဲ့လည်း ဆန်းစစ်သူတွေ ယူဆနေကြတာပါ။ အပြည့်အစုံကိုတော့ ကိုအောင်လွင်ဦးက ဆက်သွယ်မေးမြန်း တင်ပြပေးထားပါတယ်။

ဝန်ကြီး ၉ ဦးနဲ့ ဒုဝန်ကြီး ၁၅ ယောက်တို့ကို တာဝန်တွေ လွဲှပြောင်းပေးခဲ့ပြီးတဲ့နောက် ဆက်လက်ပြီး အစိုးရအဖွဲ့တွင်း အပြောင်းအလဲတွေ လုပ်ဆောင်တဲ့အနေနဲ့ ဝန်ကြီးနေရာတွေ အစိုးရတာဝန်ရှိ သူတွေ နုတ်ထွက်တဲ့အကြောင်း သမ္မတရုံးက ကြေညာလိုက်တာ ဖြစ်ပါတယ်။

အခုနောက်ဆုံးမှာတော့ အမှတ် (၁) လျှပ်စစ်ဝန်ကြီး ဦးဇော်မင်း၊ ဆောက်လုပ်ရေးဝန်ကြီး ဦးခင်မောင်မြင့် နဲ့ စာရင်းစစ်ချုပ် ဦးလွန်းမောင်တို့ကို နုတ်ထွက်ခွင့်ပြုကြောင်း သမ္မတက လက်မှတ်ရေးထိုး ကြေညာလိုက်တာပါ။ ဒီလိုပဲ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ အားကောင်းလာစေဖို့ နောက်ထပ် လည်း အစိုးရတွင်းမှာ အပြောင်းအလဲတွေ လုပ်ဆောင်ဖို့ စီစဉ်နေတယ်လို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဋ္ဌေး ကပြောပါတယ်။

“သမ္မတရဲ့ Reform မပြီးသေးဘူး။ ဒါက Cabinet Reshuffel လေ။ မနေ့ကဟာကို အခုမှ အစပဲ ရှိသေးတယ်။ ဒီနေ့တစိတ်တပိုင်း၊ မနေ့က တစိတ်တပိုင်း။ အဲဒီမှာ လစ်လပ်နေတဲ့ နေရာတွေ ရှိပါလိမ့် အုံးမယ်။ အဲဒါကို ကြည့်လိုက်ရင် ဒီ Reform process က မပီးသေးဘူး။ ဆိုလိုတာက reform တော့ မဟုတ်ဘူးပေါ့နော်။ cabinet reshuffel က မပီးသေးဘူးဆိုတဲ့သဘောပါ။ ဒါကိုကြည့်ပြီး ဆက်ပြီးတော့ လာအုံးမယ်ဆိုတာ သမ္မတကြီးလုပ်ဆောင်ချက်အပေါ်မှာ မူတည်ပါတယ်။ သူ ဆက်လုပ်မှာပါ။ ဆိုလိုတာက လွှတ်တော်ရဲ့ အတည်ပြုချက် ယူရတဲ့ဟာက ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တွေ လိုပါတယ်။ ပြည်ထောင်စုဝန်ကြီးတွေ လိုပါတယ်။ ဒါက ပြည်ထောင်စုလွှတ်တော်ရဲ့ အတည်ပြုချက်ကို ရယူပြီးမှ ဆောင်ရွက်ရတာဖြစ်ပါတယ်။ အခုလောလောဆယ် ဝန်ကြီးတွေ နေရာတချို့ ချထားတယ်ဆိုတာ သူတို့သည် - ပြည်ထောင်စုလွှတ်တော်ရဲ့ သဘောတူညီချက် ရပြီးသား လူတွေ ဖြစ်ပါတယ်။

နောက် ဝန်ကြီးဌာနတွေ ဘယ်အရေအတွက်၊ ဘယ်လို ဖွဲ့မယ်ဆိုတာလည်း ပြည်ထောင်စုလွှတ်တော်ရဲ့ သဘောတူညီချက် ယူရပါတယ်။ အခု လက်ရှိ ရှိပြီးသား ဝန်ကြီးဌာနတွေကို ပြည်ထောင်စု လွှတ်တော်ရဲ့ သဘောတူညီချက်နဲ့ ဖွဲ့စည်းထားတဲ့ ဝန်ကြီးဌာနတွေ ဖြစ်ပါတယ်။ အဲဒီအပေါ်မှာ ဒီဝန်ကြီးတွေ ကို ခေါင်းပြောင်းတာပေါ့နော်- ဟိုဘက်နဲ့ ဒီဘက် ရွှေ့တာ၊ ဒါကတော့ ပြည်ထောင်စု လွှတ်တော်ရဲ့ သဘောတူညီချက် ရယူရန် မလိုဘဲနဲ့ နိုင်ငံတော်သမ္မတရဲ့အခွင့်အာဏာနဲ့ လုပ်လို့ ရတဲ့ဟာတွေ သူလုပ်တာပါ။”

သမ္မတဦးသိန်းစိန်ကတော့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေနဲ့ အမှီမလိုက်နိုင်သူတွေ နေခဲ့ရမှာဖြစ် တယ် ဆိုတာ သူ့အနေနဲ့ ပွင့်ပွင့်လင်းလင်း အသိပေးထားပြီး ဖြစ်တယ်လို့လည်း ဗွီအိုအေနဲ့ သီးသန့် မေးမြန်း ခန်းအတွင်း ပြောဆို ထားတာပါ။ ပြည်ပအခြေစိုက် ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အင်အားစု (NDD) ရဲ့ သုတေသနမှူး ဦးဋ္ဌေးအောင် ကတော့ အခုနောက်ဆုံး ထူးထူးခြားခြား အစိုးရတွင်း အပြောင်းအလဲတွေ ဟာ ပြုပြင်ပြောင်းလဲရေး လိုလားသူတွေ အားကောင်းလာတဲ့ လက္ခဏာလို့ သုံးသပ်ထားတာပါ။

“ဦးသိန်းစိန် သမ္မတဖြစ်လာပြီးတဲ့နောက် အခုအချိန်က အပြောင်းအရွှေ့လုပ်တဲ့နေရာမှာ အကြီးဆုံး လုပ်တာ လို့ ကျနော် မြင်တယ်။ ဘာလို့လဲဆို ဒု-ဝန်ကြီးတွေ ခန့်အပ်တာရော၊ နောက် ဝန်ကြီး ကိုးယောက် နေရာ အပြောင်းအလဲ လုပ်တာရောပေါ့နော်။ အခုအချိန်မှာ အပြောင်းအလဲလုပ်တာကို ကျနော် မြင်တာကတော့ ဦးသိန်းစိန်အနေနဲ့ သူ့ရဲ့ သြဇာသက်ရောက်အောင် တဖြည်းဖြည်းတိုးပြီး လုပ်လာတာမျိုး၊ နောက်တခု ကလည်း သူ့ကို ဆန့်ကျင်တယ်လို့ သတင်းထွက်နေတဲ့ တချို့ ဝန်ကြီးတွေကို တိုက်ရိုက် ဖြုတ်ပစ်တာမျိုး မဟုတ်သေးဘဲနဲ့ နေရာတွေ အပြောင်းအလဲ လုပ်ခြင်းအားဖြင့် ပထမဆုံးစပြီး အခြေခိုင်အောင် စပြီး တည်ဆောက်တယ်လို့ ပြောလို့ ရမယ် ထင်တယ်။”

အင်္ဂါနေ့က ထပ်မံ ကြေညာလိုက်တဲ့အထဲမှာတော့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးဝင်းကို သာသနာရေး ဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ်နဲ့လည်း ပြောင်းလဲ တာဝန်ပေးအပ်ခဲ့တာပါ။ NDD ရဲ့ သုတေသနမှူး ဦးဋ္ဌေးအောင်ကတော့ ဒီလို ဆက်တိုက်ဆိုသလို တွေ့မြင်လာရတဲ့ အပြောင်းအလဲတွေ ထဲမှာတော့ ပြုပြင်ပြောင်းလဲရေး လိုလားသူတွေကို နေရာပေးလာတာကိုလည်း သိသိသာသာ တွေ့ လာရတယ်လို့ ပြောပါတယ်။

“မြင်သာထင်သာ ရှိတာကတော့ မီးရထားဝန်ကြီး ဦးအောင်မင်းနဲ့ စက်မှု(၁) ဝန်ကြီးဖြစ်တဲ့ ဦးစိုးသိမ်း တို့ကို အစကတည်းက ငြိမ်းချမ်းရေးအဖွဲ့မှာ သမ္မတကနေပြီးတော့ သူတို့ကို တာဝန်ပေးထားတာတွေ ရှိတယ်။ အခု သမ္မတရုံးဝန်ကြီးတွေ အဖြစ်နဲ့ သူ့နားကိုခေါ်ထားလိုက်တဲ့ အနေအထားမျိုးကိုလည်း ကျနော်တို့ တွေ့ရတာ ရှိတယ်လေ။ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းဆိုလို့ရှိရင် လူထုတရပ်လုံး ကလည်း သူ့အပေါ်မှာ မကြိုက်ဘူးဆိုတဲ့အသံတွေ ထွက်နေတာ သမ္မတကြီး ဦးသိန်းစိန်လည်း သိမှာပဲလေ။ ဒါပေမဲ့ သူ့ကိုလည်းပဲ တိုက်ရိုက်ကြီးတော့ တန်းပြီးတော့ သူ့အနေနဲ့ ဖြုတ်ပစ်တာ မျိုးတော့ မလုပ်သေးဘူး။ သို့သော်လည်းပဲ သူ့ကို သမဝါယမ ဝန်ကြီးဌာနကို ပြောင်းပေးလိုက်တဲ့ အနေအထားကို တွေ့ရတာရှိတယ်။ ဒါကလည်း တခြားအားဖြင့် ဘာကို ပြတာလဲဆိုရင် လူထုအသံကို သမ္မတကြီးက နားထောင်နေတယ်ဆိုတာကို ကျနော်တို့ တွေ့ရတာမျိုး ရှိသလို သူ့အနေနဲ့ ဒါ ပထမ warning ပေးလိုက်တဲ့ သဘောမျိုးလည်း ဖြစ်ကောင်း ဖြစ်မယ်လို့ ကျနော်ထင်တယ်။”

တနင်္လာနေ့ကတော့ သမ္မတရုံး ဝန်ကြီး လေးနေရာ အပါအဝင် ပြန်ကြားရေး၊ သမဝါယမ၊ မွေးမြူရေး နဲ့ ရေလုပ်ငန်း၊ စက်မှုနဲ့ အာကစား ဝန်ကြီးဌာန ဝန်ကြီးနေရာတွေကို အပြောင်းအရွှေ့တွေ လုပ်ခဲ့တာ ပါ။ ဒီလိုပဲ ဒုဝန်ကြီး တာဝန်တွေကို တော့ ပြည်ထဲရေး၊ စွမ်းအင်၊ ယဉ်ကျေးမှု၊ ဘဏ္ဍာရေးနဲ့ အခွန်၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တော၊ ကျန်းမာရေး၊ ဆက်သွယ်ရေး၊ စာတိုက်နဲ့ ကြေးနန်းစတဲ့ ဝန်ကြီးဌာနတွေမှာ အပြောင်းအလဲတွေ လုပ်ခဲ့တာ ဖြစ်ပါတယ်။
XS
SM
MD
LG