သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အားပြင်းတဲ့ "ဖိုင်လင်း" မုန်တိုင်းကြောင့် မိုးသက်လေပြင်းကျနိုင်


အားပြင်း ဖိုင်လင်းဆိုင်ကလုံးမုန်တိုင်း ဝင်ရောက်မည့် အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားပင်လယ်အော်ဒေသမှ Ganjam ခရိုင်အတွင်း တံငါလှေများကို ကမ်းတင် သိမ်းဆည်းနေကြစဉ်။ (အောက်တိုဘာ ၁၁၊ ၂၀၁၃)။
အားပြင်း ဖိုင်လင်းဆိုင်ကလုံးမုန်တိုင်း ဝင်ရောက်မည့် အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားပင်လယ်အော်ဒေသမှ Ganjam ခရိုင်အတွင်း တံငါလှေများကို ကမ်းတင် သိမ်းဆည်းနေကြစဉ်။ (အောက်တိုဘာ ၁၁၊ ၂၀၁၃)။
ဘင်္ဂလားပင်လယ်အော်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ အလွန်အားကောင်းတဲ့ ဖိုင်လင်းမုန်တိုင်းဟာ အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားနေပြီး ဒီကနေ့ည သန်းခေါင်အချိန်လောက်မှာ အိန္ဒိယနိုင်ငံ သြရိသပြည်နယ် အတွင်းကို ဝင်ရောက်နိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ဒီကနေ့ နေ့ခင်းပိုင်းတိုင်းထွာ ချက်အရ မြန်မာပြည်ကို ဦးတည်မနေပေမဲ့ အင်အားပြင်းထန်တာကြောင့် ကမ်းရိုးတန်း ဒေသတွေအနေနဲ့ သတိထားဖို့လိုအပ်ကြောင်း ထုတ်ပြန်ထားပါတယ်။ သတင်းအပြည့်အစုံကို ဗီအိုအေ မြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

လွန်ခဲ့တဲ့ရက်တွေကဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ မုန်တိုင်းငယ်ဟာ အခုအခါ ဖိုင်လင်းအမည်ရှိ အားကောင်းတဲ့ မုန်တိုင်းအဖြစ်ကို ပြောင်းလဲလာပြီး ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းဒေသဖက်ကို ရွေ့လျားနေပါတယ်။ ဖိုင်လင်းမုန်တိုင်းဟာ အနောက်မြောက်ဖက်ကိုဦးတည်နေပြီး အိန္ဒိယနိုင်ငံဘက်ကကို ဝင်ရောက်နိုင်တယ်လို့ ပြီး မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒုညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။
ဖိုင်လင်းမုန်တိုင်း။
ဖိုင်လင်းမုန်တိုင်း။


“၁၁ နာရီခွဲ တိုင်းတာချက်အရဆိုရင်တော့ မုန်တိုင်း ဖိုင်လင်းဟာဆိုလို့ရှိရင် ပုသိမ်မြို့ရဲ့အနောက်တောင်ဘက် မိုင် ၃၆၀ ခန့်အကွာ၊ ဘီလူးကျွန်းမြို့ရဲ့ အနောက်မြောက်ဘက် မိုင် ၃၀၀ ခန့်အကွာ ပင်လယ်ပြင်မှာ ဗဟိုပြုနေတယ်ပေါ့လေ။ အဲဒီ အားအလွန်ကောင်းတဲ့ ဆိုင်ကလုံးမုန်တိုင်းဟာ အနောက်မြောက်ဘက်ကို ရွေ့လျားမယ်လို့ ခန့်မှန်းထားပါတယ်။ အပြည်ပြည်ဆိုင်ရာ မိုးလေဝသခန့်မှန်းချက်တွေအရ ဒီမုန်တိုင်းဟာ အိန္ဒိယနိုင်ငံ သြရိသကမ်းခြေကို ၁၂ ရက်နေ့ ညသန်းခေါင်နဲ့ ၁၃ ရက်နေ့ မနက်ပိုင်းမှာ ဖြတ်မယ်ဆိုပြီးတော့ ခန့်မှန်းထားပါတယ်။”

မုန်တိုင်းဟာမြန်မာပြည်ကို ဦးမတည်ပေမဲ့ ပြင်းထန်တာကြောင့် ကမ်းရိုးတန်းဒေသတွေအနေနဲ့ သတိထားဖို့ လိုအပ်တယ်လို့လည်း ဦးကျော်မိုးဦးက သတိပေးပါတယ်။

“မုန်တိုင်းရဲ့ဗဟိုချက်မှာလည်း အမြင့်ဆုံးလေတိုက်နှုန်းက တနာရီကိုမိုင် ၁၀၀ ကနေ ၁၂၀ အထိ ရှိပါတယ်။ မြန်မာနိုင်ငံဘက်ကို မဖြတ်ပေမဲ့ ဒီမုန်တိုင်းဟာ အတော်လေး အားကောင်းတဲ့အတွက်ကြောင့်မို့လို့ အဲဒီမုန်တိုင်းရဲ့အရှိန်ကြောင့် ကျနော်တို့ကမ်းရိုးတန်းမှာလည်း ရံဖန်ရံခါ မိုးသက်လေပြင်းကျပြီးတော့ လှိုင်းကြီးနိုင်တာပေါ့လေ။ မိုးသက်လေပြင်းကလည်း တစ်နာရီကိုမိုင် ၅၀ လောက်အထိ တိုက်နိုင်ပါတယ်။ အဓိက ကတော့ ရခိုင်ကမ်းရိုးတန်းနဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ပေါ့လေ။ အဲဒီဘက်မှာ မုန်တိုင်းကနေ ရိုက်ခတ်လာတဲ့လေပြင်းတွေ တိုက်ခတ်လာနိုင်တာပေါ့လေ။”

မုန်တိုင်းနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေကိုတော့ နိုင်ငံတော်သမ္မတရုံး၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေက အစိုးရအဖဲ့ွတွေ၊ သဘာ၀ ဘေးအန္တရာယ်ကာကွယ်ရေးအဖွဲ့တွေ၊ မြန်မာ့အသံ၊ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေက FM ရေဒီယိုဌာနတွေကိုလည်း ပေးပို့ထားတယ်လို့ ပြောပါတယ်။ မုန်တိုင်း အဖျားခတ်နိုင်တဲ့ ရခိုင်ပြည်နယ် မောင်းတောမြို့ဖက်အခြေအနေကို ဒီနေ့မွန်းလွဲပိုင်းက မေးမြန်းကြည့်ရာမှာတော့ -

“ဒီမှာကတော့ ရာသီဥတုအခြေအနေ ကောင်းပါတယ်။ အခုအခြေအနေမှာတော့ သာယာပါတယ်။ မုန်တိုင်းသတိပေးထားတာ ဘာမှ မရှိသေးပါဘူး။”

မောင်းတောဒေသခံတစ်ယောက်ပြောသွားတာပါ။ စစ်တွေဘက်ကို မေးမြန်းရာမှာလည်း စစ်တွေမြို့ဘက်မှာ ရာသီဥတုသာယာနေတယ်လို့ ပြောပါတယ်။
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာဘက်ကအခြေအနေကိုလည်း ဒေသခံတယောက်က အခုလို ပြောပါတယ်။

“မနက်ပိုင်းက နည်းနည်းနေသာတယ်။ နေ့ခင်းကျောလေးက အုံ့တယ်။ အခု နေပြန်သာနေတယ်။ လေလေးတော့ ခါတိုင်းထက်စာရင် ပိုတိုက်တာပေါ့။”

မိုးကြိုကာလဖြစ်တဲ့ မေနဲ့ဧပြီလတွေနဲ့ မိုးနှောင်းကာလဖြစ်တဲ့ စက်တင်ဘာ၊ အောက်တိုဘာလတွေဟာ အများအားဖြင့် မြန်မာနိုင်ငံအတွင်းကို မုန်တိုင်းဝင်ရောက်တတ်တဲ့ရာသီတွေဖြစ်ပါတယ်။

၂၀၀၈ ခုနှစ်၊ မေလ ၂ရက်နေ့က ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းတို့ကို ဝင်ရောက်ခဲ့တဲ့ နာဂစ်မုန်တိုင်းကြောင့် လူ ၁ သိန်းခွဲလောက် သေဆုံးခဲ့ရသလို ၂၀၁၀ ခု အောက်တိုဘာလ၂၂ ရက်က ရခိုင်ပြည်နယ်ကို ဝင်ရောက်ခဲ့တဲ့ ဂီရိမုန်တိုင်းကြောင့် လူ ၁၅၀ လောက်သေဆုံးခဲ့ရပါတယ်။
XS
SM
MD
LG