သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကာတွန်းဦးအောင်ရှိန်ကွယ်လွန်


ကာတွန်းဆရာကြီးအောင်ရှိန်
ကာတွန်းဆရာကြီးအောင်ရှိန်
ကာတွန်းတွေရဲ့ ဇာတ်ကောင်တွေထဲမှာ ဖိုးစိတ်တိုတို့၊ မျောက်ညိုတို့၊ ခင်မောင်သိန်းထွန်းဝင်းတို့ကို သောတရှင်တွေ မှတ်မိကြပါရဲ့လား။ အဲ့ဒီကာတွန်းဇာတ်ကောင်တွေကို ဖန်တီးတဲ့ ကာတွန်းဆရာကြီး ဦးအောင်ရှိန် ဒီကနေ့ နေ့ခင်းမှာပဲ ကွယ်လွန်သွားပါတယ်။

အသက် ၈၆ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တဲ့ ဆရာကြီးဟာ မကွယ်လွန်မီ ၁၀ နှစ်လောက်တည်းက ကာတွန်းတွေ မရေးနိုင်တော့ပေမဲ့ သူကွယ်လွန်တာဟာ ပူဇော်ခံ စင်မြင့်ပေါ်က ဆရာတဆူ လျော့ပါးသွားတာ ဖြစ်တယ်လို့ ဆရာအော်ပီကျယ်က သုံးသပ်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် ကိုမိုးဇော် သတင်းပေးပို့ခဲ့ပါတယ်။

ကာတွန်းဆရာကြီး ဦးအောင်ရှိန်ဟာ ဒီကနေ့ နိုင်ငံ့တာဝန်တွေကို ပုခုံးပြောင်း ထမ်းဆောင်နေကြတဲ့ လူလတ်ပိုင်းအရွယ်တွေ ငယ်စဉ်က အထူး နှစ်ခြိုက် ဖတ်ရှုခဲ့ရတဲ့ ဦးရှံစားနဲ့ ဦးဒိန်းဒေါင်၊ ဦးစိတ်တိုနဲ့ မျောက်ညို၊ တီထွင်မှုပါရဂူ ဖိုးဆိတ်ဖြူ၊ ဦးကပ်စီး စတဲ့ ဇာတ်ကောင်တွေကို ဖန်တီးခဲ့တဲ့သူ ဖြစ်ပါတယ်။ သူဟာ ရွှေသွေး၊ တေဇ၊ တို့ကျောင်းသား စတဲ့ ကလေးလူငယ် ပညာပေးစာစောင်တွေမှာ အဓိက ရေးသားခဲ့တာလည်း ဖြစ်ပါတယ်။

ဒီကနေ့ ဆရာကြီး ကွယ်လွန်ခဲ့တာကိုတော့ သားအငယ်ဆုံးဖြစ်သူ ဦးရဲအောင်နိုင်က အခုလို ပြောပါတယ်။

“ဒီနေ့ ၁၂ နာရီ ၂၀ က ဆုံးသွားတာခင်ဗျ။ ဒီနေ့နေ့လည် ၁၂ နာရီ မိနစ် ၂၀ မှာ ဆုံးသွားတာခင်ဗျ။ ရန်ကုန်ဆေးရုံကြီးမှာ။ ၁၂ နာရီမှာ ဆေးရုံတင်၊ ၁၂ - ၁၅ လောက်မှာ အမောဖောက်ပြီး မိနစ် ၂၀ မှာ ဆုံးသွားတာခင်ဗျ။ လူကြီးရောဂါလို့ပဲ ပြောရမှာပေ့ါ။”

ဦးအောင်ရှိန်ဟာ မြန်မာသက္ကရာဇ် ၁၂၉၀ ခု (ခရစ်နှစ် ၁၉၂၇)မှာ ဧရာဝတီတိုင်း ပုသိမ်မြို့မှာ အဖ ဦးမောင်ကွန်းနဲ့ အမိ ဒေါ်သန်းရင် တို့က မွေးဖွားခဲ့တာဖြစ်ပါတယ်။ ဆရာကြီး ဦးအောင်ရှိန်ဟာ ငယ်စဉ်တည်းက အိမ်နံရံနဲ့ ကြမ်းပြင်တွေမှာ အရုပ်တွေ ရေးဆွဲလေ့ရှိပြီး သူဟာ ဝမ်းတွင်းပါ ကာတွန်းဆရာ ဖြစ်တယ်လို့လည်း မြန်မာကာတွန်းဆရာများ ၁ စာအုပ်မှာ ပါဝင် ကျနော့်ကာတွန်းဘ၀ စလယ်ဆုံး ဆိုတဲ့ သူကိုယ်တိုင်ရေး ဆောင်းပါးမှာ ရေးသားခဲ့ဖူးပါတယ်။

ငယ်စဉ်ကျောင်းသားဘဝမှာ ပန်းချီဆရာ ဦးအေးကြည်ဆီမှာ ပန်းချီပညာကို သင်ယူခဲ့သလို ထင်ရှားတဲ့ ကာတွန်းဆရာကြီးတွေဖြစ်တဲ့ ဦးဘဂျမ်းနဲ့ ဦးဟိန်းစွန်းတို့ရဲ့ ကာတွန်းတွေကိုလည်း ကူးယူလေ့ကျင့်ခဲ့တယ်။ အဖ ဦးမောင်ကွန်းဟာ တချိန်က ထင်ရှားခဲ့တဲ့ ကာတွန်းဆရာ ဦးဘကလေး ခေါ် (ရွှေတလေး) နဲ့လည်း ဆွေမျိုးမကင်းကြောင်း သူ့ရဲ့ဆောင်းပါးမှာ ရေးသားခဲ့ပါတယ်။

ကာတွန်း ဦးအောင်ရှိန်ဟာ ကာတွန်းတွေ ရေးဆွဲပြီး လက်မှတ်ရေးထိုးရာမှာတော့ သူ့လက်မှတ်အောက်မှာ အိမ်မြှောင်ရုပ်ကလေး တရုပ် ဖော်ပြတာဟာလည်း အဲဒီအချိန်က လူငယ်တွေကြားမှာ အမှတ်ထားမိစရာတခု ဖြစ်ပါတယ်။ ဒီအကြောင်းကိုတော့ သားဖြစ်သူ ဦးရဲအောင်နိုင်က အခုလို ပြောပါတယ်။

“သူက ငယ်ငယ်တုန်းက ပုသိမ်မှာပေါ့နော် ရေချိုးနေရင်းနဲ့ သူက အိမ်မြှောင်ကို စတွေ့တာ။ အဲ့ဒီအိမ်မြှောင်က သူ့ကိုယ်ပေါ် ပြုတ်ကျတာ။ ပြုတ်ကျပြီးမှ သူ တော်တော်လေး လန့်သွားတယ်။ အဲ့ဒါကို သူ အမှတ်ရထားပြီးတော့ အိမ်မြှောင်ရုပ်လေးကို သူ့ရဲ့ Logo အဖြစ်နဲ့ သုံးထားတာခင်ဗျ။”

ထင်ရှားတဲ့ ကာတွန်းဆရာ အော်ပီကျယ်ကတော့ ဆရာကြီး ဦးအောင်ရှိန် ကွယ်လွန်တဲ့အပေါ် အခုလို ပြောပါတယ်။

“ဆရာက ရုပ်ပြကာတွန်းမှာကတော့ ဗမာပြည်မှာ တကယ့်ကို ဖခင်တယောက်ပဲ။ နောက် သူ မွေးထားတဲ့ဇာတ်ကောင်တွေကလည်း ကျနော်တို့ ရေတောင် မရေတွက်နိုင်ဘူး။ ခင်ဗျားတို့သိတဲ့ ဦးစံရှား၊ ဦးဒိန်းဒေါင်၊ ဦးစိတ်တို၊ မျောက်ညို၊ တီထွင်ပါရဂူ ဖိုးဆိတ်ဖြူတို့ အများကြီးပါပဲ။ ကျနော်တို့က ဒီ ဗမာပြည်မှာဆိုရင် ဆရာကြီး ဦးအောင်ရှိန်ကို ဗမာပြည်က Walt Disney လို့တောင် ပြောကြတာကိုး။ နောက် ကျနော်တို့ ငယ်ငယ်ကတော့ သူဆွဲခဲ့တဲ့ ရုပ်ပြပေါင်းများစွာ ကျနော်တို့အတွက် အင်မတန် ဖတ်စရာတွေ အများကြီး ရခဲ့တာပေါ့။ ဒီဘက် ၄၊ ၅၊ ၁၀ နှစ်လောက်ရှိပါပြီ။ ဆရာ စာအုပ်တွေလည်း မထုတ်နိုင်တော့ဘူး။ ရေးလည်းမရေးနိုင်တော့ဘူးပေါ့။ အဲ့တော့ ဆရာကြီး ဆုံးသွားတော့ဗျာ ကျနော်တို့ကတော့ ကိုယ်ကြည်ညိုလေးစားပြီးတော့ သံဃာစင်ပေါ်ထားတဲ့ ဆရာကြီးတယောက် ထပ်လျော့သွားတာပေါ့။”

ဦးအောင်ရှိန်က သူ့ရဲ့ ကာတွန်းဘ၀ စလယ်ဆုံးဆိုတဲ့ ဆောင်းပါးမှာ ရေးသားခဲ့တဲ့ အချက်တွေက အမှတ်တရ မှာကြားခဲ့တဲ့ စကားကိုတော့ ဆရာအော်ပီကျယ်က အခုလို ဆက်ပြောပါတယ်။

“ဆရာ့ရဲ့ အဆိုအမိန့်လေး ဒီစာအုပ်ထဲမှာ တွေ့တာကတော့ ကာတွန်းဆွဲတဲ့အခါမှာ အကျိုးမပြုနိုင်ရင်တောင် အကျိုးမယုတ်စေဖို့ပါပဲတဲ့။ နောက် သူ လူငယ်တွေ ပြောတာကတော့ ကာတွန်းအပေါ်ကို ဘယ်လောက် မြတ်နိုးတယ်ဆိုတဲ့ အသိစိတ်ကို တင်းတင်းထားတဲ့ ဇွဲမလျှော့နဲ့တဲ့။ အောင်မြင်တဲ့တနေ့ကို ရလာမှာပါတဲ့။ အဲ့ဒါပါပဲ။”

ကာတွန်းဆရာကြီး ဦးအောင်ရှိန် ကွယ်လွန်ချိန်မှာတော့ သားသမီး ၁၀ ယောက် ကျန်ရစ်ခဲ့ပါတယ်။ သူ့ရဲ့ ဈာပနကိုတော့ သောကြာနေ့ ညနေ ၃ နာရီမှာ ရေဝေး သုသာန်မှာ သင်္ဂြိုလ်မှာ ဖြစ်ပါတယ်။
XS
SM
MD
LG