သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀နဲ့ မိုင်းလား ငြိမ်းချမ်းရေး ညီလာခံတက်ဖို့ မသေချာ


တနိုင်ငံလုံး အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးစဉ်။ (အောက်တိုဘာ ၁၅၊ ၂၀၁၅)
တနိုင်ငံလုံး အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးစဉ်။ (အောက်တိုဘာ ၁၅၊ ၂၀၁၅)

လာမယ့်နှစ် ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို တက်ရောက်ဖို့အတွက် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီက ဝနဲ့ မိုင်းလားအဖွဲ့တွေကို ဖိတ်ကြားထားပေမဲ့ ဒီနှစ်ဖွဲ့ကတော့ တက် မတက် မဆုံးဖြတ်ရသေးပါဘူး။ လောလောဆယ်မှာ NCA (ခေါ်) တနိုင်ငံလုံး အပစ်ရပ်စာချုပ် လက်မှတ်မရေးထိုးသေးတဲ့ အဖွဲ့ ၁၁ ဖွဲ့ကိုလည်း ဒီညီလာခံကို ဖိတ်ကြားဖို့ ရှိနေပြီး လက်မှတ်မထိုးသေးတဲ့ အဖွဲ့တွေကတော့ အကုန်လုံးကို မဖိတ်ကြားရင် တက်ရောက်မယ့် အခြေအနေ မရှိကြောင်း ပြောဆိုပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းက ကိုမိုးဇော်က တင်ပြထားပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ဦးသိန်းဇော် ခေါင်းဆောင်တဲ့ အဖွဲ့ဟာ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP နဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ ၄ က အမျိုးသား ဒီမိုကရေစီ သွေးစည်းညီညွတ်ရေး တပ်ဖွဲ့ (NDAA) ခေါင်းဆောင်တွေကို ပန်ဆန်းနဲ့ မိုင်းလားမှာ သွားရောက်တွေ့ဆုံခဲ့ပြီး လာမယ့် လမှာ ကျင်းပမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို တက်ရောက်ဖို့ ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။

ဒီဖိတ်ကြားချက်နဲ့ ပတ်သက်ပြီး အထူးဒေသ(၄) NDAA အဖွဲ့ အထွေထွေအတွင်းရေးမှုး ဦးကြည်မြင့်က အခုလို ပြောဆိုပါတယ်။

“သူတို့ လာဖိတ်တာတော့ မှန်ပါတယ်။ ဒါကျနော်တို့ ဆွေးနွေးနေတာပါ။ ဆုံးဖြတ်ချက်မချသေးဘူး။”

ဒီတွေ့ဆုံဆွေးနွေးပွဲမှာပဲ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးဖို့ အစိုးရကိုယ်စားလှယ်ဘက်က တိုက်တွန်းပေမဲ့ ပါဝင်လက်မှတ်ရေးထိုးမယ့် အဖွဲ့တွေ အားလုံးမပါဝင်တာကြောင့် လက်မှတ်မရေးထိုးနိုင်သေးကြောင်း ဆက်ပြောပါတယ်။

“အဲဒီ NCA နဲ့ ကတော့ မပြည့်စုံဘူးလေ။ အားလုံးပါဝင်သင့်ပါတယ်။ အနည်းဆုံးကတော့ အများစု ပါဝင်ရမှာ။ တကယ် အမှန်ကတော့ တော်တော်များများ မပါဝင်နိုင်ဘူးလေ။ မပါဝင်နိုင်ဘူးဆိုတော့ အဲဒါမျိုးမပြည့်စုံဘူးပေါ့။ ကျနော်တို့ လောလောဆယ် မထိုးနိုင်လို့ပါ။”

ဦးသိန်းဇော် အပါအဝင် ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း၊ ဦးခင်မောင်စိုး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ တြိဂံတိုင်း စစ်ဌာနချုပ်နဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှုးတွေ ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ပန်ဆန်းမြို့မှာ ဒီလ ၁၉ရက်နေ့က UWSA ဒုဥက္ကဌ ဦးရှောင်မင်းလျံနဲ့ ဒုတိယ အထွေထွေ အတွင်းရေးမှုးချုပ်တို့နဲ့ တွေ့ဆုံ့ခဲ့သလို ၂၀ ရက်နေ့မှာတော့ မိုင်းလားမြို့မှာ NDAA ဥက္ကဌ ဦးစိုင်းလင်း၊ ဒုဥက္ကဌ ဦးစန်ပေ့တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်။

UWSA အဖွဲ့က တာဝန်ရှိသူတဦးကတော့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ တက်မတက်ကို မဆွေးနွေးရသေးဘူးလို့ ပြောပါတယ်။

“အခုက ထိုးမထိုးမသိသေးတာရယ် ဆွေးနွေးပွဲကို မရှင်းလင်းဘူးဆို သွားမသွားက အခုကမသိဘူးလေ။”

ဝနဲ့ မိုင်းလားအဖွဲ့ဟာ NCA လက်မှတ် မရေးထိုးသေးတဲ့ အဖွဲ့တွေ ဖြစ်သလို အစိုးရက လက်မှတ်ရေးထိုးဖို့ ဖိတ်ကြားပြီး လက်မှတ်မရေးထိုးသေးတဲ့ အဖွဲ့ ၇ ဖွဲ့မှာ ပါဝင်ပါတယ်။

လာမယ့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကိုတော့ NCA ကို လက်မှတ် မရေးထိုးသေးတဲ့ အဖွဲ့ ၁၂ ဖွဲ့အနက်က ၁၀ ဖွဲ့လောက်ကို အစိုးရဘက်က ဖိတ်ကြားဖို့ ရှိနေကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) က အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက ပြောပါတယ်။

“အစိုးရရဲ့ ပေါ်လစီကတော့ ကျတော်တို့ Bilateral ထိုးထားတဲ့ ၁၅ ဖွဲ့ရှိပါတယ်။ အဲဒီ ၁၅ ဖွဲ့မှာ ၈ ဖွဲ့က လက်မှတ်ထိုးထားပြီ။ သူတို့က တက်ရောက်မှာဖြစ်တယ်။ ကျန်တဲ့ Bilateral ထိုးထားတဲ့ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့ ၇ ဖွဲ့ရှိ တယ်။ အဲဒီ ၇ ဖွဲ့ကို ဖိတ်ကြားမယ်ဆိုတဲ့ မှုဝါဒရယ်၊ နောက်ထပ်ပေါ့လေ ကျနော်တို့ သြဂုတ်လ ၄ ရက်နေ့တုန်းက တိုင်းရင်းသားခေါင်းဆောင်တွေ နိုင်ငံတော်သမ္မတနဲ့တွေ့တုန်းက ANC ၊ WNO၊ LDU အဲဒီ ၃ ဖွဲ့ကို ဖိတ်ကြားမယ်ဆိုတဲ့ အဲဒီအနေအထားမျိုးတော့ အစိုးရရဲ့ပေါ်လစီ အနေနဲ့ ကျနော်နားလည်ပါတယ်။”

ဖိတ်ကြားမှု အသေးစိတ်ကိုတော့ ညီလာခံ ကျင်းပရေးကော်မတီ အဖွဲ့ဝင်တွေ လာမယ့်လ ၅ ရက်နေ့မှာ ဆွေးနွေးဆုံးဖြတ်ဖို့ ရှိနေပါတယ်။ ၁၀ ဖွဲ့ကိုသာ ဖိတ်ကြားမယ်ဆိုရင် ပလောင်နဲ့ ကိုးကန့်လက်နက်ကိုင်အဖွဲ့တွေ ပါဝင်မယ့် အခြေအနေမရှိပါဘူး။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ စုဖွဲ့ထားတဲ့ ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ (UNFC) ရဲ့ အတွင်းရေးမှုး ၂ ဦးထွန်းဇော်ကတော့ ညီလာခံ တက်မတက် မဆုံးဖြတ်သေးကြောင်းနဲ့ သူတို့ရဲ့ ရပ်တည်ချက်ကို အခုလို ပြောပါတယ်။

“လောလောဆယ် ကျနော်တို့ အဲဒီကိစ္စကို မပြောနိုင်သေးဘူးခင်ဗျာ။ UNFC ကတော့ အတူတကွရပ်တည်ဖို့သဘောထားပဲရှိပါတယ်။”

ဒီကနေ့မှာတော့ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့ ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေ နေပြည်တော်မှာ တွေ့ဆုံပြီး ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းရပ်တွေနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံဆိုင်ရာ လုပ်ငန်းရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။

XS
SM
MD
LG