သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းလွတ်လပ်ခွင့် တိုးပေးဖို့ ပြည်တွင်းမီဒီယာတောင်းဆို


စိစစ်ရေးက တင်းတင်းကျပ်ကျပ် ထိန်းချုပ်တာမျိုး မရှိတော့ဘူး ဆိုပေမဲ့လည်း ကန့်သတ်ချက်တွေကတော့ သိသိသာသာကို ရှိနေတုန်းပါပဲ။ နေ့စဉ်ထုတ် ပုဂ္ဂလိကသတင်းစာတွေ မရှိသေးဘဲ သတင်းစာ ထုတ်ဝေခွင့်ကို နိုင်ငံပိုင်အဖြစ် ချုပ်ကိုင်ထားဆဲရှိပါတယ်။
စိစစ်ရေးက တင်းတင်းကျပ်ကျပ် ထိန်းချုပ်တာမျိုး မရှိတော့ဘူး ဆိုပေမဲ့လည်း ကန့်သတ်ချက်တွေကတော့ သိသိသာသာကို ရှိနေတုန်းပါပဲ။ နေ့စဉ်ထုတ် ပုဂ္ဂလိကသတင်းစာတွေ မရှိသေးဘဲ သတင်းစာ ထုတ်ဝေခွင့်ကို နိုင်ငံပိုင်အဖြစ် ချုပ်ကိုင်ထားဆဲရှိပါတယ်။
မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တွေ ပိုပြီးရလာတော့မယ် ဆိုတဲ့ မျှော်လင့်ချက်တွေဟာ အများပြည်သူကြားထဲမှာရော၊ စာနယ်ဇင်းလောကမှာပါ မြင့်မားလာနေပါတယ်။ ပြည်တွင်းမှာ ထုတ်ေ၀ တဲ့ ပုဂ္ဂလိက စာနယ်ဇင်းတွေ အနေနဲ့ သူတို့ရဲ့စာစောင်တွေကို စာဖတ်သူလက်ထဲအရောက် မထုတ်ဝေခင်မှာ စာပေစိစစ်ရေး အဖွဲ့ဆီတင်ပြီး ခွင့်ပြုချက်ယူစရာမလိုတော့ဘူးလို့ တာဝန်ရှိသူတွေက ပြောခဲ့ပြီးတဲ့နောက်ပိုင်း အခုလို မျှော်လင့်ချက်တွေ ပိုပြီး မြင့်မားလာတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် သတင်းလွတ်လပ်ခွင့် ပိုပေးဖို့ကိုလည်း ဆက်ပြီး တောင်းဆိုနေကြပါတယ်။ ဒီအကြောင်းကိုတော့ ကိုကျော်ကျော်သိန်းက အပြည့်အစုံ ဆက်ပြောပြပါမယ်။

စာနယ်ဇင်းတွေအနေနဲ့ မထုတ်ဝေခင် စိစစ်ရေးရဲ့ခွင့်ပြုချက် အရင်ယူရမယ်ဆိုတဲ့ ရာစုနှစ် ထက်ဝက်နီးပါး တင်းတင်း ကျပ်ကျပ် ချုပ်ကိုင်ထားခဲ့တာကို မြန်မာတာဝန်ရှိသူတွေက ဖြေလျှော့ပေးခဲ့အပြီး နောက်တရက် အင်္ဂါနေ့မှာပဲ သတင်း လွတ်လပ်ခွင့် ပိုပေးဖို့အတွက် နှိုးဆော်လိုက်ကြတာဖြစ်ပါတယ်။

“ အရေးပါတာပေါ့။ ကျနော်တို့ စာပေတင်မဟုတ်ဘူးဗျ။ အဓိက ကျနော်တို့ရုပ်ရှင်ကားတွေရော ဗီဒီယိုတွေရော သီချင်းတွေရော သီချင်းသမားလည်းပဲ စိစစ်ရေးတို့ ဆင်ဆာတို့ရှိသေးတယ်။ ဒီဟာတွေဟာ လွတ်လွတ်လပ်လပ်ဖြစ်သွားတယ်ဆိုလို့ရှိရင် အရုပ်ကအစပေ့ါဗျာ။ ရုပ်သံမီဒီယာတွေကလည်း လွတ်လွတ်လပ်လပ်ဖြစ်လာမယ်ဆိုရင် လုပ်ခွင့်တွေအများကြီးဖြစ်လာမယ်။ ကျနော်တို့ ကြိုဆိုပါတယ်။”

အသက် ၅၅ နှစ်အရွယ် ဦးအောင်သန်း ပြောသွားတာပါ။

အရင်တုန်းကဆိုရင် သီချင်း၊ စာအုပ်စာစောင်၊ ကာတွန်း၊ သတင်းနဲ့ ပန်းချီပန်းပုအနုပညာလက်ရာ ဘာတခုမှ စိစစ်ရေးရဲ့ ခွင့်ပြု ချက်မရဘဲ ပုံနှိပ်ထုတ်ဝေတာ၊ အများပြည်သူကို ပြသတာမျိုး လုပ်လို့မရခဲ့ပါဘူး။ အာရှတိုက်မှာ နိုင်ငံသားတွေရဲ့အခွင့်အရေး ကို အဖိနှိပ်ဆုံး နိုင်ငံတခုအဖြစ် နာမည်ဆိုးနဲ့ ထင်ရှားခဲ့တာဖြစ်ပြီး ပုံနှိပ် ထုတ်ေ၀ ဖြန့်ချိ ပြသတာတွေမှာ နိုင်ငံရေးနဲ့ပတ်သက် တာတွေ ပါသလားဆိုတာကို စေ့စေ့စပ်စပ် စိစစ်ပြီးတော့ တည်းဖြတ်ခဲ့တာဖြစ်ပါတယ်။ အခုတော့ ဘယ်သူမှ မျှော်လင့် မထားနိုင် လောက်အောင်ကိုပဲ အခြေအနေက ပြောင်းပြန်လိုဖြစ်နေပါပြီ။

“ဒီလိုသာ သတင်းမီဒီယာတွေအပေါ်မှာ ပွင့်ပွင့်လင်းလင်းနဲ့ရေးသားခွင့်ရရင် ကျနော်တို့တိုင်းပြည်ဟာ တဖြေးဖြေးနဲ့ တိုးတက်လာမှာကို မျှော်လင့်ထားတယ်။ တိုးတက်မူတွေရလာမယ်။ ပြည်သူနဲ့အစိုးရကြားမှာ ဆက်စပ်မူတွေရှိလာမယ်။ မြင်သာထင်သာလာတဲ့အခါ ပြည်သူတွေအတွက် ဝမ်းသာစရာကတော့ ရှေ့အလားအလာမှာ တိုင်းပြည်ကောင်းစားမှာကို မြင်နေရတာပေါ့။”

အသက် ၅၆ နှစ်အရွယ် ဦးအောင်ထက်ရဲ့ မျှော်လင့်ချက်ကို ကြားခဲ့ကြရတာပါ။

စာနယ်ဇင်းလောကဆိုင်ရာ အပြောင်းအလဲတွေဟာ ပြီးခဲ့တဲ့နှစ်ဇွန်လကတည်းက အခြေ စတည်ခဲ့တာလို့ ဆိုရမှာဖြစ်ပါတယ်။ အဲဒီအချိန်က မြန်မာနိုင်ငံမှာထုတ်ဝေနေတဲ့ ပုဂ္ဂလိက ဂျာနယ်နဲ့မဂ္ဂဇင်း ထက်ဝက်လောက်ကို စာပေစိစစ်ရေးဆီ ကြိုတင်စရာ မလိုဘဲ ထုတ်ဝေခွင့် စပြီး ခွင့်ပြုခဲ့တာပါ။ ဒါပေမဲ့လည်း ပုဂ္ဂလိကအနေနဲ့ နေ့စဉ်ထုတ်သတင်းစာတွေကို ခုချိန်ထိ ထုတ်ဝေခွင့်မရသေးသလို ကာလရှည်ကြာရှိနေခဲ့တဲ့ ကိုယ့်ဖာသာကိုယ် စိစစ်တည်းဖြတ်တာမျိုးကလည်း ဆက်ရှိနေဆဲပါ။

ဒီအခြေအနေအောက်မှာပဲ The Voice Weekly ဂျာနယ်ရဲ့ အယ်ဒီတာချုပ် ကိုကျော်မင်းဆွေကတော့ လွတ်လပ်ခွင့် ပိုရလာ တော့မယ်ဆိုတဲ့ မျှော်လင့်ချက် ရှိနေပါတယ်။

“မြန်မာမီဒီယာအားလုံး သိပ်မကြာခင်မှာပဲ သတင်း လွတ်လပ်ခွင့် ရလာလိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။ ကျနော်ဆိုလိုတာက လုံး၀ လွတ်လပ်တာမျိုးပါ။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ဆိုလိုတာပါ။ ဒီကိစ္စက ၂၀၀၈ ခုနှစ် အခြေခံဥပဒေထဲမှာ ပြဌာန်းထားပြီးသားပါ။ အခြေခံဥပဒေအရ ဆိုရင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုတာ နိုင်ငံသားအားလုံးရဲ့ အခြေခံအခွင့်အရေးဖြစ်ပါတယ်။”

ပြင်သစ်နိုင်ငံအခြေစိုက် နယ်စည်းမခြားသတင်းထောက်များအဖွဲ့ RSF ရဲ့ သတ်မှတ်ချက်အရ မြန်မာနိုင်ငံရဲ့ သတင်း လွတ်လပ် ခွင့်အဆင့်ဟာ နိုင်ငံပေါင်း ၁၇၉ နိုင်ငံထဲ ၁၆၉ မှာ ရှိနေပါတယ်။ စိစစ်ရေးက တင်းတင်းကျပ်ကျပ် ထိန်းချုပ်တာမျိုး မရှိတော့ဘူး ဆိုပေမဲ့လည်း ကန့်သတ်ချက်တွေကတော့ သိသိသာသာကို ရှိနေတုန်းပါပဲ။

နေ့စဉ်ထုတ် ပုဂ္ဂလိကသတင်းစာတွေ မရှိသေးဘဲ သတင်းစာထုတ်ဝေခွင့်ကို နိုင်ငံပိုင်အဖြစ် ချုပ်ကိုင်ထားဆဲရှိပါတယ်။ ပြည်ပ အခြေစိုက်သတင်းမီဒီယာတွေဟာ ရန်တိုက် သွေးထိုးပေးနေသူတွေ၊ လေလှိုင်းသံ လူသတ်သမားတွေ စသည်အားဖြင့် အစိုးရ သတင်းစာတွေရဲ့ နောက်ဆုံးစာမျက်နှာမှာ စာလုံးမည်းကြီးတွေနဲ့ ဖော်ပြခဲ့တာကို ရပ်ခဲ့တာ ပြီးခဲ့တဲ့နှစ်ကမှပါ။

အဲဒီနောက်မှာတော့ ၁၉၆၂ ခုနှစ်ကတည်းကနေဆိုရင် အသိသာ အထင်ရှားဆုံး အပြောင်းအလဲတွေကိုစစ်ဗိုလ်ချုပ်ဟောင်း တွေဦးဆောင်တဲ့ မြန်မာအစိုးရက ဖော်ဆောင်လာခဲ့ပါတယ်။ အပြောင်းအလဲတွေထဲမှာ ရွေးကောက်ပွဲတွေလုပ်တာ၊ ဆန္ဒပြပွဲ တွေကိုခွင့်ပြုတာ၊ နိုင်ငံရေးအကျဉ်း သားတွေကို လွှတ်ပေးတာတွေလည်း ပါဝင်ခဲ့ပါတယ်။

အဲဒီအချိန်ကတည်းကစလို့ ပြည်တွင်းထုတ်စာနယ်ဇင်းတွေဟာ သူတို့အပေါ် ကန့်သတ်ချက်တွေကို တဖြည်းဖြည်း သွေးတိုး စမ်း ကျော်လွှားခဲ့ကြပြီးဘယ်တုန်းကမှမမြင်ခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်ပုံတွေကို စာနယ်ဇင်းတွေရဲ့ မျက်နှာဖုံးမှာကို ပဲ တွေ့လာခဲ့ကြရသလို အစိုးရအပေါ် ဝေဖန်သူတွေရဲ့ သဘောထားတွေကို ဖော်ပြခဲ့ကြပါတယ်။

အဲဒီအခြေအနေဟာ လွန်ခဲ့တဲ့နှစ်လည်ပိုင်း မတိုင်ခင်တုန်းကဆိုရင် တွေးကြည့်လို့တောင် မရခဲ့ပါဘူးလို့ စာနယ်ဇင်း အယ်ဒီတာတွေက ပြောကြပါတယ်။
XS
SM
MD
LG