သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ဗဟိုဘဏ် ထင်သာမြင်သာရှိဖို့ ကြိုးပမ်းမည်


myanmar central bank
myanmar central bank

မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနဲ့ နိုင်ငံတနိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့ ငွေကြေးဆိုင်ရာနဲ့ တနိုင်ငံလုံးမှာ လည်ပတ်နေတဲ့ ငွေရေးကြေးရေးစနစ် တည်ငြိမ်ရေးဆိုင်ရာ အစီရင်ခံစာတွေကို နှစ်စဉ် တရားဝင် ပြည်သူတွေကို ထုတ်ပြန်ပေးသွားမယ်လို့ ဗဟိုဘဏ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အခုလို အမေရိကန်ဒေါ်လာဈေး တရိပ်ရိပ် တက်နေတဲ့အချိန်မှာ ဗဟိုဘဏ်ရဲ့ ငွေကြေးလည်ပတ်မှု ဆိုင်ရာတွေဟာ သတင်းထုတ်ပြန်မှု၊ ပွင့်လင်းမြင်သာမှု အားနည်းနေတယ်လို့ ဝေဖန်ခံနေရတာတွေ ရှိပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မမေခ က သတင်းပေးပို့ထားပါတယ်။

ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ လှည်းကူးမဲဆန္ဒနယ်က ဦးဖြိုးမင်းသိန်းက မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနဲ့ ဥပဒေပါ ပြဋ္ဌာန်းချက်နဲ့အညီ ပြည်ထောင်စုလွှတ်တော်ကို အစီရင်ခံစာ တင်ပြခဲ့ခြင်းနဲ့ နိုင်ငံတော် ငွေကြေးမူဝါဒ၊ ငွေရေးကြေးရေး တည်ငြိမ်ရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု သတင်း အချက်အလက်များကို အများပြည်သူများ သိရှိစေရန်အတွက် ထုတ်ပြန်ကြေညာဖို့ အစီအစဉ် ရှိ မရှိကို မေးမြန်းခဲ့ပါတယ်။ ဒီလိုမေးမြန်းခဲ့တာကို ဗဟိုဘဏ်ဒုဥက္ကဌ ဒေါ်ခင်စောဦးက အခုလို ဖြေကြားခဲ့တာပါ။

“ငွေကြေးဆိုင်ရာ အစီရင်ခံစာ monetary report နဲ့ ငွေရေးကြေးရေး တည်ငြိမ်မှုဆိုင်ရာ အစီရင်ခံစာ financial stability report ၂ ခုကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်က လွှတ်တော်သို့ တင်ပြအစီရင်ခံခြင်းကို ဆောင်ရွက်ပြီးတဲ့နောက်မှာ အများပြည်သူသိရှိစေရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ website မှာ တင်ပြထားမယ်ဖြစ်ပြီးတော့ အခါအားလျော်စွာ လိုအပ်ပါက သတင်းစာရှင်းလင်းပွဲများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တင်ပြအပ်ပါတယ်။”

အခုလို ထုတ်ပြန်မယ့် ငွေကြေးဆိုင်ရာ အစီရင်ခံစာမှာ နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးမှုအခြေအနေ၊ ပြည်ပကုန်သွယ်မှုအခြေအနေ၊ ငွေကြေးဖောင်းပွမှု အခြေအနေ၊ စုဆောင်းမှု၊ ချေးငွေနဲ့ ငွေကြေးပမာဏအခြေအနေ၊ နိုင်ငံခြားငွေ လဲလှယ်နှုန်းနဲ့ နိုင်ငံခြားငွေ သီးသန့်ရန်ပုံငွေ အခြေအနေ စတာတွေ ပါဝင်မှာဖြစ်ပြီး ငွေရေးကြေးရေးစနစ် တည်ငြိမ်ရေးဆိုင်ရာ အစီရင်ခံစာမှာတော့ ငွေရေးကြေးရေးစနစ် တည်ငြိမ်ရေးအခြေအနေသုံးသပ်မှု၊ ငွေကြေးကဏ္ဍ တိုးတက်ဖြစ်ပေါ်မှုများ၊ ငွေပေးချေမှုနဲ့ စာရင်းရှင်းလင်းမှု တိုးတက်ဖြစ်ပေါ်မှုများ၊ ကြီးကြပ်စစ်ဆေးရေးနဲ့ ကြပ်မတ်မှုဆိုင်ရာ တိုးတက်ဖြစ်ပေါ်မှုများ စတာတွေ ပါဝင်မယ်လို့ ဒေါ်ခင်စောဦးက ပြောပါတယ်။ လှည်းကူး မဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက လတ်တလောမှာ ငွေရေးကြေးရေး လည်ပတ်မှုကဏ္ဍဟာ အရေးကြီးလျက် ရှိတဲ့အတွက် ဒီအစီရင်ခံစာတွေကို ပြည်သူတွေ သိရှိဖို့လိုကြောင်း၊ လတ်တလော ငွေရေးကြေးရေးကဏ္ဍ လည်ပတ်မှုကို ကိုင်တွယ်နိုင်ဖို့အတွက် တိကျတဲ့စာရင်း ရရှိဖို့ လိုအပ်နေပြီလို့ ပြောဆိုလိုက်ပါတယ်။

“ယနေ့ကာလဟာ မြန်မာနိုင်ငံမှာ ငွေရေးကြေးရေး တည်ငြိမ်မှုနဲ့ ငွေကြေးတန်ဖိုး တည်ငြိမ်နိုင်မှုကိစ္စဟာ အလွန်အင်မတန် အရေးကြီးနေတဲ့ကိစ္စ ဖြစ်ပါတယ်။ ကျနော်တို့ဟာ အချက်အလက်တွေနဲ့ Data တွေမရှိဘဲနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို သုံးသပ်နိုင်ဖို့၊ မေးမြန်းနိုင်ဖို့ဆိုတဲ့ အခြေအနေတွေဟာ အလွန် အင်မတန် ခက်ခဲပါတယ်။ နောက်တချက်က ဗဟိုဘဏ်ဘက်ကနေပြီး အချက်အလက်တွေကို ပြည်ထောင်စုအစိုးရဘက်က အချက်အလက်တွေဟာ ပြည်သူ့လွှတ်တော်ဘက်ကို ရောက်ဖို့ဟာ အလွန်အင်မတန် ခက်ခဲတဲ့နေရာ ဖြစ်ပါတယ်။”

လက်ရှိ နိုင်ငံတွင်း လည်ပတ်နေတဲ့ ငွေကြေးဆိုင်ရာနဲ့ ပတ်သတ်ပြီး ဗဟိုဘဏ်အနေနဲ့က အရင်ကထက် ထိန်းချုပ်နိုင်လာပေမဲ့ အချိန်နဲ့တပြေးညီ ဖြစ်ပေါ်နေတဲ့ ငွေကြေးဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် ဗဟိုဘဏ်အနေနဲ့ ပွင့်လင်းစွာ ထုတ်ပြန် ဖြေရှင်းဖို့ လိုအပ်နေသေးကြောင်း စာရေးဆရာ စီးပွားရေးပညာရှင် ခင်မောင်ညို (ဘောဂဗေဒ) က အခုလို သုံးသပ်လိုက်ပါတယ်။

“အဲလို အစီရင်ခံစာ ထွက်မယ်ဆိုတဲ့ဟာ ကောင်းပါတယ်။ အချိန်ကာလကတော့ သူက ဘယ်လိုခွဲခြားလည်း မသိဘူးပေါ့နော်။ နှစ်ပတ်လည် အစီရင်ခံစာပဲဖြစ်ဖြစ်၊ နှစ်လယ် အစီရင်ခံစာပဲဖြစ်ဖြစ် ဒါတွေထွက်တာလည်း ကောင်းမယ်။ နောက်တခုကတော့ အခုလိုပေါ့လေ အချိန်နဲ့ တပြေးတည်း ဖြေရှင်းမယ့်နည်းတွေလား၊ ဒါမှမဟုတ် ဖြေရှင်းမယ့်နည်းတွေပေါ့ အဲဒီဟာတွေကိုလည်း အချိန်ကာလအလိုက် ထုတ်ပြန်လို့ရှိရင် ပိုကောင်းမယ်လို့ ဆရာက ယူဆတယ်။ မသိတဲ့အခါကျတော့ လူတွေက ကြုံရမယ့် အန္တရာယ်တွေကို ပိုပြီးတော့ စိုးရိမ်ကြတယ်ပေါ့နော်။ အဲတော့ ဒါမျိုးလုပ်လာတဲ့ဟာက တိုးတက်မှုတခုလို့ မြင်ပါတယ်။ ဒေါ်လာကိစ္စဆိုရင် ဘာဖြစ်လို့ ဖြစ်နေမှန်းမသိ၊ ဘယ်လိုလုပ်လို့လုပ်နေမှန်း မသိပေါ့လေ ဒါမျိုးတွေကို အခါအားလျော်စွာ ထုတ်ပြန် ရှင်းလင်းသင့်တယ်။ အဲလို ထုတ်ပြန်ရှင်းလင်းတဲ့အခါမှာလည်း အများနားလည်မယ့် သတင်းစကားတွေ ပေးသင့်တယ်လို့ ဆရာက မြင်တယ်။ ပေးသော်ငြားလည်းပဲ လူနားမလည်တဲ့ သတင်းစကားမျိုးတွေ ဖြစ်မှာကိုလည်း ဆရာက စိုးရိမ်ပါတယ်။”

အခုလို အစီရင်ခံစာ ပွင့်လင်းစွာတင်ပြဖို့ တည်ဆဲ ဗဟိုဘဏ်ဥပဒေမှာ ဖော်ပြထားခဲ့ပေမဲ့ အခုချိန်မှာသာ ထုတ်ပြန်ဖို့ လုပ်ဆောင်တာဖြစ်ပါတယ်။ ဒါပေမဲ့ ဘယ်အချိန်မှာ ပြည်သူကို တရားဝင် ထုတ်ပြန်ပေးနိုင်မယ်ဆိုတာကို တိကျစွာ ပြောဆိုခဲ့ခြင်း မရှိပါဘူး။

XS
SM
MD
LG