သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးတွေအတွက် ငြိမ်းချမ်းရေးသင်ရိုး ရေးဆွဲဖို့ ပြင်ဆင်နေပြီ


ကမ္ဘာကျော်ဟာသသိုင်းမင်းသား ဂျက်ကီချန်း UNICEF အစီအစဉ်နဲ့ ၂၀၁၂ ခုနှစ်၊ ဂျူလိုင်လကက မြန်မာပြည်အတွင်း ရောက်ရှိစဉ်။
ကမ္ဘာကျော်ဟာသသိုင်းမင်းသား ဂျက်ကီချန်း UNICEF အစီအစဉ်နဲ့ ၂၀၁၂ ခုနှစ်၊ ဂျူလိုင်လကက မြန်မာပြည်အတွင်း ရောက်ရှိစဉ်။
မြန်မာနိုင်ငံမှာ ကလေးငယ်တွေအတွက် ငြိမ်းချမ်းရေးကိုအခြေပြုတဲ့ သင်ရိုးညွှန်းတမ်းစာအုပ်တွေ ပြဌာန်းထုတ်ဝေသွားဖို့ ကုလသမဂ္ဂက ဦးဆောင်ပြီးတော့ ပြင်ဆင်နေကြပါပြီ။ လူမျိုးရေးနဲ့ ဘာသာရေးအသွင်ဆောင်တဲ့ ပဋိက္ခတွေ နောင်မဖြစ်အောင် ရှောင်ရှားနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ကုလသမဂ္ဂ ကလေး သူငယ်များ အရေးပေါ်ရန်ပုံငွေအဖွဲ့ UNICEF နဲ့ ပညာရေး ဝန်ကြီးဌာနတို့က ကမကထပြု ကျင်းပပြီးတော့ ကိုးကွယ်တဲ့ဘာသာပေါင်းစုံနဲ့ နယ်ပယ် ပေါင်းစုံက ကိုယ်စားလှယ်တွေ တက်ရောက်တဲ့ ဆွေးနွေးပွဲ တစ်ခုအတွင်း ဒီ သင်ရိုးညွှန်းတမ်းတွေ ပြဌာန်းဖို့ ကိစ္စကိုလည်း ဆွေးနွေးခဲ့ကြတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

မူကြိုပညာရေးကနေစပြီး အသက် ၈ နှစ်အောက် ကလေးငယ် သင်ကြားတဲ့ မူလတန်းပညာရေးမှာ ငြိမ်းချမ်းရေးကို အခြေခံတဲ့ သင်ခန်းစာမျိုးတွေ ပါဝင်တဲ့ သင်ရိုးညွှန်းတမ်းစာအုပ်တွေ ထုတ်ဝေဖို့အတွက် UNICEF နဲ့ မြန်မာပညာရေး ဝန်ကြီးဌာနတို့က ပူးပေါင်းလုပ်ဆောင်နေတာပါ။ အဓိကကတော့ မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ လူမျိုးရေးပဋိပက္ခတွေ ဆက်လက်မဖြစ်ပေါ်အောင်နဲ့ အနာဂတ်မြန်မာနိုင်ငံမှာ မတူကွဲပြားတဲ့ လူမျိုးစုတွေကြား ချစ်ချစ်ခင်ခင် နေထိုင်နိုင်ဖို့အတွက် ကလေးတွေကို ငယ်စဉ်ကတည်းက ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်းရဲ့ အကျိုး ကျေးဇူးတွေကို သိနားလည်အောင် သင်ကြားသွားဖို့ ရည်ရွယ်တာဖြစ်တယ်လို့ - UNICEF ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆက်သွယ်ရေးအရာရှိ ဦးရဲလွင်ဦးက ပြောပါတယ်။

“အဓိက-ကတော့ community ၂ ခုကြားမှာဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို အကြမ်းဖက်မှုတွေကို ရှောင်ရှားနိုင်ဖို့ အခုကတည်းက ကလေးတွေရဲ့ရင်ထဲမှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို သွင်းပေးနိုင်ဖို့အတွက် မူကြိုသင်ခန်းစာတွေမှာ စာအုပ်စာတန်းတွေ ပြဌာန်းဖို့ ဒီ workshop ကို ကျင်းပတာပါ။ ဒါကတော့ အဓိက ရည်ရွယ်ချက်ပါပဲ။ နောင်ဆိုလို့ရှိရင် အစိုးရမှာလည်း အသက် ၈ နှစ်အောက်ကလေးတွေပေါ့နော် မူကြိုတန်းဆိုတာ ပေါ်လာပါလိမ့်မယ်၊ အဲဒီမှာ ကျနော်တို့ UNICEF အနေနဲ့ တနိုင်ငံလုံးမှာရှိတဲ့ မူကြိုကျောင်းတွေမှာ ကလေးသူငယ်တွေကို ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးကို ဦးတည်တဲ့ ဘာသာပေါင်းစုံ ခရစ်ယာန်၊ မွတ်ဆလင်၊ ဗုဒ္ဓဘာသာ၊ ဟိန္ဒူ- နောက်ပြီးတော့ တိုင်းရင်းသားလူမျိုးစုတွေ အားလုံးပါဝင်တဲ့ အဲဒီပညာရှင်ပေါင်းစုံရဲ့ ရှုဒေါင့်တွေကနေပြီးတော့ ဆွေးနွေးကြတယ်။ ဆွေးနွေးပြီးတော့ ထွက်ပေါ်လာတဲ့ စာအုပ်စာတမ်းတွေကို UNICEF က နည်းပညာပိုင်းအနေနဲ့ပံ့ပိုးတယ်။ ငွေကြေးပိုင်းအနေနဲ့ ပံ့ပိုးတယ်။ ပံ့ပိုးပြီးတော့ ပညာရေးဦးစီးဌာနကို ပေးအပ်ပြီးတော့ တနိုင်ငံလုံးမှာရှိတဲ့ ကလေးတွေကို မူကြိုသင်ခန်းစာတွေမှာ ပြဌာန်းဖို့ လုပ်တဲ့ Workshop ပေါ့နော်။”

“Peace-Building Education” ဆိုတဲ့ခေါင်းစဉ်နဲ့ ရန်ကုန်မြို့မှာ ၅ ရက်ကြာ ပထမဆုံးအကြိမ် ကျင်းပခဲ့တဲ့ ဒီဆွေးနွေးပွဲကို မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားလူမျိုးစုဒေသတွေက ပညာရှင်တွေ၊ ပြီးတော့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေ၊ ခရစ်ယာန်သီလရှင်တွေ၊ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်တွေ စတဲ့ ဘာသာပေါင်းစုံက ပုဂ္ဂိုလ်တွေရော၊ ပြီးတော့ အစိုးရပညာရေးဝန်ကြီးဌာနနဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ကိုယ်စားလှယ်တွေ၊ နောက် ကာတွန်း ပညာရှင်တွေနဲ့ သတင်းမီဒီယာလောကလူတွေ တော်တော်များများ တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။ ဒါ့အပြင် ကလေးငယ်တွေကို ပို့ချမယ့် ဒီသင်ရိုးညွှန်းတမ်းစာအုပ်ထဲမှာ ဘယ်လိုအကြောင်းအရာတွေကို ထည့်သွင်းမလဲ၊ ကလေးတွေ စိတ်ဝင်စားမှု ရှိအောင် ဘယ်လို ဖော်ပြကြမလဲ ဆိုတာတွေကိုလည်း ဒီအလုပ်ရုံဆွေးနွေးပွဲမှာ နှီးနှောဖလှယ်ခဲ့ကြတဲ့အကြောင်း ဦးရဲလွင်ဦး က ဆက်ပြောပြပါတယ်။

“ဥပမာ အဓိကအကျဆုံးကတော့ မနေ့က Presentation ထဲမှာ ကျနော် ကြည့်လိုက်တဲ့အချိန်မျိုးမှာကျတော့ ကာတွန်းလေးတွေပေါ့နော်- ဥပမာတစ်ခုအနေနဲ့ ပြောရမယ်ဆိုရင် သစ်ပင် နှစ်ပင်ကို ကာတွန်းလေးတွေ ဆွဲထားတယ်။ သစ်ပင်နှစ်ပင်ဟာ တစ်ယောက်နဲ့တစ်ယောက် fight နေကြတယ်၊ ရန်ဖြစ်နေကြတယ်၊ ရန်ဖြစ်နေကြတော့ သူတို့အကုန်လုံး အကျိုးပျက်စီးသွားတယ်ပေါ့နော်။ အဲဒီသစ်ပင်နှစ်ပင်ဟာ ချစ်ချစ်ခင်ခင်နဲ့ နေထိုင်မယ်ဆိုလို့ရှိရင် ရာသီဥတုဒဏ်ကိုလည်း ခံနိုင်မယ်၊ သဘာဝဘေးအန္တရာယ်ကိုလည်း ရင်ဆိုင်နိုင်မယ်ဆိုတဲ့သဘောနဲ့ ငြိမ်းချမ်းရေးကို ဦးတည်ပြီးတော့ စာလေးတွေကလည်း နည်းနည်းလေး၊ ရုပ်ပုံလေးတွေနဲ့ ကလေးတွေအတွက် လုံးဝ ထင်သာမြင်သာရှိသွားတာပေါ့နော်။ အော်- ငါတို့ ချစ်ချစ်ခင်ခင် နေမယ်ဆိုလို့ရှိရင် ဘာပြဿနာမှ မဖြစ်ဘူး-ပေါ့နော်။ အဲလိုသဘောမျိုးတွေ၊ sense တွေ ရသွားအောင်ပေါ့အောင်ပေါ့နော်။ အဲလို topic တွေ အများကြီးပဲ၊ ရေးဆွဲသွားတာပေါ့နော်။”

လောလောဆယ်မှာတော့ ဒီသင်ရိုးညွှန်းတမ်းအသစ်နဲ့ပတ်သက်လို့ မူကြမ်း အဆင့်သာ ရေးဆွဲပြီးထားပြီး - အပြီးသတ် ထုတ်ဝေဖို့နဲ့ ကလေးငယ်တွေကို စတင် သင်ကြားပို့ချနိုင်ဖို့ကတော့ အနည်းဆုံး ၂ နှစ်လောက် အချိန်ယူရဦးမှာဖြစ်တယ် လို့လည်း ဦးရဲလွင်ဦးက ပြောပြပါတယ်။ လက်ရှိမှာတော့ မူကြိုကျောင်းတွေမှာ သင်ကြားနေတဲ့ ဘာသာစကား ဖွံ့ဖြိုးမှု၊ အတွေးအခေါ် ဖွံ့ဖြိုးမှုနဲ့ ပတ်သက်တဲ့ စာအုပ်တွေကိုလည်း ငွေကြေးအရရော၊ နည်းပညာပိုင်းအရပါ UNICEF က ထောက်ပံ့ပေးနေတာဖြစ်တဲ့အပြင် မြန်မာနိုင်ငံတဝှန်းက မူကြိုနဲ့ မူလတန်းသင် ဆရာ၊ ဆရာမတွေကို UNICEF က သင်တန်းတွေ ပို့ချပေးလျက် ရှိတယ်လို့ သိရပါတယ်ရှင်။
XS
SM
MD
LG