သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပံတောင်းကြေးနီမိုင်း စီမံကိန်းရပ်ထားဖို့ AI တိုက်တွန်း


မုံရွာဒေသ ကြေးနီတူးဖော်ရေးလုပ်ငန်းတွေမှာ မြန်မာနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကြီးတွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဆိုးဆိုးရွားရွား ကျူးလွန်နေတယ်လို့ လူ့အခွင့်အရေး အဖွဲ့တခုဖြစ်တဲ့ Amnesty International က ထောက်ပြ ဝေဖန်လိုက်ပါတယ်။

မြန်မာအစိုးရနဲ့အတူ မုံရွာကြေးနီစီမံကိန်းမှာ ပါဝင်ပတ်သက်နေတဲ့ ကနေဒါ Ivanhoe ကုမ္ပဏီနဲ့ တရုတ် ဝမ်ဘောင်ကုမ္ပဏီတွေရဲ့ လုပ်ငန်းတွေကို စုံစမ်းစစ်ဆေးဖို့နဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကိုင်တွယ်ဖြေရှင်းမှု မရှိသေးခင်အထိ ဒီလုပ်ငန်းတွေကို ရပ်တန့်ထားဖို့လည်း တောင်းဆိုလိုက်ပါတယ်။ အပြည့်အစုံကို မခင်ဖြူထွေးက တင်ပြထားပါတယ်။

မြန်မာ၊ ကနေဒါနဲ့ တရုတ်နိုင်ငံ ကုမ္ပဏီတွေ ပါဝင် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်တဲ့ မုံရွာကြေးနီတူးဖော်ရေး လုပ်ငန်းတွေကြောင့် ဖြစ်ပေါ်လာတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေကို ဒေသခံပြည်သူတွေက ဆယ်စုနှစ် ၂ စုကျော်လောက် ခံစားနေရတယ်လို့ဆိုပြီး ဒီအခြေအနေတွေကို အမြန်ဆုံး ရပ်တန့်ဖို့ လူ့အခွင့်အရေး အဖွဲ့တခုဖြစ်တဲ့ Amnesty International အဖွဲ့က တောင်းဆိုလိုက်တာပါ။

မုံရွာကြေးနီစီမံကိန်းနဲ့ ပတ်သက်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက စိုးရိမ်မှုတွေကို ထုတ်ဖော် ပြသနေချိန်မှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေတယ်လို့ဆိုတဲ့ မြန်မာအစိုးရအနေနဲ့ ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းတာ မရှိသေးသလို၊ ရင်းနှီးမြှုပ်နှံကြတဲ့ ကုမ္ပဏီတွေနဲ့ ပတ်သက်လို့လည်း ဥပဒေနဲ့အညီ ထိရောက်တဲ့ စောင့်ကြပ်စစ်ဆေးမှုတွေ လုပ်လာတာ မတွေ့ရသေးဘူးလို့ စီးပွားရေး လုပ်ငန်းကြီးတွေ ကျူးလွန်တဲ့ ပြစ်မှုတွေကို လေ့လာသုံးသပ်သူ Amnesty International အဖွဲ့က Meghna Abraham က ပြောပါတယ်။

“ဒီသတ္ထုတူးဖော်မှု လုပ်ငန်းကြီးဟာ မြန်မာအစိုးရအနေနဲ့ ပြုပြင် ပြောင်းလဲမှုတွေကို ဘယ်လောက်ထိ ခိုင်ခိုင်မာမာ လုပ်ဆောင်နေသလဲ ဆိုတာကို စမ်းသပ်လိုက်တာပါပဲ။ ဒီလုပ်ငန်းတွေ စတင်တဲ့အချိန်ကစလို့ ဆက်တိုက် ဖြစ်ပေါ်လာတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျမတို့ လေ့လာကြည့်ပါတယ်။ အတင်းအဓမ္မ ရွှေ့ပြောင်းခံရမှုတွေ၊ သဘာ၀ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေဟာ အချိန်အတော်ကြာ ဖြစ်နေတာပါ။ အထူးသဖြင့် နိုဝင်ဘာလ ၂၀၁၂ ခုနှစ်နောက်ပိုင်းမှာ ဒီစီမံကိန်းအပေါ် ဆန္ဒပြကြတဲ့ သံဃာတော်တွေကို မီးလောင်ဗုံးတွေ သုံးပြီး ရက်ရက်စက်စက် နှိမ်နင်းတာတွေ ရှိခဲ့ပါတယ်။ ဒီအခြေအနေတွေကို မှန်မှန်ကန်ကန် ကိုင်တွယ်ဖြေရှင်းဖို့ အစိုးရက ဘာတွေ လုပ်ခဲ့ပါသလဲ။ ကျမတို့ရဲ့ လေ့လာတွေ့ရှိမှု အရကတော့ အစိုးရဟာ အချိန်ကြာမြင့်စွာ ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကိုင်တွယ်ဖြေရှင်းခြင်း မရှိသေးဘူး ဆိုတာပါပဲ။”

ဒါ့အပြင် ၂၀၀၆-၂၀၀၇ ခုနှစ်တွေတွင်း မုံရွာကြေးနီစီမံကိန်းမှာ ရင်းနှီးမြှုပ်နှံနေတဲ့ ကနေဒါ Ivanhoe ကုမ္ပဏီအနေနဲ့ ဒီစီမံကိန်းက သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို လွှဲပြောင်းပေးဖို့အတွက် လုပ်ငန်းအဖွဲ့တခုကို ဗြိတိန်ပိုင်နက်အတွင်းမှာ ထူထောင်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်လို့လည်း ဒီလို လုပ်ဆောင်တာဟာ ကနေဒါနဲ့ ဗြိတိန်အစိုးရရဲ့ ဥပဒေတွေကို ချိုးဖောက်ခဲ့သလား ဆိုတာကို စုံစမ်း စစ်ဆေးပေးဖို့ လိုအပ်တယ်လို့ Meghna Abraham က ပြောပါတယ်။

“ဒီလုပ်ငန်းမှာ ပါဝင်ပတ်သက်နေတဲ့ နိုင်ငံခြား ကုမ္ပဏီကြီးတွေဟာ သူတို့နိုင်ငံတွေက မြန်မာအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ဒဏ်ခတ်မှု ဥပဒေတွေကို ချိုးဖောက်ခဲ့ပုံ ရတယ် ဆိုတာကိုလည်း ကျမတို့ အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။ ဒါကြောင့် ဒီကုမ္ပဏီတွေ အနေနဲ့ ဥပဒေတွေ ချိုးဖောက်မှု ရှိမရှိ ဆိုတာကို စုံစမ်းစစ်ဆေးပေးဖို့ ကနေဒါနဲ့ ဗြိတိန်အစိုးရတွေကိုလည်း ကျမတို့ တောင်းဆိုပါတယ်။”

သူတို့အဖွဲ့ရဲ့ ရှာဖွေတွေ့ရှိချက်အရ Ivanhoe ကုမ္ပဏီဟာ ကြေးနီရောင်းချလို့ရတဲ့ ငွေတွေကို လူသိရှင်ကြား လိမ်လည်ခဲ့တာ တွေ့ရပြီး၊ ဒါဟာ ကနေဒါအစိုးရရဲ့ မြန်မာအပေါ် ဒဏ်ခတ်အရေးယူမှုတွေ အသက်ဝင်နေချိန်မှာ လုပ်ဆောင်တာဖြစ်လို့ ကနေဒါ ဥပဒေကို ချိုးဖောက်ရာ ကျနိုင်တယ်လို့လည်း ထောက်ပြပါတယ်။

အနောက်နိုင်ငံတွေရဲ့ မြန်မာအပေါ် စီးပွားရေးအရ အရေးယူ ဒဏ်ခတ် ပိတ်ဆို့မှုကြောင့် Ivanhoe ကုမ္ပဏီအနေနဲ့ ၂၀၀၇ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံက ထွက်ခွာခဲ့ပြီး အဲဒီနောက်ပိုင်းမှာ တရုတ်နိုင်ငံ ဝမ်ဘောင်ကုမ္ပဏီအနေနဲ့ မြန်မာစီးပွားရေး ဦးပိုင်လီမီတက်နဲ့ ဖက်စပ်လုပ်ပြီး ၂၀၁၀ ခုနှစ်ကစပြီး ဒီ ကြေးနီစီမံကိန်းမှာ ဝင်ရောက် ရင်းနှီးမြှုပ်နှံလာခဲ့တာ ဖြစ်ပါတယ်။

စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေဟာ မြန်မာနိုင်ငံအတွက် ကူညီရာ ရောက်နိုင်ပေမဲ့လို့ ဒီကြေးနီတူးဖော်မှု လုပ်ငန်းတွေကတော့ လူထုတွေကို ထိခိုက်နစ်နာစေပြီး ကုမ္ပဏီတွေကိုသာ အကျိုး ဖြစ်ထွန်းစေခဲ့တယ်လို့ Meghna Abraham က ပြောပါတယ်။

Open for Business? Cooperate Crimes and Abuses at Myanmar Copper Mine မြန်မာ ကြေးနီတူးဖော်မှု လုပ်ငန်းတွေမှာ စီးပွားရေး ကော်ပိုရေးရှင်းကြီးတွေက ကျူးလွန်နေတဲ့ ပြစ်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုတဲ့ ခေါင်းစဉ်နဲ့ စာမျက်နှာ ၁၆၂ မျက်နှာပါ အစီရင်ခံစာကို ၁၁ လကြာ လေ့လာစုံစမ်းမှုတွေ လုပ်ခဲ့ပြီးတော့ Amnesty International အဖွဲ့က ဒီကနေ့ပဲ ထုတ်ပြန်လိုက်တာပါ။

ဒီအစီရင်ခံစာထဲမှာတော့ စစ်ကိုင်းတိုင်း မုံရွာခရိုင်တွင်းက စပယ်တောင်၊ ကြေးစင်တောင်နဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွေကြောင့် ဒေသခံတွေ နေရပ်ကနေ အတင်းအဓမ္မ ရွှေ့ပြောင်းခံရတာ၊ ဒီစီမံကိန်းတွေကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေ၊ လူမှုရေးဆိုင်ရာ သက်ရောက်မှုတွေ၊ ဒီလုပ်ငန်းတွေကို ကန့်ကွက် ဆန္ဒပြသူတွေအပေါ် ရက်စက်စွာ ဖိနှိပ်နေတဲ့ ကိစ္စတွေကို အဓိက မီးမောင်းထိုးပြထားသလို၊ မြန်မာအစိုးရ တဦးတည်းမဟုတ်ဘဲ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကြီးတွေကလည်း ဥပဒေတွေကို လေးစားလိုက်နာဖို့ ပျက်ကွက်ခဲ့ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ ပါဝင်ပတ်သက်နေတဲ့အကြောင်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ထောက်ပြထားတာဖြစ်ပါတယ်။

XS
SM
MD
LG