သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဂတိလိုက်စားမှု မြန်မာနိုင်ငံအခြေအနေဆိုးရွား


၂၀၁၂ ခုနှစ်၊ Transparency International အစီရင်ခံစာ။
၂၀၁၂ ခုနှစ်၊ Transparency International အစီရင်ခံစာ။
ကမ္ဘာအဝှမ်း အဂတိလိုက်စားမှုအခြေအနေတွေကို စစ်တမ်းယူဖော်ထုတ်နေတဲ့ Transparency International အဖွဲ့ကြီးရဲ့ နှစ်စဉ် အစီရင်ခံစာထဲမှာ အဂတိလိုက်စားမှု အခြေအနေတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံဟာ အောက်ဆုံးအဆင့်မှာပဲ ရှိနေဆဲဖြစ်ပါတယ်။ မြန်မာနိုင်ငံ မှာ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရအနေနဲ့ လာဘ်ပေးလာဘ်ယူမှုတွေကို တိုက်ဖျက်သွားမယ်လို့ ပြောထားပေမယ့် လက်တွေ့အောင်မြင်အောင် ဆောင်ရွက်ဖို့ အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့လည်း လေ့လာသူတွေက ဆိုပါတယ်။ ကိုသားညွန့်ဦးက စုံစမ်းမေးမြန်းထားပါတယ်။

Transparency International အဖွဲ့ထုတ်ပြန်တဲ့ ၂၀၁၂ ခုနှစ်အတွင်း ကမ္ဘာအနှံ့ အဂတိလိုက်စားမှု အခြေအနေ အစီရင်ခံစာထဲ မြန်မာနိုင်ငံကို အမှတ် ၁၅ မှတ်ပေးထားပါတယ်။ နိုင်ငံအလိုက် တွက်မယ်ဆိုရင် မြန်မာနိုင်ငံဟာ အခြေအနေအဆိုးဆုံးနိုင်ငံ အောက်ဆုံးကaရတွက်ရင် ၅ နိုင်ငံမြောက် ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲနဲ့ အစိုးရသစ်တက်လာပြီးနောက် အဂတိ လိုက်စားမှုတွေကို တိုက်ဖျက်သွားမယ်လို့ သမ္မတဦးသိန်းစိန်က ကတိပေးခဲ့ပေမယ့် လက်တွေ့လုပ်ဖို့ ရာမှာ အခက်အခဲတွေ ရှိနေတယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။ တည်ဆဲဥပဒေအတိုင်း လက်တွေ့ ဘယ်လို အကောင်အထည်ဖော်မလဲဆိုတဲ့ တရားဥပဒေစိုးမိုးရေး ကိစ္စရပ်လည်း ဖြစ်တယ် လို့ မြန်မာစီးပွားရေးလုပ်ငန်းရှင်လည်းဖြစ်၊ စီးပွားရေးပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူလည်းဖြစ်တဲ့ ဦးမင်းခင်က ပြောပါတယ်။

“အဂတိလိုက်စားမှု တိုက်ဖျက်မယ်ဆိုတဲ့ သူ့ဆန္ဒပေါ့နော်-Political will-ပေါ့- နိုင်ငံရေးအရ လုပ်ချင် တဲ့ ဆန္ဒကို ယုံကြည်ပါတယ်။ ကြိုးစားအားထုတ်နေတယ်လို့လည်း ပြောလို့ရတယ်။ သို့သော် ဖြစ်မြောက်မှုက တော်တော်လေး အားနည်းသေးတယ်။ လက်တွေ့ တွေ့လာရ တာက အောက်ခြေ တချို့နေရာလေးတွေမှာပဲ ထိရောက်မှုရှိတာ တွေ့ရတယ်။ နောက်တခုက ဒီ လွှတ်တော်ဘက်က ပိုပြီးတော့တောင်မှ အစိုးရဘက်နဲ့စာရင် အဂတိလိုက်စားမှုကို ပိုပြီးတော့ ထိထိရောက်ရောက် - ကိုင်တွယ်နိုင်တယ် ဆိုတာထက် ဖော်ထုတ်ရုံပေါ့လေ- အစလေးတွေ ဖော် ထုတ်ရုံလောက်ပဲ လုပ်နိုင်သေးတယ်။ ဆိုတော့ ဒါကလည်း တရားဥပဒေစိုးမိုးရေးနဲ့လည်း သွားတွဲနေတာကိုး။ တွဲနေတော့ အခုထိတော့ ထိထိရောက်ရောက် ကိုင်တွယ်နိုင်ဖို့ ကို ပြောမယ်ဆိုရင် လိုတော့ လိုသေးတယ်လို့ ပြောရမယ်ဗျ။”

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်သူ ဒေါက်တာမြတ်ဉာဏစိုးကလည်း အစိုးရအနေနဲ့ အဂတိလိုက်စားမှုတွေ တိုက်ဖျက်သွားမယ်ဆိုပေမယ့် တဘက်မှာ အရေးယူမှုတွေ ရှင်းရှင်းလင်းလင်း မတွေ့ရဘူးလို့ ပြောပါတယ်။

“အရင့်အရင် ခေတ်တွေတုန်းကထက်စာရင်တော့ အရင်ခေတ်နဲ့ ပြန်နှိုင်းကြည့်လိုက်ရင်တော့ လျော့ ကျသွားဖွယ်ရာရှိတယ်လို့တော့ ပြောလို့ရပါတယ်။ အခုဆို တိုင်ကြားဖို့ ဖုန်းနံပါတ်တွေ၊ ပြည်ထဲရေး ဝန်ကြီးဌာနပေါ့နော်။ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနကနေပြီးတော့ ဆက်သွယ်တိုင်ကြားဖို့ ဖုန်းနံပါတ်တွေကို နေ့စဉ်ထုတ် သတင်းစာတွေထဲမှာ ထည့်သွင်းပြီးတော့ ဖော်ပြထားတာ ရှိပါတယ်။ ဒါပေမဲ့ ကျနော်တို့ တချက် ပြန်ကြည့်ရမှာက ဒီလိုတိုင်ကြားတဲ့ဖြစ်စဉ်တွေ ဘယ်နှစ်ခု ရှိခဲ့ပြီလဲ၊ ရှိခဲ့ပြီးတဲ့ဖြစ်စဉ်တွေပေါ်မှာရော ဘယ်လို အရေးယူ ဆောင်ရွက်မှုတွေ ရှိနေပြီလဲ၊ လာဘ်ပေး လာဘ်ယူမှုအပေါ်မှာ ဆောင်ရွက်ခဲ့တဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ ဝန်ထမ်းတွေကို ဘယ်လိုတွေ အရေးယူပြီးပြီလဲ ဆိုတာကိုတော့ ထုတ်ပြန်တဲ့အပိုင်းက သိပ် ပွင့်လင်းမြင်သာမှု မရှိသေးဘူးလို့ မြင်ရပါတယ်ခင်ဗျ။”

တကယ်တော့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဟာ လက်ရှိ သွားနေတဲ့ မြန်မာပြုပြင်ပြောင်းလဲရေး အတွက်ပါ အရေးကြီးတယ်လို့ အစိုးရဘက်ရော၊ လွှတ်တော်ရော၊ မြန်မာ့အရေးလေ့လာသူတွေကပါ ယူဆထားကြတာပါ။ ဒါကြောင့်လည်း အဂတိလိုက်စားမှု အခြေအနေဟာ အပြောင်းအလဲအတွက်ကို စိန်ခေါ်ချက်တရပ်လိုဖြစ်နေတယ်လို့ ဦးမင်းခင်က ပြောပါတယ်။

“ဆက်ဆံရေးဘက်မှာ ပြောင်းလဲတာတော့ ကျနော်တို့တွေ့တယ်။ ----သွားတယ် ဆိုတာ မျိုးထက် စောင့်ကြည့်တယ် ဆိုတာမျိုးပေါ့။ အဲဒါမျိုး ပိုပြီး ပြောရမယ်ထင်တယ်။ တရားဥပဒေက လုပ်သင့်လုပ်ထိုက်တဲ့ အရေးယူမှု မရှိရင်တော့ နည်းနည်းလေး ပြောင်းသွားတဲ့ဟာတောင် မှ ပြန်ပြီးတော့ နဂိုရ်ပုံစံ ပြန်ဖြစ်သွားနိုင်တယ်။ ဒါက အပြောင်းအလဲအတွက် ခြိမ်းခြောက်မှုတစ်ခုပဲ။”

လွှတ်တော်ပိုင်းကလည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် ကြိုးပမ်းနေပေမယ့် အရေး ယူမှုတွေကို လက်တွေ့ဆောင်ရွက်ရမယ့် အုပ်ချုပ်ရေးပိုင်းက ပွင့်လင်းမြင်သာမှု မရှိသေးဘူးလို့လည်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက ဝေဖန်ပါတယ်။

“လွှတ်တော်တွေမှာ လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေးဥပဒေတွေကို ရေးဆွဲနေပါတယ်။ နောက် ဆုံးအဆင့်ကို ရောက်နေပါပြီ။ ဒီဥပဒေ ထွက်လာတဲ့အခါကျတော့မှ အတည်ပြုချက်ကျတယ်။ ဘယ်လို အရေးယူဆောင်ရွက်မယ်ဆိုတာက ရှိလာမှာပါ။ အခု ကျနော်တို့ဆီမှာက ရှိနေတဲ့ ဥပဒေဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကတော့ ရှိပါတယ်။ ၁၉၅၀ ကျော်- ၅၆ လောက် တုန်းက ပြဌာန်းထားတာပါ။ ဒါပေမဲ့ အဲဒါတွေကို လိုတာတွေကို ဖြည့်စွက်ပြီးတော့ ဥပဒေ အသစ် ရေးဆွဲနေပါတယ်။ နောက်တချက်အနေနဲ့ကတော့ လာဘ်ပေးလာဘ်ယူမှု ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီးတော့ မေးခွန်းတွေ မေးမြန်းတာရှိပါတယ်။ အဲဒါကို ဘယ်လို အရေးယူဆောင်ရွက်ထားမှု ရှိမရှိဆိုတာကို မေးပါတယ်။ မေးတဲ့အခါကျတော့လည်း ပြည်ထောင်စုအစိုးရဘက်ကတော့ သိပ်ရှင်းရှင်းလင်းလင်းတော့ ဖြေကြားနိုင်ခြင်း မရှိပါဘူးခင်ဗျ။”

အခုလိုမျိုး လွှတ်တော်ပိုင်းက ဆောင်ရွက်နေတဲ့ ဥပဒေကြမ်းဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်အတွက် အရေးကြီးပြီးတော့ ဒီအပေါ်မှာ သူတို့အနေနဲ့ စောင့်ကြည့် မျှော်လင့်ထားတယ် လို့ Transparency International အဖွဲ့ရဲ့ အာရှရေးရာ ညွှန်ကြားရေးမှူး Samantha Grant က ဗွီအိုအေကို ပြောပါတယ်။

“အခုလုပ်နေတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေမှုကြမ်းဟာ ကမ္ဘာအနှံ့ တိုင်းပြည်တွေ မှာ ဆောင်ရွက်သလိုပဲ နိုင်ငံတကာစံနှုန်းဖြစ်ဖို့ ကျမတို့ မျှော်လင့်တကြီး စောင့်ကြည့်နေပါတယ်။ အဲဒီအထဲမှာ လွတ်လပ်ပြီးတော့ စနစ်တကျပြုစုပျိုးထောင်ထားတဲ့ ကျွမ်းကျင်သူတွေပါဝင်တဲ့ အဂတိလိုက်စားမှုတိုကဖျက်ရေးကော်မရှင်မျိုး ဖွဲ့တာ ပါဝင်ပါတယ်။ ဒါဟာ အဂတိလိုက်စားမှုတိုက် ဖျက်ရေးအတွက် အရေးကြီးဆုံးနဲ့ ပထမဆုံးအဆင့်ဖြစ်ပါလိမ့်မယ်။”


အခုလို အဂတိလိုက်စားမှုတွေဟာ နိုင်ငံရေးတင်မက စီးပွားဖံ့ွဖြိုးတိုးတက်ဖို့နဲ့ နိုင်ငံတကာနဲ့ ကုန် သွယ်ရေးလုပ်ငန်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထိစပ်လုပ်ကိုင်လာနိုင်ဖို့အတွက်ပါ ထိခိုက်မှု ရှိတယ်လို့ သုံးသပ်ကြပါတယ်။

တခြားတဖက်မှာလည်း မြန်မာနိုင်ငံဟာ ပြောင်းလဲတယ်ဆိုပေမယ့် ပုံစံသစ်ကို ယဉ်ဟောင်းနဲ့ သွားရသလိုဖြစ်တယ်လို့ ဦးမင်းခင်က ဝေဖန်ပါတယ်။ အခုလို အစီရင်ခံစာထုတ်ပြန်မှုအပေါ်မှာ အာဏာပိုင်တွေဘက်က အရေးယူ တုန့်ပြန်ဖို့လည်း သူတို့အနေနဲ့ မျှော်လင့်တယ်လို့ Transparency International အဖွဲ့ရဲ့အာရှရေးရာ ညွှန်ကြားရေးမှူး Samantha Grant က ပြောပါတယ်။

“ ဒီ အစီရင်ခံဟာ အဂတိလိုက်စားမှုပြဿနာရှိနေတယ်။ တခုခု အရေးယူ တုံ့ပြန်ကိုင်တွယ်ရမယ် ဆိုတာကို မီးမောင်းထိုးပြတာပါ။ မြန်မာအိမ်နီးချင်းနိုင်ငံတွေ ဥပမာ မလေးရှား၊ အင်ဒိုနီးရှား အစိုးရတို့ အနေနဲ့ ကျမတို့ ရဲ့ ဒီနှစ်စဉ် အစီရင်ခံစာကို သုံးပြီးတော့ သူတို့ရဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အစီအစဉ်တွေကို ဆန်းစစ်ဆောင်ရွက်ပါတယ်။”

အခု Transparency အစီရင်ခံစာထဲ မြန်မာနိုင်ငံ အောက်မှာတော့ ဆူဒန်နိုင်ငံ၊ အာဖဂနစ္စတန်၊ မြောက်ကိုရီယားနဲ့ ဆိုမားလီယားနိုင်ငံတွေပဲ ရှိပါတယ်။ အရှေ့တောင်အာရှ ပတ်ဝန်းကျင်နိုင်ငံတွေထဲမှာဆိုရင် အဂတိလိုက်စားမှုအခြေအနေ မြန်မာနိုင်ငံဟာ အဆိုးဆုံးလို့ ပြောနိုင်ပါတယ်။ အစီရင်ခံစာအတိုင်းဆိုရင် ဒိန်းမတ်၊ ဖင်လန်၊ နယူးဇီလန်နိုင်ငံတို့ကတော့ အမှတ် ၉၀ နဲ့ အဂတိ လိုက်စားမှုအနည်းဆုံး အပေါ်ဆုံးအဆင့် နိုင်ငံတွေဖြစ်ကြပါတယ်။ အမှတ်အားဖြင့် အမေရိကန် ပြည်ထောင်စုကတော့ အမှတ် ၇၃၊ တရုတ်နိုင်ငံက အမှတ် ၃၉ တို့ ရရှိထားကြပါတယ်။
XS
SM
MD
LG