သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားမှာပုန်းခိုနေသူ အလုပ်သမားတွေထံ မြန်မာသံရုံးကိုယ်စားလှယ်အဖွဲ့သွားပြီးအားပေး


မလေးရှားရောက် မြန်မာအလုပ်သမားများရဲ့ လုပ်ငန်းခွင်။
မလေးရှားရောက် မြန်မာအလုပ်သမားများရဲ့ လုပ်ငန်းခွင်။
မလေးရှားနိုင်ငံ ဘရူးနိုင်းနယ်စပ်အနီး ဆာရာဝပ်ပြည်နယ်က မြန်မာအလုပ်သမား ၉၇ ယောက် ပိတ်မိနေတဲ့ စက်ရုံဆီကို မလေးရှား နိုင်ငံဆိုင်ရာ မြန်မာသံရုံးက မြန်မာအလုပ်သမားဆိုင်ရာ သံအရာရှိနဲ့ အလုပ်သမားကိုယ်စားလှယ်အဖွဲ့ ရောက်ရှိသွားပြီဖြစ်ပါတယ်။ တရားဝင်ရောက်ရှိ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေရဲ့ လုံခြုံရေးအပါအဝင် အလုပ်သမားတွေ မလေးရှားနိုင်ငံတွင်း ဆက်လက် အလုပ်လုပ်ကိုင်နိုင်ခွင့်နဲ့ နေရပ်ပြန်ခွင့်တွေကိုပါ ဆွေးနွေးနေကြပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်က မြန်မာအလုပ်သမားတွေနဲ့ အင်ဒိုနီးရှား အလုပ်သမားတွေ အချင်းများရာကနေ အုပ်စုဖွဲ့တိုက်ခိုက်မှုတွေဖြစ်ခဲ့တဲ့အတွက် မြန်မာအလုပ်သမားတွေ ပုန်းအောင်းနေရတာလည်း ဖြစ်ပါတယ်။ အသေးစိတ်ကို မဆုမွန်က တင်ပြပေးထားပါတယ်။

မလေးရှား-ဘရူနိုင်းနယ်စပ် ဆာဘား ဆာရာဝပ်ကို ရောက်ရှိလာပြီဖြစ်တဲ့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးက အလုပ်သမားသံအရာရှိ ဦးစိုးဝင်းဦးဆောင်တဲ့ မြန်မာသံရုံးတာဝန်ရှိသူတွေနဲ့ မြန်မာအလုပ်သမား ၉၇ ယောက်တို့ဟာ ဒီဇင်ဘာလ ၂၈ ရက်နေ့ မလေးရှားစံတော်ချိန် ညနေလေးနာရီမှာ စက်ရုံဝင်းအတွင်းမှာ တွေ့ဆုံပြီး မြန်မာအလုပ်သမားတွေ အသက်အန္တရာယ်လုံခြုံဘေးကင်းမှု၊ အလုပ်လုပ်ကိုင်နိုင်ခွင့် ရေရှည်အာမခံချက် စတာတွေကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားဖို့ စီစဉ်နေကြပြီဖြစ်ပါတယ်။ အလုပ်သမားတွေနဲ့တွေ့ဆုံတဲ့အချိန် အလုပ်သမားတွေရဲ့ လက်ရှိတွေ့ကြုံနေရတဲ့ အခက်အခဲတွေ၊ ဆန္ဒသဘောထားတွေကို မေးမြန်းဆွေးနွေးခဲ့တာမှာတော့ အလုပ်သမားအများစုက မြန်မာပြည် ပြန်လိုကြတဲ့ဆန္ဒရှိတယ်လို့ မြန်မာအလုပ်သမားဆိုင်ရာ သံအရာရှိဦးစိုးဝင်းက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“သူတို့လည်း ရောက်တော့ ဝမ်းသာကြပါတယ်။ အခက်အခဲရှိတာ ပြောဆိုတော့ သူတို့ ပြောကြတယ်။ ပြန်ချင်တယ်ပေါ့နော်။ သူတို့အားလုံးပြန်ချင်တယ်ဆိုတော့ ပြန်ချင်တယ်ဆိုတာက မလေးရှားမှာက သူ့မလေးရှားဥပဒေနဲ့သူ ရှိသေးတယ်။ ပြီးတော့ သူတို့ စာချုပ်ပြည့်လား၊ မပြည့်လား အလုပ်ရှင်နဲ့ပြန်ပြီးတော့ တိုင်ပင်ဖို့ရှိသေးတယ်။ အလုပ်သမားတွေကြည့်ရတာ အေးအေးဆေးဆေးပါပဲ၊ သူတို့လည်း ဘာမှအခက်အခဲတော့ မရှိဘူး။ အဲဒီ ဂိုဒေါင်ထဲမှာပဲ နေကြရတာ။ လုံလုံခြုံခြုံပါပဲ။ လုံခြုံရေးကတော့ အားလုံးပါ၊ အခု ဒီဆိုဒ်ထဲမှာ ခြံစည်းရိုးနဲ့ကာထားတယ်။ လုံခြုံရေးတွေ ဘာတွေလည်း အကုန်ရှိပြီးသား။ စက်ရုံဘက်ကတော့ ဒီဟာအတွက် ညှိနှိုင်းပေးဖို့ သူတို့အခက်အခဲတွေလည်း ရှိတယ်ပေါ့။ ဒါပေမယ့် ကျနော်တို့က ဒီက မေတ္တာရပ်ခံထားတော့ သူတို့ဘက်ကလည်း လိုက်လျောဖို့ အခြေအနေတော့ ရှိပါတယ်။”

အခုလက်ရှိအခြေအနေမှာတော့ မြန်မာအလုပ်သမား ၉၇ ယောက်ဟာ သူတို့ပုန်းအောင်းနေတဲ့ ဂိုဒေါင်ထဲမှာပဲ ဆက်လက်နေထိုင်လျှက်ရှိပြီး မြန်မာနိုင်ငံဆိုင်ရာ အလုပ်သမားသံအရာရှိနဲ့အဖွဲ့ကလည်း အလုပ်သမားတွေနေထိုင်ရာ နေရာနဲ့မလှမ်းမကမ်းမှာပဲ တည်းခိုနေပြီး နေရပ်ရင်းပြန်လိုတဲ့ အလုပ်သမားတွေအတွက် မလေးရှားနိုင်ငံဆိုင်ရာ အလုပ်သမားဥပဒေနဲ့အညီ ဆောင်ရွက်ပေးဖို့ မြန်မာသံရုံးအနေနဲ့ မြန်မာအလုပ်သမားအေဂျင်စီ၊ မလေးအလုပ်သမားအေဂျင်စီ၊ စက်ရုံတာဝန်ရှိသူတွေနဲ့ မလေးရှားအစိုးရဘက်က အာဏာပိုင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်နေတယ်လို့ လက်ရှိအခြေအနေကို အလုပ်သမားဆိုင်ရာ သံအရာရှိဦးစိုးဝင်းကပြောပြပါတယ်။

“လောလောဆယ်တော့ တနင်္လာနေ့မှာ ကျနော်တို့ ဆွေးနွေးဖို့ လုပ်ထားပါတယ်။ အခု အကူအညီပေးဖို့ လုပ်နေပါတယ်။ သူတို့နဲ့တွေ့ပြီး အေးအေးဆေးဆေး၊ သူတို့ရဲ့တောင်းဆိုမှုကလည်း ဘာမှ မရှိပါဘူး၊ ပြန်ဖို့လေးပဲ သူတို့ တောင်းဆိုတာပါ။ ပြန်ဖို့ဆိုတာ အလုပ်ရှင်နဲ့ အလုပ်သမားပေါ်မှာ မူတည်တယ်လေ။ အလုပ်ရှင်၊ အလုပ်သမား တွေ့ဆုံညှိနှိုင်းပြီးတော့ ဒီအဖြေကို ရှာမှ ရမယ်။ စားဝတ်နေရေးလည်း ကျနော်တို့ အလုပ်ရှင်ကို တခါတည်းပြောပြီးပါပြီ။ မနက်ဖြန်ကစပြီး သူတို့အတွက် သီးခြားစီစဉ်ပေးပါမယ်။ စက်ရုံဝန်းထဲမှာ၊ စက်ရုံဝန်းကြီးက အကျယ်ကြီးပဲ၊ ခလယ်ခေါင်လောက်မှာ ဂိုဒေါင်ကရှိတယ်။”

စက်ရုံမှာ မြန်မာအလုပ်သမားအချို့နဲ့ အင်ဒိုနီးရှား အလုပ်သမားအချို့ အချင်းများရာကနေ စခဲ့တဲ့ ပြဿနာကြောင့် အင်ဒို အလုပ်သမားတွေက မြန်မာအလုပ်သမားတွေနေထိုင်ရာ အလုပ်သမားတန်းလျားတွေကို ဖျက်ဆီးတိုက်ခိုက်ခဲ့ကြပါတယ်။ ဒီ့အတွက် ဒီဇင်ဘာလ ၂၃ ရက်နေ့ကစပြီး စက်ရုံဝင်းအတွင်းက ဂိုဒေါင်တစ်ခုမှာ မြန်မာအလုပ်သမား ၉၇ယောက် ပုန်းအောင်းနေထိုင်နေကြ ရတာဖြစ်ပါတယ်။ အခင်းဖြစ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး မလေးရှားမှာ အမှုဖွင့်ထားပြီး အလုပ်သမားတွေနဲ့ မြန်မာသံရုံးအလုပ်သမား တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးနေကြဆဲအခြေအနေကို ဦးစိုးဝင်းကရှင်းပြပါတယ်။

“အင်ဒိုနီးရှားတွေကတော့ အလုပ်သမား ၂ ယောက်လောက် ရဲက ခေါ်ပြီးတော့ ရဲနဲ့ အမှုတော့ ဖွင့်ထားတယ်။ လိုအပ်တာတွေ မေးတယ်။ လိုအပ်တာတွေ အကုန်ဖြည့်ဆည်းပေးတယ်။ စားဝတ်နေရေးအတွက်လည်း အဆင်ပြေအောင် အကုန်လုံးဖြည့်ဆည်းပေးတယ်။ ဆေးဝါးကစပြီးတော့ လိုအပ်တာပြော၊ ကျန်းမာရေးအခြေအနေတွေနဲ့ အကုန်လုံး အမြဲတမ်းဆက်သွယ်ဖို့- ကျနော်တို့လည်း သူတို့နဲ့ မလှမ်းမကမ်းမှာပဲ တည်းပါတယ်။ အေဂျင်စီတွေက လာနေတုန်းပဲ။ ကွာလာလမ်ပူကနေ ကွစ်ချင်းကိုတော့ လေယာဉ်စီးနေပါတယ်။ ၇ နာရီလောက် ကွစ်ချင်းရောက်မယ်။ အခု လေယာဉ်က အရမ်းကို အခက်အခဲဖြစ်နေပါတယ်။ လာတော့ လာနေတုန်းပဲ။”

အခုလောလောဆယ်အခြေအနေမှာတော့ ပုန်းအောင်းနေရတဲ့ မြန်မာအလုပ်သမားတွေ အရေးတကြီးလိုအပ်နေတဲ့ စားနပ်ရိက္ခာ၊ သောက်သုံးရေနဲ့ လိုအပ်တဲ့ဆေးဝါးအသုံးအဆောင်ပစ္စည်းတွေအတွက် မြန်မာသံရုံးတာဝန်ရှိသူတွေက စီစဉ်ဆောင်ရွက်နေပါတယ်။ မလေးရှားရှိ မြန်မာသံရုံးက မလေးရှားတာဝန်ရှိသူတွေကို အခုဖြစ်ပျက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး မြန်မာအလုပ်သမားတွေ လုံခြုံရေးအတွက် ကာကွယ်စောင့်ရှောက်မှုပေးဖို့ တောင်းဆိုထားပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက အခု ဂိုဒေါင်တဝိုက်လုံခြုံရေးဆောင်ရွက်ပေးထားလို့ မြန်မာအလုပ်သမားတွေရဲ့ လက်ရှိအခြေအနေမှာ စိုးရိမ်စရာ အနေအထားမရှိတော့ဘဲ အခြေအနေဟာ လက်ရှိအချိန်မှာတော့ အေးဆေးတည်ငြိမ်နေပြီ ဖြစ်တယ်လို့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိက ဗွီအိုအေကို ပြောပါတယ်။
XS
SM
MD
LG