သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မပြောင်းလဲသေးတဲ့ မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးပြဿနာ


နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကြောင့် နိုင်ငံတကာရဲ့ ချီးကျူးပြောဆိုမှုတွေ ခံနေရတဲ့ မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေ နေထိုင်တဲ့ တောင်တန်းဒေသမှာ မူးယစ်ဆေးဝါး သုံးစွဲမှု အခြေအနေကတော့ အရင်ကထက် ပိုဆိုးလာတဲ့အကြောင်း ကုလသမဂ္ဂ အရာရှိတွေ ပြောလိုက်ပါတယ်။ ရှမ်းပြည်နယ်အတွင်းက နမ့်ဖတ်ကာ ကျေးရွာလေးမှာ မူးယစ်ဆေးဝါးရောင်းဝယ်တာဟာ အရင်ကလို ပုန်းလျှိုးဝှက်လျှိုး လုပ်ငန်းတခုမဟုတ်တော့ဘဲ ပေါ်ပေါ်တင်တင် ရောင်းဝယ်နေကြတဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။ AP သတင်းတပုဒ်ကို အခြေခံပြီးတော့ ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

တချိန်က စစ်အစိုးရအုပ်ချုပ်ခဲ့တဲ့ မြန်မာနိုင်ငံဟာ နိုင်ငံရေး စီးပွားရေး အပြောင်းအလဲတွေကြောင့် ပွင့်လင်းလာတာနဲ့ အမျှ အပြင်ပန်းမျက်နှာစာမှာ မျှော်လင့်ချက်တွေ အကောင်းမြင်စရာတွေရှိနေပြီး၊ ကမ္ဘာတဝှမ်းကလည်း ရင်းနှီးမြှုပ်နှံမှုတွေ အလျှင်အမြန် လုပ်လာနေပါတယ်။

ဒါပေမဲ့ ကျေးလက်ဒေသနဲ့ တောင်ပေါ်ဒေသတွေမှာတော့ ပြည်သူတွေဟာ ဆင်းရဲမှုဒဏ်တွေကို ခံနေရတုန်းပဲဖြစ်သလို မူူးယစ်ဆေးပြဿနာဟာလည်း ပြောင်ပြောင်တင်းတင်း နဲ့ ထိန်းချုပ်လို့မရဘဲဖြစ်လာနေပါတယ်။ ရှမ်းပြည်နယ်ဘက်မှာဆိုရင် မနက်စောစောမှာကိုပဲ မူးယစ်ဆေးဝါးသုံးစွဲနေကြတာကို တွေ့နေရပါတယ်။

ရှမ်းပြည်မြောက်ပိုင်းက နမ့်ဖတ်ကာရွာမှာ ဘိန်းစွဲတာတွေဟာ အကြီးအကျယ်ဖြစ်နေပြီး၊ ရွာမှာရှိတဲ့ လူဦးရေ ၈ ထောင်ရဲ့ တဝက်လောက်ဟာ မူးယစ်ဆေးသုံးစွဲသူတွေဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
မူးယစ်ဆေးကြောင့် သား ၂ ယောက် ကို ဆုံးရှုံးလိုက်ရတဲ့ အသက် ၅၈ နှစ်အရွယ် ဒေါ်လိကတော့ ကျန်တဲ့သားတစ်ယောက်ကို ဆုံးရှုံးရမှာကိုလည်း သူမက စိုးရိမ်နေပြီး၊ မူးယစ်ဆေးသုံးနေတာတွေ ရပ်သွားအောင် ဘာမှမလုပ်တဲ့အပေါ်မှာလည်း မယုံနိုင်လောက်အောင် ဖြစ်နေပါတယ်။

“အရင်တုန်းကတော့ လျှို့လျှို့ဝှက်ဝှက်လုပ်ကြပြီး လူတိုင်းက အိမ်တွေမှာ ဝှက်ထားတတ်ကြပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ ၇ နှစ် ၈ နှစ်ကစပြီး မူးယစ်ဆေးရောင်းတဲ့သူတွေဟာ သချုႋင်းတွေမှာ အကြောက်အလန့်မရှိ ရောင်းနေသလိုမျိုး ဗြောင်ပဲ ရောင်းလာနေပါတယ်။”

ရန်ကုန်မြို့မှာတော့ အခြေအနေတွေက တက်ရိပ်ပြနေပြီး ပြီးခဲ့တဲ့ ၂ဝ၁၁ စစ်တပ်ကနေ အရပ်သားအစိုးရကို ပြောင်းလဲလာပြီးတဲ့နောက် ရင်းနှီးမြှုပ်နှံမှုတွေဟာ အလျှင်အမြန်စီးဝင်လာနေပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှုနှုန်းဟာ အခုနှစ်မှာ ၇.၅ ရာခိုင်နှုန်းအထက် ရှိနေတယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။ ဒါပေမဲ့လည်း ရှမ်းပြည်နယ်ဘက်မှာတော့ တိုးတက်မှု အရိပ်အယောင်တွေ မတွေ့ရသေးဘဲဖြစ်နေပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ အဆိုအရတော့ မြန်မာနိုင်ငံက လူဦး ၄ ပုံ ၁ ပုံကျော်ဟာ ဆင်းရဲမွဲတေမှုသတ်မှတ်ချက်ထက်နိမ့်တဲ့ အခြေအနေမှာရှိနေပြီး၊ အသက် ၅ နှစ်အောက် ကလေးငယ် ၃ ပုံ ၁ ပုံဟာ အဟာရချို့တဲမှုနဲ့ ရင်ဆိုင်နေရတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ မူးယစ်ဆေးတိုက်ဖျက်ရေး (UNODC) ရုံးရဲ့ အရာရှိ Jason Eligh က ပြောပါတယ်။

“ကျေးလက်ဒေသတွေကို သွားကြည့်လိုက်ပါ။ ပြီးတော့ မြန်မာနိုင်ငံရဲ့ အခြေအနေသစ်က လူတွေရဲ့ လူမှုဘဝတွေအပေါ် ဘာတွေ အကျိုးထူးလာစေသလဲဆိုတာကို မေးကြည့်လိုက်ပါ။ လုံးဝကို မတူတဲ့ အဖြေရပါလိမ့်မယ်။”

ဒါပေမဲ့ စီးပွားရေးတိုးတက်မှုရဲ့ အကျိုကျေးဇူးကိုမခံရတဲ့ တိုင်းရင်းသားကျေးလက်ဒေသတွေက ဆင်းရဲသားတောင်သူတွေဟာ ထမင်းနပ်မှန်အောင် စားရဖို့အတွက် နဂိုအတိုင်း ဆက်ပြီးတော့ ဘိန်းစိုက်နေကြပါတယ်။ မြန်မာနိုင်ငံရဲ့ ဘိန်းထုတ်လုပ်မှုဟာ ၁၉၉၉ ခုနှစ်မှာ ကျဆင်းခဲ့ပေမယ့် အခုအခါမှာ ပြန်ပြီးတော့ မြင့်တက်လာနေပါတယ်။ အာရှဈေးကွက်ဝယ်လိုအားကြောင့် မြန်မာနိုင်ငံရဲ့ ဘိန်းထုတ်လုပ်မှုဟာ ပြီးခဲ့တဲ့နှစ်မှာ ၂၆ ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။

“ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ဘာကြောင့်အရေးပါနေရတာလဲ၊ ဒါက ဘာကြောင့်လဲဆိုတော့ ဒီနိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်မှု သိပ်မရှိလို့ဆိုတာ ထင်ဟပ်နေပါတယ်။ ဘိန်းစိုက်ပျိုးတာတမျိုးတည်းလုပ်စရာရှိတဲ့သူတွေဟာ ဆင်းရဲမွဲတေမှုဒဏ်ကို အခံရဆုံးဖြစ်ပြီးတော့ ရေတိုကာလအတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရဲ့ အကျိုးအမြတ်တွေကို ရရှိမှာမဟုတ်ပါဘူး။”

အဲဒီလို နယ်စပ် ဒေသတွေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက အုပ်ချုပ်ကြတာဖြစ်ပြီး၊ အထူးသဖြင့် ရှမ်းပြည်နယ်အတွင်းဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကတော့ ဘိန်းစိုက်ပျိုးမှုတွေကို နှိမ်နှင်းနေပြီး ဒါတွေကို ပြသွားချင်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ ဘိန်းလုပ်ငန်းကနေ ပိုက်ဆံတွေရနေတာဖြစ်တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

အစိုးရက တနိုင်ငံလုံးအပစ်အခတ်ရပ်စဲနိုင်ဖို့ပဲ လုပ်ဆောင်နေတာကြောင့် ဒါတွေကို ဘာမှကြားဝင်ဆောင်ရွက်တာမျိုးမရှိပဲ၊ ဘိန်းခင်းတွေလည်း ပိုပြီးတော့ များလာနေတယ်လု့ိ ပြောပါတယ်။

နမ့်ဖတ်ကာရွာလို အစိုးရအုပ်ချုပ်တဲ့ဒေသမှာတောင်မှ အဂတိလိုက်စားမှုတွေကြောင့် ဘိန်းတိုက်ဖျက်မှုလုပ်ငန်းတွေကို ဘာမှလုပ်ဆောင်ခြင်းမရှိပဲဖြစ်နေတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ စီးပွားရေးတက်လာနေတဲ့တချိန်တည်းမှာပဲ နိုင်ငံနေရာ အတော်များများမှာတော့ အခြေအနေတွေဟာ ဘာမှမပြောင်းလဲဘဲ အရင်လိုပဲ ဆက်ရှိနေတုန်းပဲဖြစ်ပါတယ်။
XS
SM
MD
LG