သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲဆွယ်စည်းရုံးရေးကာလ ကုန်ဆုံးတော့မည်


၂၀၁၅ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်စည်းရုံးရေးခွင့်ပြုကာလ နိုဝင်ဘာလ ၆ ရက်နေ့ ည ၁၂ နာရီမှာ အဆုံးသတ်တော့မှာ ဖြစ်ပါတယ်။ သတ်မှတ်အချိန်ကာလ နှစ်လတာအတွင်း နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားပါတီတွေရဲ့ မဲဆွယ်စည်းရုံးမှုမှာ ဘယ်လို လုံခြုံရေး အခက်အခဲတွေကြုံခဲ့ရသလဲ၊ နောက် ပါတီတွေအပေါ် ထောက်ခံခဲ့ကြသူ၊ ကန့်ကွက်ခဲ့ကြသူတွေကြား ဘယ်လိုတင်းမာမှု အခြေအနေတွေနဲ့ ကြုံခဲ့ရသလဲ၊ ကျင့်ဝတ်နဲ့မညီတဲ့ သတင်းမီဒီယာ၊ အာဏာလုပ်ပိုင်ခွင့် စတာကို ဘယ်လိုအသုံးပြုပြီး မဲဆွယ်ခဲ့ကြပါသလဲ ဆိုတဲ့ အနေအထားတွေကို မဆုမွန်က စုစည်းတင်ပြပေးထားပါတယ်။

မကြာခင် ရက်ပိုင်းအတွင်းမှာပဲ ၂၀၁၅ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပတော့မှာဖြစ်ပါတယ်။ နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ သက်ဆိုင်ရာပြည်နယ်၊ တိုင်းဒေသကြီးနဲ့ တိုင်းရင်းသားနယ်မြေတွေအသီးသီးမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် လွှတ်တော် ကိုယ်စားလှယ်လောင်းတွေနဲ့ တသီးပုဂ္ဂလကိုယ်စားလှယ်တွေ မဲဆွယ်စည်းရုံးရေးအတွက် မဲဆွယ်စည်းရုံးခွင့်ကာလကို စက်တင်ဘာလ ၉ ရက်နေ့ မနက် ခြောက်နာရီကစလို့ ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ မဲဆွယ်စည်းရုံးခွင့်ကာလကို နိုဝင်ဘာလ ခြောက်ရက်နေ့ ည ၁၂ နာရီအထိ နောက်ဆုံးထားစည်းရုံးကြဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပါတယ်။

ဒီလိုပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ခွင့်ပြုချက်နဲ့ မဲဆွယ်စည်းရုံးရေးခွင့် ပေးထားတဲ့ သတ်မှတ်ကာလအတွင်း မဲဆွယ် စည်းရုံးခဲ့ကြတဲ့ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်လောင်းတွေကြား အပြန်အလှန် တရားစွဲဆိုမှုတွေ၊ ထောက်ခံသူနဲ့ ကန့်ကွက်သူကြား တင်းမာမှုတွေနဲ့ နိုင်ငံရေး ပါတီတွေကြား မဲဆွယ်စည်းရုံးစဉ် လိုက်နာကျင့်သုံးရမယ့် ကျင့်ဝတ်တွေကို ဖောက်ချက်ခဲ့တာတွေရှိတယ်လို့ နိုင်ငံရေးပါတီတွေနဲ့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေကသုံးသပ်ပါတယ်။

လာမယ့်ရွေးကောက်ပွဲအတွက် အသစ်တိုးခန့်တဲ့ အထူးရဲတပ်ဖွဲ့ဝင်တွေကို သင်တန်းပေးနေစဉ်။ (အောက်တိုဘာ ၃၀၊ ၂၀၁၅)
လာမယ့်ရွေးကောက်ပွဲအတွက် အသစ်တိုးခန့်တဲ့ အထူးရဲတပ်ဖွဲ့ဝင်တွေကို သင်တန်းပေးနေစဉ်။ (အောက်တိုဘာ ၃၀၊ ၂၀၁၅)

စစ်ရေးတင်းမာမှုတွေရှိနေဆဲ နယ်မြေမတည်ငြိမ် မအေးချမ်းနိုင်သေးတဲ့ တိုင်းရင်းသားဒေသအချို့မှာ မဲဆွယ်စည်းရုံးခဲ့ကြတဲ့ နိုင်ငံရေးပါတီတွေ အဓိက ကြုံခဲ့ရတာကတော့ လုံခြုံရေးအခက်အခဲပဲဖြစ်ပါတယ်။ ပါတီကိုယ်စားလှယ်လောင်းတွေရဲ့ လုံခြုံရေးကို ကိုယ့်ပါတီကပဲ ကိုယ်တာဝန်ယူခဲ့ရတဲ့ အနေအထားဖြစ်တယ်လို့ SNLD ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဒုဥက္ကဋ္ဌဦးစိုင်းစောအောင်ကပြောပါတယ်။

“ကျနော်ကတော့ အဓိက-ကတော့ ကရင်ပြည်နယ်ဘက်ကိုသွားတဲ့အခါကျတော့ ကချင်ပြည်နယ်မှာတော့ ဘာမှ အခက်အခဲမရှိပါဘူး။ သို့သော်လည်းပဲ ဒီ လုံခြုံရေးတို့၊ ဘာရေးတို့ဆိုတာကတော့ ကိုယ့်ဟာကိုယ် ယူရတာချည့်ပဲ။ ကော်မရှင်ကနေပြီးတော့ စီစဉ်ပေးတာ မရှိပါဘူး။ သွားခဲ့တဲ့နေရာကတော့ ရှမ်းတိုင်းရင်းသားတွေရှိတဲ့နေရာပဲ အဓိကသွားပြီးတော့ စည်းရုံးတဲ့အတွက်ကြောင့် ရွေးကောက်ပွဲပေါ်မှာကတော့ အဓိက မဲထည့်ပုံထည့်နည်းပဲ အဓိက နားမလည်တဲ့အခါကျတော့ အဓိက နားမလည်ကြလို့၊ အဲဒါကိုပဲ စိတ်ရှည်လက်ရှည် ရှင်းပြရပါတယ်။”

မဲဆွယ်စည်းရုံးရေးကာလအတွင်း နိုင်ငံရေးပါတီတွေကြား ကြုံတွေ့နေရတာတွေကို အဓိက မြင်တွေ့ကြားသိခဲ့ရတာတွေနဲ့ပတ်သက်လို့လည်း Myanmar Institute for Democracy က ဒါရိုက်တာဦးအောင်စိုးမင်းက အခုလိုပြောပြပါတယ်။

“ကျနော်တို့အနေနဲ့တော့ သတင်းအနေနဲ့ပဲ သိရတယ်။ သူတို့အချင်းချင်း တိုင်ကြားတာတွေ အများကြီးဖြစ်လာတာတွေ ကျနော်တို့ သိရတယ်။ နောက်ပြီးတော့ ဒီမှာ Code of Conduct တွေကို ချိုးဖောက်တယ်ဆိုတဲ့ ပုံစံမျိုးတွေကိုလည်း ကျနော်တို့ တွေ့ရတယ်။ ဒါတွေကို သတင်းတွေထဲကနေတဆင့် ကျနော်တို့ သိရတယ်ပေါ့နော်။ နောက်ပြီးတော့ တချို့ကိစ္စတွေမှာဆိုရင် ဥပဒေအရ ဖောက်ဖျက်မှုတွေကို ကျနော်တို့ တွေ့ရတယ်။ ဥပမာဆိုလို့ရှိရင် ဟိုတပတ်ကလည်း ကျနော်တို့ ပြောခဲ့တယ်ပေါ့နော်၊ အစိုးရအဖွဲ့ဝင်တွေအနေနဲ့ မဲဆွယ်စည်းရုံးရေးတွေ ဆင်းတဲ့အခါမှာ အစိုးရရဲ့ပိုင်ဆိုင်တဲ့အရာတွေကို - အစိုးရပိုင်တဲ့၊ နိုင်ငံတော်ပိုင်တဲ့ access တွေ၊ နောက်တခုက သူတို့ရဲ့အရှိန်အဝါတွေကို သုံးတာမျိုးတွေပေါ့။ အဲဒါမျိုးတွေကို ကျနော်တို့ တွေ့ရတာမျိုးတွေကို သတင်းတွေအရ သိရတာပေါ့နော်။”

မဲဆွယ်စည်းရုံးစဉ်ကာလအတွင်း နိုင်ငံရေးပါတီတွေဘက်က ကျင့်သုံးရမယ့်ကျင့်ဝတ်တွေနဲ့ လိုက်နာခဲ့ခြင်းရှိမရှိဆိုတာနဲ့ မဲဆွယ်စည်းရုံးစဉ် ဘယ်လို အနေအထားမျိုးတွေရှိခဲ့တယ်ဆိုတာကိုလည်း မြန်မာ့နိုင်ငံရေးအကဲခတ် ဒေါက်တာရန်မျိုးသိမ်းက အခုလိုသုံးသပ်ပါတယ်။

“ကိုယ်စားလှယ်လောင်းတွေကြားမှာပဲဖြစ်ဖြစ်၊ နိုင်ငံရေးပါတီ အချင်းချင်းကြားမှာပဲဖြစ်ဖြစ် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်သော်လည်းကောင်း၊ အပြန်အလှန်အပုပ်ချတဲ့လုပ်ရပ်တွေပေါ့။ တနည်းအားဖြင့်တော့ တချို့ဖြစ်စဉ်တွေက ဥပဒေအရ ခွင့်ပြုမထားပေမယ့်လည်း ဥပဒေကို လက်တလုံးခြားလုပ်ပြီးတော့ တိုက်ခိုက်မှုတွေ၊ ပြစ်တင်ရှုတ်ချမှုတွေလုပ်တာကို တွေ့ရတယ်။ နောက်တစ်ခုတွေ့ရတာက ဘာလဲဆိုတော့ လက်ရှိ အာဏာရ ပါတီကနေပြီးတော့ အစိုးရနဲ့ပြည်သူပိုင်သတင်းစာကို အသုံးချပြီးတော့ မဲဆွယ်စည်းရုံးတဲ့ကိစ္စပေါ့၊ အစိုးရပိုင်၊ ပြည်သူပိုင်သတင်းစာမှာ ထည့်လာတာမျိုး၊ နောက်အာဏာရပါတီကို တဘက်စောင်းနင်း မဲဆွယ်ပေးတဲ့ဘက်ကို ဦးတည်တာကိုတွေ့ရတယ်။”

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဘက်ကတော့ မဲဆန္ဒရှင်ပြည်သူလူထုအနေနဲ့ မည်သည့်ကိုယ်စားလှယ်လောင်းကို ဆန္ဒပြရမယ်ဆိုတာ စိတ် ဆုံးဖြတ်နိုင်ရန်အလို့ငှာ နိုဝင်ဘာ ၆ ရက်နေ့ ည ၁၂ နာရီကစလို့ နိုဝင်ဘာ ၈ ရက်နေ့ရွေးကောက်ပွဲပြီးတဲ့အထိ ရွေးကောက်ပွဲဆိုင်ရာစုဝေးဟောပြောခြင်းနဲ့ မဲဆွယ်စည်းရုံးရေးတွေကို ရပ်နားရမယ်လို့ ထုတ်ပြန်ထားတာပါ။ ဒါ့အပြင် မဲဆွယ်စည်းရုံးတဲ့ ကြော်ငြာ၊ ပိုစတာတွေကိုလည်း နိုဝင်ဘာ ၆ ရက်နေ့ ည ၁၂ နာရီကစလို့ ဖြုတ်သိမ်းပေးရမှာဖြစ်ပါတယ်။ မဖြုတ်သိမ်းရင် သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်က သက်ဆိုင်ရာ မြို့တော်စည်ပင်သာယာရေး ကော်မတီကို ဖြုတ်သိမ်းစေမှာဖြစ်ပြီး ဖြုတ်သိမ်းစဉ် ကုန်ကျစရိတ်ကို သက်ဆိုင်ရာကိုယ်စားလှယ်လောင်းက ပေးချေရမယ့်တာဝန်ဖြစ်တယ် ဆိုတာကိုလည်း ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG