သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ အတွက် ကော်မရှင် စတင်ပြင်ဆင်


ရန်ကုန်တိုင်းတွင်းက ရပ်ကျေး အဆင့်ရွေးကောက်ပွဲကော်မရှင် ရုံးခွဲ။ (အောက်တိုဘာ ၃၀၊ ၂၀၁၅)
ရန်ကုန်တိုင်းတွင်းက ရပ်ကျေး အဆင့်ရွေးကောက်ပွဲကော်မရှင် ရုံးခွဲ။ (အောက်တိုဘာ ၃၀၊ ၂၀၁၅)

နိုဝင်ဘာလ ၈ ရက်နေ့ လွှတ်တော် ရွေးကောက်ပွဲတွေ အတွက် နိုင်ငံတဝန်းမှာ မဲရုံတွေ ဖွင့်ဖို့ မဲလက်မှတ်တွေ ဖြန့်ဝေဖို့ အပါအဝင် မဲရုံလုံခြုံရေး စောင့်ကြည့်ရေး စတဲ့ လုပ်ငန်းစဉ်တွေကို ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။ မဲဆန္ဒရှင် သက်သေခံ လက်မှတ်တွေကိုလည်း စတင်ထုတ်ပေးနေသလို မဲဆန္ဒရှင်တွေဘက်ကလည်း မဲပေးဖို့ စိတ်အားထက်သန်နေကြပါတယ်။ မသိဂီ ၤထိုက် စုစည်း တင်ပြပေးထားပါတယ်။

ရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပိုင်း အလိုမှာ နိုင်ငံတဝန်း မဲရုံတွေ ဖွင့်လှစ်ဖို့၊ မဲလက်မှတ်တွေ ဖြန့်ဝေဖို့ သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်တွေ ပြင်ဆင်နေကြပါပြီ။ အခုအချိန်ထိတော့ ကြိုတင်မဲပေးမှု လုပ်ငန်းစဉ်၊ မဲရုံဖွင့်ရေး၊ မဲလက်မှတ်ဖြန့်ဝေရေးနဲ့ လက်ရှိ မဲဆန္ဒရှင် သက်သေခံ လက်မှတ် ထုတ်ပေးမှု လုပ်ငန်းစဉ် တွေမှာ အဆင်ပြေ ချောမွေ့တယ်လို့ စစ်ကိုင်းတိုင်း ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်ဦးက ပြောပါတယ်။

“မဲရုံတွေကတော့ ကျောင်းတွေမှာ လုပ်မှာဆိုတော့ ကြိုတော့ကြည့်ထားပြီးပြီပေါ့လေ။ မဲရုံဖွဲ့စည်းပုံအရ ဘယ်လိုလုပ်မယ်၊ ဘာညာဆိုတာ အားလုံး။ မြို့နယ်အဆင့်ကလည်း စစ်ဆေးခွင့်ပြုထားပြီးပြီ။ ရပ်ကျေးတွေနဲ့ အတူညှိပြီးတော့ ကြည့်နေကြပါတယ်။ အဲ့တော့ သူတို့လုပ်ထားတာတွေလည်း ကျနော်တို့ ဒီက တိုင်းအဆင့်ကော၊ ခရိုင်အဆင့်ကော၊ မြို့နယ်အဆင့်ကော ကွင်းဆင်းပြီးတော့ ကြီးကြပ်နေကြတာပေါ့နော်။ ကျနော်တို့က နဂိုကတည်းက ကျောင်း အဆောက်အဦး ထဲမှာကို ကျောင်းတွေရဲ့ Assembly အခန်းတွေ ဘာတွေကိုပေါ့ဗျာ။ နောက်တခါ စာသင်ခန်းတွေမှာ လုပ်မှာဆိုတော့ သိပ်ပြဿနာကြီး မရှိပါဘူး။”

ရေဘေးဒဏ်သင့်ခဲ့တဲ့ စစ်ကိုင်းတိုင်း အတွင်းက ကလေး၊ ကောလင်း အပါအဝင် ဘေးဒဏ်သင့်တဲ့ ဒေသတွေမှာလည်း ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေ ပုံမှန် အတိုင်းလုပ်ကိုင်နိုင်တဲ့ အခြေအနေမျိုး ရှိတဲ့ အကြောင်း တိုင်းကော်မရှင် ဥက္ကဋ္ဌက ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်း ရွေးကောက်ပွဲတွေမှာတော့ နိုင်ငံတကာ နဲ့ ဒေသ တွင်း စောင့်ကြည့် သူတွေကို ခွင့်ပြုထားပါတယ်။ ဒါ့အပြင် မဲလက်မှတ်တွေ ဖြန့်ဝေရေး ပြင်ဆင် ထားတဲ့ အခြေအနေနဲ့ ပတ်သက်လို့ကတော့ တိုင်းကော်မရှင်ရဲ့ ဥက္ကဋ္ဌက အခုလို ပြောပါတယ်။

“ကျနော်တို့ကတော့ ၃ ရက် အကြိုပဲလေ။ ကြိုတင်မဲ၂ ရက်ပေးနိုင်ဖို့ နဲ့ နောက် သူ့လက်ထဲမှာ ၁ ရက်ကြိုရောက်ဖို့ဆိုတော့ ၅ ရက်နေ့လောက် သူတို့ဆီရောက်ဖို့ပေါ့လေ။ အဲလိုချိန်ပြီးတော့မှ ခွင့်ပြုထားတယ်။ ဒါပေမယ့် ဟို တချို့ရပ်ကျေးတွေကတော့ ရွေးကောက်ပွဲနီးတဲ့နေ့မှပေါ့နော်။ နီးရက်ကျမှ ၆ ရက်နေ့ လောက်မှ ကြို ပေးဖို့ရှိတယ်။ တချို့လည်း ၇ ရက်နေ့လောက် မှ ပေးမှာပေါ့နော်။ မြို့ပေါ်ရက်ကွက်တွေကတော့ ၇ ရက်နေ့ လောက်ပေးနိုင်တယ်။ ကြိုတင်မဲအတွက်ကတော့ သူတို့ လိုသလောက်လေးတော့ စပြီးတော့ ထုတ်ပေးထားတာ ရှိတယ်။ ကျန်တာတွေကတော့ အခု မြို့ပေါ်ရပ်ကွက်တွေမှာ ဆိုလို့ရှိရင်တော့ ကျနော်တို့က ၁ ရက်ကြိုလေးပဲပေါ့။ သူကလည်း နောက် ၁ ရက်ဆို မဲရုံမှူးတွေ ထုတ်ပေးလို့ရအောင် အဲလိုအဆင်သင့်လေးတော့ လုပ်ထားတယ်။ ဒါလည်းြ ပဿနာမရှိပါဘူး။ ကျနော်တို့က စကတည်းက မဲကိုပြန်ပြီးတော့ မဲလက်မှတ်တွေကို ပြန်စစ်တဲ့အချိန်မှာပဲ ရပ်ကွက်လိုက် ထုတ်ပေးရမှာတွေ ကို သေချာ စစ်ပြီးတော့မှ သံသတ္တာတွေထဲမှာ ထည့်ထားတာလေ။ ထည့်ထားပြီးသား ဆိုတော့ သူတို့ကို ပေးတဲ့နေ့ကျရင် တခါတည်း ထုတ်ပေးလိုက်ရုံပါပဲ။ ဟို အရေအတွက်နဲ့ကလည်း ကိုက်ထားပြီး သားဖြစ်တော့ ပြဿနာတော့မရှိပါဘူး။”

စစ်ကိုင်းတိုင်း အတွင်းမှာတော့ အခုနောက်ဆုံး ထုတ်ပြန်တဲ့ မဲဆန္ဒရှင် စာရင်းအရ မဲပေးခွင့်ရှိသူ ၃၇ သိန်း ၈ သောင်းနီးပါး ရှိနေပြီး အခု နောက်ဆုံးထုတ်ပြန်တဲ့ စာရင်းမှာ မဲပေးခွင့်ရသူ အနည်းငယ် တိုးလာတယ် လို့လည်း တိုင်းကော်မရှင် ဥက္ကဋ္ဌ က ပြောပါတယ်။

လတ်တလောမှာတော့ နိုင်ငံတဝန်းက ရွေးကောက်ပွဲ ကော်မရှင် အသီးသီးကနေ မဲဆန္ဒရှင် သက်သေခံ လက်မှတ်တွေ ထုတ်ပေးနေပြီ ဖြစ်ပါတယ်။

ရန်ကုန်မြို့ ရွှေတောင်ကြား ရပ်ကွက် ၁ ရွေးကောက်ပွဲ ကော်မရှင်ကတော့ မဲဆန္ဒရှင် ၄ ထောင်ကျော် ရှိပြီး မြန်မာ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မဲလက်မှတ် ထုတ်ယူသူ ၁၇၀၀ နီးပါး ရှိနေတဲ့ အကြောင်း ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင် ဝန်ထမ်း ဦးဖုန်းစံ က ပြောပါတယ်။

“ကြိုတင်မဲပေးဖို့လည်း အဆင်သင့် ဦးတို့ဖက်ကလည်းရှိတယ်။ ဘာမှ သိပ်ပြဿနာမရှိဘူး။ အခက်အခဲ မရှိပါဘူး။ လောလောဆယ်တော့ ဘာမှ အခက်အခဲ မရှိပါဘူး။ အားလုံး အဆင်သင့်ပါပဲ။ ၄၀၀၀ လောက်ဆိုတော့ နဲနဲများတော့ ရေ ရတာများတာ၊ အချိန်ကြာတာပေါ့နော်။ အဲဒီတခုပဲ။ ကျန်တာဘာမှ ပြဿနာမရှိပါဘူး။”

မြန်မာ့နိုင်ငံရေး အပြောင်းအလဲကို ဖော်ဆောင်နိုင်လေမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ရက်ပိုင်းဘဲ လိုတော့တဲ့ မြန်မာ့ လွှတ်တော် ရွေးကောက်ပွဲတွေ အတွက် မဲပေးကြဖို့ မဲဆန္ဒရှင်တွေလည်း စိတ်အားထက်သန်နေကြပါတယ်။ ရွှေတောင်ကြား ရပ်ကွက် (၁) က မဲဆန္ဒရှင် ဦးကျော်ဝင်းကတော့ အခုလို ပြောပါတယ်။

“အခုလိုကျနော် မဲဆန္ဒပေးဖို့ ပြင်းပြတာ ဘာလဲဆိုတော့ ပြည်သူ့ဆန္ဒ အတိုင်း ပြုပြင်ပြောင်းလဲမှုတွေ ကို အမြန်ဖြစ်ပေါ်ဖို့အတွက် ဘာဖြစ်လို့လဲဆိုတော့ ပြီးခဲ့တဲ့ ၅ နှစ် မှာ ဒီမိုကရေစီ အစိုးရ ဆိုပေမယ့်လို့ ပြည်သူ့ဆန္ဒ အတိုင်း ပြုပြင်ပြောင်းလဲမလာဘူး။ မပြည့်စုံဘူးပေါ့။ အပြည့်အစုံ ပြုပြင်ပြောင်းလဲမှု မရှိခဲ့ဘူးပေါ့။”

သန်း ၅၀ ကျော်ရှိတဲ့ မြန်မာနိုင်ငံမှာ မဲပေးခွင့်ရှိသူက ၃၂ သန်းကျော် လောက် ရှိမယ်လို့လည်း ခန့်မှန်းထားကြပါတယ်။ ဒါပေမယ့် တနိုင်ငံလုံး မဲဆန္ဒရှင် အရေအတွက် အတိအကျကိုတော့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တရားဝင် ထုတ်ပြန် ကြေညာထားတာတော့ မရှိသေးပါဘူး။

XS
SM
MD
LG