သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုဝင်ဘာ ၈ ရက် မြန်မာရွေးကောက်ပွဲ အမေရိကန်ကြိုဆို


Mark Toner - အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန
Mark Toner - အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန

နိုဝင်ဘာလ (၈) ရက်နေ့မှာ အထွေထွေရွေးကောက်ပွဲ ကျင်းပမယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ကြေညာလိုက်တဲ့အပေါ် အမေရိကန် ပြည်ထောင်စုက ကြိုဆိုလိုက်ပြီး၊ နည်းပညာနဲ့ ငွေကြေးထောက်ပံ့မှု အကူအညီတချို့ ပေးနေတယ်လို့လည်း အမေရိကန် နိုင်ငံခြားရေးဌာနက ပြောပါတယ်။ ဒါ့အပြင် မြန်မာရွေးကောက်ပွဲကို ပထမဆုံးအကြိမ် စောင့်ကြည့်မယ့် နိုင်ငံတကာ အဖွဲ့တခုဖြစ်တဲ့ Carter Center ကလည်း မြန်မာနိုင်ငံမှာ သူတို့ရဲ့လုပ်ငန်းတွေကို သြဂုတ်လ (၁) ရက်နေ့မှာ တရားဝင် စတင်သွားမယ်လို့ ပြောပါတယ်။ မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

“သက်ဆိုင်ရာ ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၃၄ (ဂ) နဲ့ နည်းဥပဒေ ၁၆ (က) တို့အရ ၁၃၃၇ ခုနှစ်၊ သီတင်းကျွတ် လပြည့်ကျော် ၁၁ ရက်၊ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်၊ တနင်္ဂနွေနေ့တွင် လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သတ်မှတ်ကြေညာလိုက်သည်။ ဥက္ကဋ္ဌ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဟု ဖော်ပြပါရှိပါတယ်ရှင်။”

ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွေကို နိုဝင်ဘာလ (၈) ရက်နေ့ တနင်္ဂနွေနေ့မှာ ကျင်းပမယ့်အကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ကြေညာချက်ကို အစိုးရပိုင် ရုပ်မြင်သံကြားကနေ မနေ့ညက ကြေညာသွားတာပါ။ အခုလို ရွေးကောက်ပွဲ ကျင်းပမယ့်ရက် အတိအကျ ကြေညာလိုက်တာကို အမေရိကန် ပြည်ထောင်စု အနေနဲ့ ကြိုဆိုကြောင်း ဗုဒ္ဓဟူးနေ့က ကျင်းပတဲ့ ပုံမှန်သတင်းစာ ရှင်းလင်းပွဲမှာ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် Mark Toner ကပြောသွားပါတယ်။

“အခုလို ရွေးကောက်ပွဲ ကျင်းပမယ့်ရက် အတိအကျ ကြေညာလိုက်တာကို ကျနော်တို့ ကြိုဆိုပါတယ်။ မြန်မာ့ဒီမိုကရေစီ ပြောင်းလဲရေးမှာ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲဟာ အရေးကြီးတဲ့အဆင့် ဖြစ်တယ်လို့ ကျနော်တို့ မြင်ပါတယ်။ အားလုံးပါဝင်နိုင်ပြီး ထင်သာမြင်သာရှိတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ သေချာအောင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အပါအဝင် နိုင်ငံရေးပါတီ တချို့နဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေကို နည်းပညာပိုင်းဆိုင်ရာ အကူအညီတချို့ အမေရိကန်အစိုးရက ထောက်ပံ့ပေးနေပါတယ်။”

ဒါ့အပြင် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာဖို့ကိစ္စနဲ့ ပတ်သက်လို့လည်း -

“ကျနော်တို့ သိသလောက် Carter Center ရဲ့ အဖွဲ့ဝင်တွေနဲ့ ဥရောသမဂ္ဂတို့ကို ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ဖို့ ဖိတ်ခေါ်ထားပြီး ဖြစ်ပါတယ်။ ပြည်တွင်းနဲ့ ပြည်ပက ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေကိုလည်း ခွင့်ပြုမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြောထားပါတယ်။ ဒါပေမဲ့ လုပ်ငန်းစဉ်တွေကတော့ ဆက်လက် ဆောင်ရွက်နေတုန်းဖြစ်ပြီး ဘယ်သူတွေ ဖြစ်မယ်ဆိုတာကိုတော့ သူတို့အသေအချာ မဆုံးဖြတ်ရသေးပါဘူး။”

ဒါ့အပြင် လူထုအခြေပြု အဖွဲ့အစည်းတွေကို ထောက်ပံ့ကူညီတဲ့ အနေနဲ့ ရွေးကောက်ပွဲ စောင့်ကြည့်ရေး သင်တန်းတွေကို အမေရိကန်အစိုးရက ပံ့ပိုးပေးနေပြီး ဒီအဖွဲ့အစည်းတွေ အနေနဲ့ ပါတီအဖွဲ့စွဲ မရှိတဲ့ လူဦးရေ (၅၀၀၀) အထက်ကို ရွေးကောက်ပွဲ မတိုင်ခင် ရွေးကောက်ပွဲ စောင့်ကြည့်ရေး သင်တန်းတွေ ပို့ချပေးသွားမှာ ဖြစ်ပါတယ်လို့ Mark Toner ကသတင်းထောက်တွေကို ပြောသွားပါတယ်။

ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ဖို့ ပထမဆုံးအကြိမ် ဖိတ်ခေါ်ခံထားရတဲ့ Carter Center ကလည်း မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပမယ့်ရက် သတ်မှတ်လိုက်တဲ့အတွက် အားရမိကြောင်းနဲ့ ကြိုတင်မဲပေးမယ့် ကိစ္စကိုလည်း ဆက်ပြီးစောင့်ကြည့်သွားမယ်လို့ Carter Center ရဲ့ ဒီမိုကရေစီရေးရာ အစီအစဉ် တွဲဘက် ညွှန်ကြားရေးမှူး Jonathan Stonestreet ကပြောပါတယ်။

“ကျနော်တို့ဒီမှာ ဘာလုပ်ဖို့ ကြိုးစားနေသလဲဆိုတော့ ရွေးကောက်ပွဲဖြစ်စဉ်မှာ ဘယ်ဟာက အလုပ်ဖြစ်တယ်၊ ဘယ်နေရာမှာ ပြဿနာရှိတယ်၊ သို့မဟုတ် ဘယ်နေရာမှာ ပိုကောင်းအောင် လုပ်ရမလဲဆိုပြီး၊ ဘက်မလိုက်ပဲ အကဲဖြတ်နိုင်ဖို့ ဖြစ်ပါတယ်။ အဲဒီတော့ ရွေးကောက်ပွဲအတွက် ကျနော်တို့က အကြံပြုချက်တွေပါတဲ့ အစီရင်ခံစာတွေနဲ့ ကြေညာချက်တွေကို ထုတ်ပြန်မှာ ဖြစ်ပါတယ်။ ပြီးတော့ ရွေးကောက်ပွဲနေ့ မတိုင်ခင် ရွေးကောက်ပွဲဖြစ်စဉ် ပိုကောင်းလာအောင် ရွေးကောက်ပွဲ ကော်မရှင်နဲ့ တခြားသူတွေက ဒီအကြံပေးချက်တွေကို ကျင့်သုံးကြမယ်လို့ မျှော်လင့်ပါတယ်။ ရွေးကောက်ပွဲ ပြီးရင်လည်း ကျနော်တို့က ဒီရွေးကောက်ပွဲ ဖြစ်စဉ်ကို ခြုံငုံပြီး အကဲဖြတ် စစ်ဆေးချက်တွေကို ထုတ်ပြန်ကြေညာမှာပါ။”

မြန်မာနိုင်ငံမှာ မဲဆန္ဒရှင်စာရင်း အတော်များများ မှားယွင်းနေတာတွေကို အချိန်မှီ ပြင်ဆင်နိုင်ပြီး လာမယ့် သြဂုတ်လမှာ မဲဆန္ဒရှင်စာရင်း အပြီးသတ်ကို ထုတ်ပြန်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း သူက ပြောပါတယ်။

“ကျနော်တို့အတွက်က လောလောဆယ်မှာ မဲဆန္ဒရှင်စာရင်း ဘယ်လောက်မှန်ကန် တိကျတယ်ဆိုတာ အတည်ပြုဖို့ ခက်ပါတယ်။ ပဏာမအဖြစ် ပြုလုပ်ထားတဲ့ မဲစာရင်းဖြစ်ပြီးတော့ ဒီစာရင်းကို ထုတ်ပြန်ရခြင်း အကြောင်းရင်းက လူတွေအနေနဲ့ စာရင်းကို စစ်ကြည့်ပြီး ပါလာတဲ့ အမှားတွေကို ပြင်နိုင်ဖို့ပဲ ဖြစ်တယ်လို့ ပြောလို့ရပါတယ်။ ကျနော် နားလည်ထားတာက တချို့အမှားတွေက အသေးအမွှားဖြစ်ပေမဲ့ တချို့ကြတော့ မဲစာရင်းထဲမှာ လူတွေ မပါလာတာနဲ့ မပါသင့်တဲ့လူတွေ ပါနေတာတို့ ဖြစ်ပါတယ်။”

Carter Center ရဲ့ လေ့လာစောင့်ကြည့်ရေး လုပ်ငန်းစဉ်တွေကို သြဂုတ်လ (၁)ရက်နေ့မှာ စတင်မှာဖြစ်ပြီး အမေရိကန်၊ ဥရောပ၊ အာဖရိက စတဲ့ နိုင်ငံတကာက ရွေးကောက်ပွဲ စောင့်ကြည့်သူ (၅၀) ဦး လောက် ပါဝင်မှာ ဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် လွှတ်တော် ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်း ဇူလိုင်v (၂၀) ရက်နေ့မှာ စတင်ပြီး သြဂုတ်လ (၈) ရက်နေ့ နောက်ဆုံးထား တင်သွင်းဖို့ ရွေးကောက်ပွဲ ကော်မရှင်က ကြေညာချက် ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် မဲဆွယ်စည်းရုံးမှု ကာလကို ရက်ပေါင်း ၆၀ အထိ တိုးမြှင့်ပေးသွားမယ်လို့လည်း ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ကတိပေး ပြောဆိုထားပါတယ်။

ရွေးကောက်ပွဲအတွက် သတ်မှတ်ထားတဲ့ မဲဆန္ဒနယ်မြေတွေကိုလည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဒီလဆန်းပိုင်းမှာ ထုတ်ပြန်ထားပါတယ်။ အဲဒီထဲမှာ နိုင်ငံတဝန်းလုံး မဲဆန္ဒနယ်မြေ စုစုပေါင်း ၁၁၇၁ ခု ရှိပြီး ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေပေါင်း ၃၃၀ နဲ့ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်ပေါင်း ၁၆၈ ခု ရှိပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှွတ်တော် မဲဆန္ဒနယ်မြေ စုစုပေါင်း ၆၄၄ ခုနဲ့ တိုင်းရင်းသားရေးရာဝန်ကြီး မဲဆန္ဒနယ်ပေါင်း ၂၉ ခု ရှိပါတယ်။ ဒီအတောအတွင်းမှာပဲ ရွေးကောက်ပွဲကာလအတွင်း မဲရုံလုံခြုံရေး တိုးမြှင့်နိုင်ဖို့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ရွေးကောက်ပွဲအထူးရဲ ၂၀၀၀၀ ကျော် ခေါ်ယူမယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG