သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲကော်မရှင် တတိယအကြိမ် မဲစာရင်းထုတ်ပြန်


နိုဝင်ဘာလ ၈ ရက်နေ့ကျင်းပမယ့် လွှတ်တော် ရွေးကောက်ပွဲတွေအတွက် အပြီးသတ် မဲဆန္ဒရှင်စာရင်းတွေကို ဒီကနေ့ ထုတ်ပြန်ပါတယ်။ အခု မဲစာရင်း ထုတ်ပြန်တာမှာလည်း မဲရုံတခုချင်းစီမှာ မဲပေးခွင့်ရှိသူစာရင်းတွေကို သီးခြားကပ်ထားကြေညာတာကြောင့် အမှားအမှန်စစ်ဆေးဖို့ ပိုပြီး ခက်သွားပါတယ်။ မဲဆန္ဒရှင်စာရင်းတွေ မှန်ကန်ဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဘက်က ဆောင်ရွက်ချက်တွေဟာ မဲဆန္ဒရှင်တွေအတွက် ပိုပြီး ရှုပ်ထွေးလာစေတယ် လို့လည်း ဝေဖန်မှုတွေ ရှိနေတာပါ။ မသိင်္ဂီထိုက်က စုစည်းတင်ပြထားပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ နောက်ဆုံး မဲဆန္ဒရှင်စာရင်းကတော့ မဲရုံတစ်ခုချင်းစီမှာ မဲပေးခွင့်ရှိသူတွေကို သီးသန့်ခွဲထုတ် ကပ်ထားကြေညာလိုက်ပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပထမအကြိမ် မဲဆန္ဒရှင်စာရင်းထုတ်ပြန်တာမှာ အိမ်ထောင်စု ဇယားကို အခြေခံပြီး ထုတ်ပြန်ခဲ့တာပါ။ ဒုတိယအကြိမ်မှာတော့ အက္ခရာစဉ်အလိုက် ပြင်ဆင်ထုတ်ပြန်ပါတယ်။ အခု အပြီးသတ် ထုတ်ပြန်လိုက်တာမှာ တော့ မဲရုံတစ်ခုချင်းစီရဲ့ မဲဆန္ဒရှင်စာရင်းတွေကို ခွဲပြီး ကပ်တာကြောင့် စိစစ်ဖို့ ပိုပြီးခက်သွားတယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပြောခွင့်ရ ဦးထွန်းထွန်းဟိန်က ပြောပါတယ်။

“ကျနော်တို့က လုပ်ရကိုင်ရတာ တော်တော် အခက်အခဲရှိတယ်ပေါ့နော်။ ကျနော်တို့ ဥပမာ model တစ်ခုထဲဆိုရင် ဒီ modelမှာ ဘယ်နေရာမှာ မှားနေတယ်ဆိုတာကို ကြည့်လိုက်ပြီးတော့ မှားနေတဲ့နေရာကို ကျနော်တို့က ပြင်ပေးပါပြောရင် နောက်တခါ ပြန်ထုတ်လာတဲ့အခါ ဒီ model ပဲလို့ ကျနော်တို့ကပြောရင် ဒါပြင်ပေးတယ်၊ မပြင်ပေးဘူးဆိုတာ ကျနော်တို့က စစ်ဆေးလို့ရတာပဲ။ စီစစ်လိုလည်း ရတာပဲ။ အခုတခါ ထုတ်လာတာကျတော့ ပထမတစ်ခါထုတ်တဲ့ ပုံစံကတစ်မျိုး၊ ဒုတိယတခါ ထုတ်တဲ့ပုံစံက တစ်မျိုး၊ အခု နောက်ဆုံးတစ်ခါ ထုတ်တဲ့ ပုံစံကျတော့လည်းတစ်မျိုးပေါ့နော်၊ ဆိုတော့ တစ်ခုနဲ့တစ်ခုနဲ့ကမတူတော့- ဒီဟာတွေကို တိုက်ဆိုင်စစ်ဆေးဖို့ဆိုတာ ဒါမဖြစ်နိုင်သလောက်ပဲပေါ့လေ။ စိုးရိမ်စိတ်တော့ရှိတာပေါ့လေ။ ဘာကြောင့်လဲ ဆိုတော့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ဆိုတာက ပထမဆုံးအနေနဲ့လိုတာက မဲစာရင်းမှန်ကန်တိကျဖို့ လိုတာကိုးဗျ။ စောင့်ကြည့်တယ် ဆိုတာက စာရင်းပေါ်မှာ သေချာထိုင်ပြီးတော့မှ စောင့်ကြည့်လို့ရတာလေ။ စာရင်းပေါ်မှာ စောင့်ကြည့်လို့ရတယ်လို့တော့ပြောပြီးတော့ စာရင်းပုံစံပြောင်းတာနဲ့အမျှ စောင့်ကြည့်နိုင်တဲ့အနေအထားက တော်တော်အားနည်းသွားတာပေါ့။”

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မဲစာရင်း တိကျမှန်ကန်မှု ရှိစေရေး ရည်ရွယ်ချက်နဲ့ အထပ်ထပ် ပြင်ဆင်ထုတ်ပြန်တဲ့ မဲစာရင်းက တခါထွက် ပုံစံ တမျိုး ဖြစ်နေတာကြောင့် မဲစာရင်းစစ်ဖို့ ပိုပြီး ခက်ခဲရှုပ်ထွေးသွားစေသလို မဲရုံ စောင့်ကြည့်သူတွေအတွက်လည်း အခက်တွေ့စေမယ်လို့ ဦးထွန်းထွန်းဟိန်က ပြောပါတယ်။

“မဲရုံတွေမှာ မဲရုံကိုယ်စားလှယ်နဲ့ အကူကိုယ်စားလှယ်ဆိုပြီး ကျနော်တို့ကတော့ ခန့်ထားတာပေါ့ဗျာ။ ခန့်ထားတဲ့အခါကျတော့ ကျနော်တို့မှာ ရှိနေတဲ့ ဥပမာ- နယ်မြို့လေးတွေမှာဆိုရင် ဒီတစ်ယောက်နဲ့ တစ်ယောက်နဲ့က တစ်ရပ်ကွက်တည်း၊ တစ်ကျေးရွာတည်းဆိုရင် သိနေတာပေါ့ဗျာ။ ကျနော်ပြောတာက အဲဒီနေရာမှာဆိုရင်တော့ နည်းနည်းလေး မသမာမှုဖြစ်ဖို့ နည်းနည်းတော့ ခဲယဉ်းတာပေါ့လေ။ ဒါပေမယ့် ရန်ကုန်လိုမြို့မှာကျတော့ ရပ်ကွက်ထဲမှာ ရှိတဲ့လူလား၊ မရှိတဲ့လူလား၊ မဲပေးခွင့်ရှိတဲ့လူလား၊ မရှိတဲ့လူလား ဆိုတာ ကျနော်တို့က ဘယ်လိုမှ မသိနိုင်တော့ဘူး။”

ရွေးကောက်ပွဲ ကော်မရှင်ရဲ့ စည်းမျဉ်းစည်းကမ်းတွေ နောက် မဲဆန္ဒရှင်စာရင်းထုတ်ပြန်မှုတွေဟာ တစတစ ပိုပြီး ရှင်းလင်းလွယ်ကူလာရမယ့်အစား ပိုပိုပြီးတော့ ရှုပ်ထွေးလာတယ်လို့လည်း ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်နေတဲ့ Myanmar Institute for Democracy အဖွဲ့က ကိုအောင်စိုးမင်းက ပြောပါတယ်။

“ကျနော်တို့မြင်တာကတော့ ပိုပြီးတော့တောင် တဖြည်းဖြည်းရှုပ်ထွေးလာတယ်လို့တောင် မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လုပ်ထုံးလုပ်နည်းတွေက တဖြည်းဖြည်းများလာတယ်။ ကျနော်တို့ပြောရရင် ဥပဒေတွေ အရမ်းများလို့ရှိရင် အဲဒီ ဥပဒေတွေက ပြန်ပြီးတော့ ကိုယ့်ကိုယ် ချည်နှောင်သလိုပဲလေ။ voter list ကိုထုတ်တဲ့အခါမှာလည်း ပထမတကြိမ် display လုပ်တုန်းက သုံးတဲ့နည်းစနစ်နဲ့ ဒုတိယအကြိမ်ထုတ်တုန်းက သုံးတဲ့နည်းစနစ် မတူတော့ပြန်ဘူး။ ဥပမာ- ပထမဆုံးအကြိမ်ဆိုရင် အိမ်နံပါတ်အရတန်းစီပြီးထုတ်တယ်၊ မိသားစုထဲကလူတွေက တနေရာတည်းမှာ တစုတစည်းတည်း ရှိတော့ မဲစာရင်းကို ရှာရတာလွယ်တယ်။ ဒုတိယအကြိမ်ထုတ်တဲ့အခါကျတော့ Alphabetical order ဖြစ်သွားတဲ့အခါမှာ ရှာရဖွေရတာတွေ ခက်ကုန်ရော၊ အဲတော့ ဘာတွေပါ ထပ်ဖြစ်လာသေးလဲဆိုတော့ လူတယောက်ရဲ့ နာမည်က နှစ်နေရာမှာပါနေတယ်ဆိုတာကို အလွယ်တကူမသိနိုင်ဘူး။ ဆိုတော့ အခု တတိယအကြိမ်မှာ ဘယ်လိုဖြစ်လာမယ်ဆိုတာကို နောက်ရက်တွေမှာ စောင့်ကြည့်ရအုန်းမယ့် အပိုင်းလေးတွေရှိတယ်ပေါ့နော်။ အဲတော့ သူတို့ လုပ်ပုံလုပ်နည်းတွေ ခဏခဏပြောင်းလဲခြင်းဟာ အဆင်ပြေတာထက်၊ အဆင်မပြေမှုဟာ ပြည်သူလူထုအတွက် ပိုများတယ်လို့ ကျနော်တို့မြင်ပါတယ်။”

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဘက်ကတော့ တနိုင်ငံလုံး မဲပေးခွင့်ရှိသူ ၃၃ သန်းကျော်ရှိတယ်လို့ ပြောထားပေမယ့် မြို့နယ်တစ်ခုချင်းစီမှာ မဲဆန္ဒရှင် ဦးရေဘယ်လောက် ရှိနေတယ်၊ မဲစာရင်းတွေကို ဘယ်အတိုင်းအတာထိ ပြင်ဆင်ထားတယ်ဆိုတာတွေကိုတော့ အတိအကျ ထုတ်ပြန်ထားတာ မရှိသလို ဒီကနေ့ ဆက်သွယ်တဲ့ အခါမှာလည်း တယ်လီဖုန်း လက်ခံဖြေကြားမယ့်သူမရှိတာ၊ တယ်လီဖုန်း ပိတ်ထားပါတယ်ဆိုတဲ့ တုံ့ပြန်ချက်တွေကိုပဲ ရရှိခဲ့ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဦးတင်အေးကတော့ မဲဆန္ဒရှင်စာရင်းမှန်ကန်ဖို့ ၃၀ %ပဲ တာဝန်ယူမယ်လို့ ပြောဆိုထားပြီး ဖြစ်ပါတယ်။

XS
SM
MD
LG