သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံသားပြဿနာကြောင့် ကိုယ်စားလှယ်လောင်းတချို့ အမည်စာရင်းပယ်ဖျက်ခံရ


မကြာခင်ကျင်းပတော့မယ့် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေကို ကော်မရှင်က စတင် စိစစ်နေချိန်မှာပဲ နိုင်ငံသားဖြစ်မှုနဲ့ ပတ်သက်ပြီး ကိုယ်စားလှယ်လောင်းတချို့ရဲ့ လျှောက်လွှာတွေလည်း ပယ်ချခံနေရပါတယ်။

အမည်စာရင်း တင်သွင်းလွှာ ပယ်ချဖို့ ဆုံးဖြတ်ချက်ကို ပြန်လည် ချေပ အယူခံဝင်မယ့်သူရှိသလို ဥပဒေနဲ့အညီ ဖြစ်တယ်ဆိုရင် ဆုံးဖြတ်ချက်ကို လက်ခံမယ့် သူတွေလည်း ရှိနေကြပါတယ်။ အသေးစိတ်ကို ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က တင်ပြထားပါတယ်။

နိုဝင်ဘာလ ၈ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းတွေအဖြစ် အမည်စာရင်း တင်သွင်းထားတဲ့ အထဲက အနည်းဆုံး ကိုယ်စားလှယ် ၃ ယောက်ရဲ့ လျှောက်လွှာတွေကို နိုင်ငံသားဖြစ်မှုနဲ့ ဆက်နွယ်ပြီး သက်ဆိုင်ရာ ကော်မရှင်ရုံးတွေက ပယ်ချခဲ့ကြတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲတုန်းက အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံထားရတဲ့ ဦးရွှေမောင်ဟာ မြန်မာနိုင်ငံသား မိဘ ၂ ဦးက မွေးဖွားသူ မဟုတ်တဲ့အတွက် ရွေးကောက်ပွဲ ဥပဒေပုဒ်မ (၁ဝ)(ဂ) အပိုဒ်(င) အရ ရွေးချယ်ခံပိုင်ခွင့် မရှိဘူးဆိုပြီး ပြိုင်ဘက် ကိုယ်စားလှယ်လောင်း တဦးက တိုင်ကြားခဲ့တဲ့နောက် မောင်တောခရိုင် ရွေးကောက်ပွဲ ကော်မရှင် က လျှောက်လွှာကို ပယ်ချခဲ့တာပါ။

ဒီတကြိမ်ရွေးကောက်ပွဲမှာတော့ တသီးပုဂ္ဂလအဖြစ် အရွေးခံဖို့ စီစဉ်ထားတဲ့ ဦးရွှေမောင်ကတော့ ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ကို အယူခံပြန်ဝင်မယ်လို့ ပြောပါတယ်။

“၂၀၁၀ ခုနှစ်က လွှတ်တော်ကိုယ်စားလှယ်လောင်းရဲ့ အရည်အချင်း မီမှု မမီမှုနဲ့ ပတ်သက်တဲ့ ပုဒ်မ ၁၀ (င) ပေါ့ အဲဒါလည်း ၂၀၁၀ တုန်းကနဲ့ အခုနဲ့လည်း အတူတူပဲ။ ဘာမှပြောင်းလဲခြင်းမရှိဘူး။ ၂၀၁၀ တုန်းက ကျနော် ရွေးကောက်တင်မြှောက်ခြင်းခံရတယ်။ ကျနော် လက်ရှိ လွှတ်တော်ကိုယ်စားလှယ် လုပ်တယ်ဗျာ။ ၂၀၁၅ ကျတော့မှ လျှောက်လွှာတင်တော့ကျမှ ပယ်တယ်ဆိုတော့ ဒါက ရှေ့နောက်မညီတဲ့ ကိစ္စတခုလို့ပဲ ကျနော်က မှတ်ချက်ပေးချင်ပါတယ်။ ရခိုင်ပြည်နယ် ကော်မရှင်က ပယ်ခဲ့တယ်ဆိုရင်လည်း ကျနော်က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် နေပြည်တော်ကို ဆက်လက် အယူခံရမှာပေါ့နော်။ အန်ကယ်လ့်ရဲ့ အမျိုးသားမှတ်ပုံတင်ကဒ်ပြား မိဘနှစ်ပါးရဲ့ မှတ်ပုံတင်ကဒ်ပြားနဲ့ ကျနော်တို့ မျိုးရိုးစဉ်ဆက်ရဲ့ လိုအပ်တဲ့ အချက်အလက်တွေကို အားလုံး တင်သွင်းတယ်။ တင်သွင်းပြီးတော့ ၁၉၈၂ ခုနှစ်နော် မြန်မာနိုင်ငံသားဥပဒေ၊ နည်းဥပဒေ အားလုံးနဲ့ ကိုက်ညီတဲ့အတွက် အန်ကယ်လ့်ရဲ့ မိဘနှစ်ပါးပါ နိုင်ငံသားဖြစ်နေတဲ့အတွက် အန်ကယ်လ့်ကို နိုင်ငံသားစိစစ်ရေးကဒ် ထုတ်ပေးခဲ့တာပါ။ ဆိုတော့ အခုကျမှ ကျနော့်ရဲ့မိဘနှစ်ပါးက နိုင်ငံသားမဟုတ်ဘူးလို့ ပြောတဲ့ဟာသည် ဒါက တခုခုတော့ ဖိအားကြောင့်လား၊ နောက် အဖွဲ့အစည်းတခုခုရဲ့ တောင်းဆိုချက်ကြောင့်လား၊ သို့မဟုတ် ဘာကြောင့်လဲဆိုတာက ကျနော်တို့ သံသယဖြစ်စရာ ရှိပါတယ်။”

မောင်တောခရိုင်အတွင်းမှာပဲ တသီးပုဂ္ဂလအဖြစ် ဝင်ရောက်အရွေးချယ်ခံမယ့် ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၉) က အမျိုးသမီး ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဒေါ်ခင်ခင်လွင် ဟာလည်း အလားတူ အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရတာပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်မြေကနေ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာ ဝင်းမြင့် ဟာလည်း နိုင်ငံသားမဖြစ်သေးတဲ့ မိဘနှစ်ပါးက မွေးဖွားလာသူအဖြစ် လျှောက်လွှာကို ပယ်ချထားတာဖြစ်ပါတယ်။ မန္တလေးတိုင်း ဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်ရုံးကို အယူခံ ဆက်တက်သွားဖို့ ပြင်ဆင်နေပါတယ်။ NLD ပြောခွင့်ရ ဦးဉာဏ်ဝင်းကတော့ ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်တွေဟာ ဥပဒေနဲ့အညီဖြစ်တယ်ဆိုရင် လက်ခံဖို့ အသင့်ရှိတယ်လို့ ပြောပါတယ်။

“သူ့ကိုမွေးတဲ့အချိန်မှာ မိဘတဦးဦးက နိုင်ငံခြားသားဖြစ်နေလို့ အဲဒီလို ကြားပါတယ်။ ဥပဒေအရ မှန်ရင်တော့ ကျနော်တို့ အစအဆုံး လိုက်ပေးမှာပါ။ ဥပဒေအရကို ငြိနေတယ်ဆိုရင်တော့ ဘာမှ လုပ်လို့ရမှာ မဟုတ်ဘူး။”

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ တာဝန်ခံ ဦးမြင့်နိုင်ကတော့ ရွေးကောက်ပွဲဥပဒေနဲ့အညီ ကိုယ်စားလှယ်လောင်းတွေကို စိစစ်ရွေးချယ် နေပါတယ်လို့ ပြောပါတယ်။ တကယ်လို့ ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ လျှောက်လွှာကို ပယ်ချခံရတယ် ဆိုရင်လည်း ၇ ရက်အတွင်း အယူခံဝင်နိုင်တယ်လို့ အခုလို ရှင်းပြပါတယ်။

“သူ မွေးဖွားတဲ့အချိန်မှာလေ သူ့မိဘနှစ်ပါးစလုံးက နိုင်ငံသားဖြစ်ဖို့ လိုအပ်ပါတယ်။ တပါးပါးက နိုင်ငံခြားသား ဖြစ်နေရင်တော့ သူက ဘောင်မဝင်တော့ဘူးပေါ့။ နောက်ပြီးတော့ မြန်မာနိုင်ငံတွင်းမှာ အနည်းဆုံး ၁၀ နှစ် အခြေချနေထိုင်တဲ့သူ ဖြစ်ရမယ်ပေါ့။ နောက် နိုင်ငံသားမိဘနှစ်ပါးက မွေးဖွားတဲ့ နိုင်ငံသားဖြစ်ရမယ်။ အဲဒီအချက်တွေနဲ့ဆိုရင် ရွေးချယ်တင်မြှောက်ပိုင်ခွင့် ရှိတဲ့သူတွေပေါ့။ ရွေးချယ်တင်မြှောက်ပိုင်ခွင့် မရှိတဲ့သူတွေကတော့ ထောင်ဒဏ်ကျခံနေရတဲ့ သူတွေပေါ့။ နောက် စိတ်ပေါ့သွပ်နေတယ်လို့ သက်ဆိုင်ရာဥပဒေက ပြဌာန်းထားတဲ့အတိုင်း သတ်မှတ်ခြင်းခံရတဲ့သူတွေ။ နောက် လူမွဲအဖြစ် သက်ဆိုင်ရာ တရားဝင် ကြေညာထားခြင်း ခံရတဲ့သူတွေပေါ့။ နောက် မွေးဖွားစဉ်က နိုင်ငံသားမဖြစ်သေးတဲ့ မိဘတပါးပါးမှဖြစ်စေ၊ နှစ်ပါးစလုံးကဖြစ်စေ မွေးဖွားတဲ့နိုင်ငံသားပေါ့။ နောက် နိုင်ငံခြားအစိုးရရဲ့ ကျေးဇူးသစ္စာကို ခံယူစောင့်ရှောက် ရိုသေတဲ့သူတွေ၊ နိုင်ငံခြားအစိုးရရဲ့ သြဇာခံသူတွေ၊ နိုင်ငံခြားအစိုးရ နောက်ခံဖြစ်တဲ့သူတွေ၊ တိုင်းတပါးသားရဲ့ နိုင်ငံသားဖြစ်တဲ့သူတွေ၊ ဒီလူတွေဟာ ရွေးလို့မရဘူးပေါ့။”

အခုအချိန်အထိ ၂၀၁၅ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် လွှတ်တော်ကိုယ်စားလှယ် ၆,၁၈၉ ဦးအထိ ရှိပါတယ်။ ဒီအထဲမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းက ၁,၇၇၂ ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းကတော့ ၉၁၃ ဦး၊ တိုင်းရင်းသားလူမျိုး လွှတ်တော် ကိုယ်စားလှယ်လောင်း ၁၆၃ ဦးအပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ၃,၅၀၄ ဦး ရှိတဲ့အကြောင်း ရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG