သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Straits Times သတင်းစာကို မြန်မာသံရုံး ကန့်ကွက်


the straits times Web စာမျက်နှာ
the straits times Web စာမျက်နှာ

စင်ကာပူနိုင်ငံက The Straits Times သတင်းစာပါ စင်ကာပူနိုင်ငံ ပန်းခြံတခုထဲက ပြည့်တန်ဆာလုပ်ငန်းလုပ်နေတဲ့ အမျိုးသမီးတွေဟာ မြန်မာနိုင်ငံ ဖြစ်နိုင်တယ်ဆိုတဲ့ သတင်းရေးသားချက်နဲ့ပတ်သက်လို့မြန်မာနိုင်ငံ လို့ နိုင်ငံအမည်တပ် ရေးသားချက် အပေါ် စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးဘက်က သတင်းစာကို ကန့်ကွက်စာ ပေးပို့လိုက်ပါတယ်။ စင်ကာပူနိုင်ငံက ပြည်တန်ဆာလုပ်ငန်းတွေထဲ မြန်မာအမျိုးသမီးတွေ ပါဝင်ခြေ ရှိမရှိဆိုတာနဲ့ပတ်သက်လို့လည်း မြန်မာသံရုံးဘက်က စုံစမ်းစစ်ဆေးပါတယ်။ ဒီလို မြန်မာနိုင်ငံကဆိုပြီး သတင်းဖော်ပြမှု အပေါ်မှာ စင်ကာပူရောက်မြန်မာနိုင်ငံသားတွေ မကျေနပ်ကြပဲ စိတ်မသက်မသာ ဖြစ်နေပါတယ်။ သတင်းအသေးစိတ် မဆုမွန်က စုစည်းတင်ပြပေးထားပါတယ်။

စကာၤပူ နိုင်ငံက Punggol ခေါ်တဲ့ ပန်းခြံတခုထဲမှာ ပလစ်စတစ်တွေခင်း ယာယီအမိုးအကာနဲ့ တဲလေးတွေဆောက်ပြီး ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေသူ အမျိုးသမီးတွေရှိပြီး အဲဒီ အမျိုးသမီးတွေထဲက တချို့ဟာ မြန်မာနိုင်ငံက ဖြစ်နိုင်တဲ့အကြောင်း The Straits Times သတင်းစာမှာ ဧပြီလ ၂၅ရက်နေ့ ရက်စွဲနဲ့ ရေးသားဖော်ပြခဲ့ပါတယ်။ အခု စင်ကာပူရဲစခန်းက ထိန်းသိမ်းထားတဲ့ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်သူ အမျိုးသမီး (၈)ဦးထဲမှာတော့ မြန်မာနိုင်ငံသား တဦးမှ မပါဘူးလို့ ဒေသဆိုင်ရာနယ်မြေခံရဲစခန်းနဲ့တွေ့ဆုံခဲ့တဲ့ မြန်မာသံရုံး တာဝန်ရှိသူတွေက ဗွီအိုအေကို ပြောပါတယ်။ ဒါပေမယ့်လို့ ဒီလုပ်ငန်းတွေထဲ မြန်မာနိုင်ငံသားတွေ ပါ၊ မပါ ဆိုတာကိုတော့ သံရုံးဘက်က ဆက်လက်စုံစမ်းနေပါတယ်။

တချိန်တည်းမှာပဲ အခုလို စင်ကာပူနိုင်ငံက The Straits Times သတင်းစာပါ စင်ကာပူနိုင်ငံက ပန်းခြံတခုထဲ မြန်မာ အမျိုးသမီးတွေ ပြည့်တန်ဆာ လုပ်နေတယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံလို့ နိုင်ငံအမည်တပ် ရေးသားချက် အပေါ် စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးဘက်က သတင်းစာကို ကန့်ကွက်စာ ပေးပို့လိုက်ပါတယ်။ မြန်မာသံရုံးဘက်က အဲ့ကိစ္စနဲ့ပတ်သက်ပြီး ဆောင်ရွက်နေတာတွေကို ဗွီအိုအေ မြန်မာပိုင်းက မေးမြန်းစဉ် စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သံမှူးဒေါ်ထွေးထိပ်တင်လွင်က အခုလို ဖြေထားပါတယ်။

“ဒေါ်ထွေးထိပ်တင်လွင်။ ။ ကျမတို့သတင်းကြားကြားခြင်းပဲ ကျမတို့ သက်ဆိုင်တဲ့နယ်မြေရဲစခန်းဘယ်သူလဲဆိုတာ Source လိုက်ပါတယ်။ ပြီးတော့အဲဒီမှာ ၂ ချက်ပေါ့နော်။ ပထမတချက်က နယ်မြေရဲစခန်းနဲ့ ကျနော်တို့တွေ့ဆုံပြီးတော့ ဒီမှာ မြန်မာလူမျိုးပါဝင်ပတ်သက်မှုရှိ၊ မရှိပေါ့ ၁ အချက်က ။ ပါဝင်ပတ်သက်မှုရှိလာပြီဆိုရင် ဒီ host နိုင်ငံပေါ့နော် လက်ခံတဲ့နိုင်ငံရဲ့ စည်းမျဉ်းဥပဒေအတိုင်းပဲ ဒီပြစ်ဒဏ်ပေါ့နော်။ အဲဒီမှာလည်း မြန်မာနိုင်ငံသားတွေဖြစ်တဲ့အတွက် သံရုံးအနေနဲ့ ဘာကူညီစောင့်ရှောက်ရမလဲပေါ့နော် အဲဒီတပိုင်းပေါ့။ နောက်တပိုင်းကတော့ မြန်မာနိုင်ငံသားမပါတော့ဘူးလို့ သေချာပြီဆိုတာနဲ့ ကျနော်တို့ကတွေက condemn letter ပေါ့နော် ၊ ပြင်းထန်စွာရှုံ့ချတဲ့ letter ကို ဒီနေ့မနက်ထုတ်ပြီးသွားပြီ။ ပါပါ၊ မပါပါ ထုတ်လိုက်ပြီ ဘာဖြစ်လို့လဲဆိုတော့ စကားလုံးစကားစု မြန်မာနဲ့ prostitution ဆိုတဲ့ စကားလုံး၊ စကားစုကို တွဲသုံးထားတဲ့အတွက် ကျနော်တို့က မကြိုက်ကြောင်းပေါ့နော်။ သတင်းဖော်ပြတဲ့အခါမှာ မြန်မာလူမျိုးကိုဖော်ပြတဲ့ စကားလုံးစကားစုတွေကိုကျမတို့ပြင်းထန်စွာ ကန့်ကွက်ပါတယ်ပေါ့နော်။ သေချာစွာ စုံစမ်းစစ်ဆေးခြင်းမပြုပဲ ရေးသားဖော်ပြချက်ကိုလည်း ကျမတို့က ကန့်ကွက်ပါတယ်။ နောက်တခုက သတင်းမှန်ကန်စွာဖော်ပြရေးနဲ့ မြန်မာလူမျိုးများပါဝင်ပတ်သက်ခဲ့ပါကလည်း အဲဒီတဦးတယောက်ချင်းစီ အမည်ကိုဖော်ပြရမယ်။ ဘာကြောင့်လဲဆိုတော့ တိုင်းပြည်နဲ့ လူမျိုးကို ရေးသားချင်းမပြုရဘူး။ ထားပါတော့ မစ် ထွေးထွေးဆိုရင် Myanmar citizen မစ် ထွေးထွေးလို့ဖော်ပြရမယ်။ ဒါမှမဟုတ်ပဲနဲ့ မြန်မာနိုင်ငံ၊ မြန်မာလူမျိုးဆိုတာကတော့ အဲဒီသတင်းကို ကျမတို့ကန့်ကွက်တယ်။ တိကျမှန်ကန်တဲ့သတင်းဖော်ပြချက်ကိုသာ ဖော်ပြပေးပါရန် The Straits Times သတင်းစာကို အမတို့တောင်းဆိုထားတယ်။

ကို သားညွှန့်ဦး။ ။ အဲဒီတော ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီးတော့ မှန်၏၊ မမှန်၏ ကော သံရုံးအနေနဲ့ဘာများ စုံစမ်းစစ်ဆေးမှုလုပ်တာရှိပါသလဲ။

ဒေါ်ထွေးထိပ်တင်လွင်။ ။အခုကျနော်တို့ စုံစမ်းစစ်ဆေးတာကတော့ နယ်မြေရဲစခန်း သူတို့ဆီက detail report တောင်းထားပါတယ်။

ကို သားညွှန့်ဦး။ ။ ဟုတ်ကဲ့အဲဒါဖြစ်နိုင်ခြေ ဘယ်လောက်ကြားရပါသလဲ၊ သိရပါသလဲခင်ဗျ

ဒေါ်ထွေးထိပ်တင်လွင်။ ။ကျနော်တို့အဲဒါတော့ သူတို့ report ကိုပဲ ကြည့်ရမှာပါရှင့်။

ကို သားညွှန့်ဦး။ ။အရင်တုန်းကရော အလားတူ မြန်မာမိန်းကလေးတွေကို ပြည့်တန်ဆာလုပ်ငန်းမှာ

ဒေါ်ထွေးထိပ်တင်လွင်။ ။မရှိပါဘူး။ ကျနော် ကောင်စစ်လုပ်ငန်း ၃ နှစ်သာလုပ်နေတဲ့အတွင်းမှာ မြန်မာ မိန်းကလေးတွေ ဒီပြည့်တန်ဆာလုပ်ငန်းမှာ ဖမ်းဆီးခြင်း၊ အရေးယူခြင်း၊ deportation လုပ်ခဲ့တာ မရှိခဲ့ပါဘူး။”

အခုလို The Straits Times မှာ မြန်မာအမျိုးသမီးတွေ ပြည့်တန်ဆာလုပ်ငန်းမှာ ပါဝင်တယ်ဆိုတဲ့ သတင်းအပေါ် စကာၤပူမှာ ရှိတဲ့ မြန်မာနိုင်ငံသားတွေမှာ မြန်မာနိုင်ငံလို့ နိုင်ငံနဲ့ချီ အမည်တပ်ရေးသားတဲ့အတွက် သတင်းဖော်ပြမှုအပေါ်မှာ မကျေနပ်မှုတွေရှိပါတယ်။

သတင်းရေးသားဖော်ပြမှုတွေနဲ့ ပတ်သက်ပြီး ဥပဒေ စည်းမျဉ်းစည်းကမ်း တင်းကျပ်လှတဲ့ စင်ကာပူနိုင်ငံလိုမျိုးမှာတော့ The Straits Times သတင်းစာဘက်က ခိုင်လုံမှု တစုံတရာ ရှိနိုင်တယ်လို့ယူဆပေမဲ့ အခုလို မြန်မာနိုင်ငံလို့ အမည်တပ်ရေးသားမှုအပေါ်မှာတော့ ဒီ့ထက်ပိုပြီး ရှင်းလင်းတိကျတဲ့ဖြေရှင်းမှု ရှိသင့်တယ်လို့ စင်ကာပူနိုင်ငံက မြန်မာနိုင်ငံသားတဦးဖြစ်တဲ့ ကိုကျော်စွာကတော့ မြင်ပါတယ်။

“ဒီဘက်မှာကလည်း ကျနော်သိသလောက်ဆိုရင်သူတို့က ရှင်းရှင်းပြောရင်အမရယ် ဘယ်မှမသေချာပဲနဲ့ ဘာမှ လုပ်လို့မရဘူး ဒီဘက်မှာက။ သူတို့အဲဒီလိုမျိုးရေးလိုက်တော့ သူတို့ဆီမှာသေချာတာရှိလို့လား၊ ဒါမှမဟုတ်ရင် မရှိဘူးဆိုရင်တောင်မှာ ဘာလုပ်ချင်လို့သူတို့ရေးတာလဲပေါ့နော်။ ဖြစ်နိုင်ခြေလို့သူတို့ကရေးလိုက်တယ်။ အဲဒီရေးလိုက်တဲ့ဟာကို ကျနော်တို့က သိချင်တာ။ ဘာကြောင့်သူတို့က ဖြစ်နိုင်ခြေလို့ရေးတာလဲ၊ သူဘာတွေတွေ့လို့လဲ၊ သူ့မှာဘာတွေရှိလို့ သူက ဖြစ်နိုင်ခြေလို့ရေးတာလည်းပေါ့နော်”

ပရဟိတလုပ်ငန်းဆောင်ရွက်သူ စင်ကာပူနိုင်ငံက မြန်မာနိုင်ငံသားတဦးဖြစ်တဲ့ ကိုမျိုးလွင်ဦးကတော့ အခုလိုသတင်းဖော်ပြမှုအပေါ် မြန်မာနိုင်ငံသားတယောက်အနေနဲ့ စိတ်မသက်မသာဖြစ်ရသလို စင်ကာပူမှာ မြန်မာနိုင်ငံသားတွေ ဒုက္ခတွေ့နေတယ်ဆိုရင် လိုအပ်တာတွေကို ဝိုင်းကူညီဆောင်ရွက်ပေးဖို့အသင့်ပါပဲလို့ ပြောပါတယ်။

“မသေချာဘူးလေအမရယ်။ သူကမြန်မာနိုင်ငံသားဖြစ်ချင်လည်းဖြစ်မယ်၊ မဖြစ်ချင်လည်းမဖြစ်ဘူး။ ဒါပေမယ့်အခုလက်ရှိ သူက Straits Times မှာဖော်ပြတယ်ဆိုတော့ သူက Straits Times ဆိုတာက နိုင်ငံတခုကို ပုတ်ခတ်စော်ကားသလိုဖြစ်သွားပြီလေ။ အဲဒါကြောင့်သူတို့မှာ အနည်းဆုံးသက်သေအထောက်အထားရှိလိမ့်မယ်လို့တော့ ကျနော်ထင်တယ်။”

အရင်ကလည်း ဒီ Punggol ပန်းခြံမှာ နိုင်ငံခြားသား အလုပ်သမားတွေကို ဥပဒေမဲ့ လုပ်ရပ်တွေ၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေ ရှိခဲ့တဲ့အတွက် စကာၤပူ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ဘူးပါတယ်။ ။ အခုလည်း အဲဒီဒေသမှာ တရားမဝင် ဖြတ်ကျော်မှုနဲ့ လူရှစ်ယောက်ကို ဖမ်းဆီးထားတဲ့အကြောင်း ရဲတပ်ဖွဲ့ ပြောတာကို ကိုးကားပြီး The Straits Times သတင်းစာမှာ ရေးသားထားပါတယ်။ ဖမ်းဆီးထားတယ်ဆိုတဲ့ ရှစ်ယောက်ထဲမှာ မြန်မာနိုင်ငံသားပါဝင်ခြင်းမရှိဘူးလို့ စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးဘက်က ဗွီအိုအေကိုပြောဆိုထားပါတယ်။

XS
SM
MD
LG